Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးနေ့ကိတ် – BurmeseHearts

မွေးနေ့ကိတ်

0

နာမည်ကြီးကိတ်မုန့်ဆိုင်ကို ကျောတဝက်အရှည် ဆံပင်ဖြောင့်ဖြောင့်နဲ့ ဖြူသွယ်သွယ် သေးညှက်ညှက် (၁၉) နှစ်အရွယ် ကောင်မလေးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို ကိတ်မှာသည်။ ဆိုင်ရှင်က ကိတ်မုန့်အမျိုးအစားမေးတော့ သူမက ချောကလက်မဖြစ်ရင်ပြီးရော ကောင်းမယ်ထင်တဲ့ ကိတ်မုန့်အမျိုးအစားသာ လုပ်ပေးဟုဆိုပြီး မရဲတရဲဖြင့် စာတန်းထိုးပေးလို့ရမလားဟုမေးသည်။

“Love with S & T”

သူမ ချရေးထားသော စာကြောင်းကရိုးရိုးလေး။ ဆိုင်ရှင်ကို ကိတ်မုန့်ပေါ်ရေးချင်သည့် စာကြောင်းချရေးပြီး မျက်နှာလေးနီစွေးကာ မနက်ဖန်(၁)နာရီ ဆက်ဆက်လာယူမယ်ဟု ကမန်းကတန်းပြောပြီး သူမက ကသုတ်ကရက်ထွက်သွားသည်။

မွေးနေ့ကိတ်အား လာယူပါပြီ။ မနေ့က ဖြောင့်စင်းသောဆံပင်များမှာ အောက်ဖျားတွင် ဆံပင်ခွေခွေများအဖြစ်ပြောင်းလဲသွားသည့် ကောင်မလေးက မနေ့ကလို မျက်နှာပြောင်လေးမဟုတ်တော့။ နှုတ်ခမ်းနီ ပန်းဆီရောင်ဆိုးထားပြီး ဘလောက်စ်အင်္ကျီအဖြူ မပွတပွခါးတင်လေးနှင့် ပန်းရောင်ဖျော့ဖျော့ထမိန်ကို ၀တ်ထားကာ ပန်းနုရောင်ဒေါက်ဖိနပ်လေးနှင့် မွေးနေ့ကိတ်ကို ကပျာကယာလာရွေးသည်။

ငှက်ပျောသီးကိတ်မုန့်ကို အဖြူရောင်ခရင်မ်နှင့် အုန်သီးမှုန့်များဖြူးထားသည့် ကိတ်မုန့်ပေါ်တွင် “Love with S & T” ဟု စတော်ဗယ်ရီဂျမ်ဖြင့် ထိုးထားသည့် ကိတ်မုန့်ကိုမြင်တော့ သူမမျက်နှာလေး ၀င်းပသွားကာ ဆိုင်ရှင်အားကျေးဇူးတင်စကား အထပ်ထပ်ဆိုပြီး Taxi ငှားထွက်သွားသည်။

ပန်းခြံတစ်ခုနား ကောင်မလေးက Taxi ကို ရပ်ခိုင်းကာ လူသွားစင်္ကြံတွင် ရပ်စောင့်နေသည်။ မတ်လကြီးထဲ နေ့လည်(၁)နာရီ နေပူပူအောက်တွင် ပြင်ပြင်ဆင်ဆင်ကောင်မလေးက ကိတ်မုန့်ဗူးကို မစောင်းသွားရအောင် သတိနဲ့ရင်ခွင်ထဲ လက်တစ်ဖက်က ထွေးပိုက်ထားရင်း နောက်တစ်ဖက်ကလဲ ကျလာသောချွေးများသုတ်ရင်းဖြင့် လာမည့်ကားများကို မျှော်ကြည့်နေသည်။ သူမမျှော်နေတုန်း Town Ace ကား အ၀ါရောင်တစ်စီး သူမနား ထိုးစိုက်လာသည်။

“သတိုးကလဲဟာ စောင့်လိုက်ရတာ။ ကိုယ့်ချစ်သူမွေးနေ့လေးကို အချိန်မီမလာနိုင်ဘူး။”

သတိုးဆိုသည့် ကောင်မလေးချစ်သူက ကောင်မလေးကို မြင်တာနှင့် မှုန်ကုပ်ကုပ်ကြည့်ကာ

“ဒါကဘယ်လိုဖြစ်လာတာလဲ။”

“ဘာဖြစ်လာလို့လဲ။ ကဲပါ တံခါးအရင်ဖွင့်ပေး။ နင့်တံခါး ငါမဖွင့်တတ်တော့ဘူး။”

လက်တစ်ဖက်က ကိတ်မုန့်စောင်းမသွားအောင်ထိန်းထားသည့်ကောင်မလေးက ကိုင်းမရှိသည့် ပြင်လက်စဖြစ်ဟန်တူသော ကားတံခါးကို ဖွင့်မရပေ။ သတိုးဆိုသည့် ကောင်လေးက နေပူကြီးထဲ ရပ်စောင့်နေရတဲ့ ကိုယ့်ချစ်သူကို ပြောမှ ဆောင့်ကြီးအောင့်ကြီး ကားတံခါးဆွဲဖွင့်ပေးသည်။

တံခါးဖွင့်လိုက်၍ မြင်လိုက်ရသည့် မြင်ကွင်းက ပိုဆိုး … တကားလုံး ထိုင်ခုံဆို၍ မောင်းသူ၏ ခုံတစ်ခုပဲရှိပြီး စက်ဆီ၊ မူလီ စသဖြင့် ကားပြင်သည့်ကိရိယာများက ကားအတွင်းပြန့်ကျဲနေရာယူထားသည်။ ပြင်လက်စ ကားကို အပြီးမသတ်သေးဘဲ ၀ပ်ရှော့မှ ဆွဲယူလာသလို တစ်ကားလုံး ညစ်ပတ်၍ပွစကြဲနေသည်။

“ငါဘယ်မှာ သွားထိုင်ရမှာလဲ။ စိတ်ညစ်စရာကြီး။”

“နင့်ဘာသာ အဆင်ပြေသလိုထိုင်။ တကယ်ပဲ မအားပါဘူးဆိုမှ အတင်းလာခိုင်းတာကိုး။”

ကောင်မလေးက ကိတ်မုန့်သယ်လာသော ကျွတ်ကျွတ်အိတ်ကိုခင်းပြီး ကျုံ့ကျုံ့လေးထိုင်လိုက်ကာ ကိတ်မုန့်ကိုလဲ စောင်းမသွားရအောင်ထိန်းရင်း ကောင်လေးစကားကို နှုတ်ခမ်းမစူတစူနှင့် ချေပသည်။

“ဘာအတင်းလာခိုင်းတာလဲ။ ဒီနေ့က ငါ့မွေးနေ့မို့ ဒီနေ့၊ ဒီအချိန်တွေ့မယ်လို့ တစ်ပတ်လောက်ကြိုချိန်းထားတာ။ နင်က နီးမှကပ်ဖြုတ်တာ။ ငါက ငါ့မွေးနေ့ကို နင့်ဆီက ဘာမှမလိုချင်ပါဘူး။ ငါ့ဘာသာတောင် နင်နဲ့အတူစားဖို့ ကိတ်မုန့်မှာယူလာသေးတယ်။”

“မစားချင်ပါဘူး။ နင့်ဘာသာနင်စား။ ပြင်ထားတာလဲ ကြက်မကြီးကျနေတာပဲ။ ရှိတဲ့ရုပ်တောင်ပျက်တယ်။ ဆံပင်က ဘယ်လိုဖြစ်တာလဲ။ နင့်ကို ဘယ်သူကောက်ခိုင်းလို့လဲ။ ဒီကပြန်ရင် ချက်ချင်းပြန်ဖြောင့်။ ဖြောင့်ပြီးမှ ပြန်တွေ့မယ်။ မဖြောင့်ပြီးမချင်း ငါ့တွေ့ဖို့မပြောနဲ့။”

သတိုးဆိုတဲ့ကောင်လေး စပြောကတည်းက နားဝင်ချိုသည့်စကား တစ်ခုမှမပါ။ သူ၏ချစ်သူမွေးနေ့ဆိုတာ သတိမှရပါလေစ။ ကောင်မလေးပြင်ထားသည်မှာလဲ အလွန်အကျွံတော့လဲမဟုတ်ပါ။ နှုတ်ခမ်းနီလေးနှင့် ဆံပင်အဖြောင့်က အကောက်ပြောင်းသွားတာလောက်ပါပဲ။ တကယ်မလှလျှင်တောင် ကိုယ့်ချစ်သူမွေးနေ့ တကူးတကပြင်လာသည့် သူမအား ဟန်ဆောင်ပန်ဆောင် လှတယ်ဟုပြောလိုက်လျှင် ဘာဖြစ်သွားမှာလဲ။ အခုတော့ ကားမောင်းကြမ်းသည့် သတိုးကားပေါ်ဝယ် ကိုင်စရာလဲမရှိ၊ ကိတ်မုန့်လဲထိမှာ စိုးနေသည့် သူမကိုယ်သူမ အနိုင်နိုင်ထိန်းရင်း သတိုး၏ ရှုံချစကားများကြောင့် နှုတ်ခမ်းကိုက် ခေါင်းကြီးငုံ့လို့ တိတ်နေသည်။

“အခု ဘယ်ပို့ပေးရမှာလဲ။”

“အေးဆေးထိုင်လို့ရတဲ့နေရာမှာ ကိတ်မုန့်သွားခွဲစားရင်း စကားပြောရအောင်လေ။”

“နင့်ငါပြောပြီးပြီ။ မစားချင်ဘူး။ နင့်ဘာသာနင်စားဆိုတာ နားမလည်ဘူးလား။ စားလဲမစားချင်ဘူး။ စားဖို့လဲအချိန်မရှိဘူး။ နင့်ကို နင်သွားချင်တဲ့နေရာချခဲ့ပြီး ၀ပ်ရှော့ပြန်သွားရမယ်။ ဒီကားက ဒီနေ့ပြီးမှဖြစ်မယ်။ နောက်နေ့တွေကူးဖို့ငါမအားဘူး။”

“ဒါဆို ဒီကိတ်မုန့်က ငါဘာလုပ်ရမှာလဲ။”

“နင့်အိမ်ယူသွားလိုက်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့စားစား။ စားချင်တဲ့သူနဲ့စားဟာ။”

“ငါက နင်နဲ့စားဖို့ တကူးတကမှာထားတာ။ သူများနဲ့ မစားချင်ပါဘူး။”

ကောင်မလေး၏ နောက်ဆုံးစကားသံများ တိမ်ဝင်သွားသည်။ မိမိချစ်သူနှင့် မိမိနာမည်အတိုကောက်ရေးထားသည့် မွေးနေ့ကိတ်မဟုတ်သည့် အချစ်ကိတ်ကို ဘယ်မွေးနေ့ရှင်က တခြားသူနဲ့ တွဲစားချင်မှာလဲ။

သတိုးက စားဖို့နေနေသာသာ ကိတ်မုန့်ကို ငဲ့၍ပင်မကြည့်။ စိတ်မ၀င်စားတော့ ဖွင့်ပြခိုင်းဖို့ဆိုတာ အဝေးကြီး။ ကောင်မလေးက စိတ်ထိခိုက်သွားတာကို သတိုးသိမှာစိုးသလို ခေါင်းကိုဆံပင်ရှည်များနှင့် ငုံ့ချကွယ်ကာ ကိတ်မုန့်ဗူးကို ငုံ့ကြည့်နေသည်။

“နင်မစားချင်ရင် သူများပေးလိုက်ပါလား။”

“ပေးလို့မဖြစ်ဘူး။”

ဒီစာတန်းကြီးနဲ့ဟာ ဘယ်သူ့သွားပေးလို့ကောင်းပါ့မလဲ။ မွေးနေ့ကိတ် သွားပေးတယ်ဆို တော်သေးတာပေါ့။

“ကဲ … ပေးလို့မှမဖြစ်လဲ လွှင့်သာပစ်လိုက်တော့ဟာ။”

“တကယ်လွှင့်ပစ်ရမှာလား။”

သတိုးအပြောကြောင့် ဆတ်ခနဲ ခေါင်းထောင်လာသည့် ကောင်မလေးက ခံပြင်းလာသလို သတိုးကိုစေ့စေ့ကြည့်ပြီးမေးသည်။

“အင်း လွှင့်ပစ်လိုက်။”

“ကောင်းပြီလေ။ ဒါဆို ဘယ်မှာလွှင့်ပစ်ရမလဲ။”

“ကြိုက်တဲ့နေရာမှာ လွှင့်ပစ်။”

“အဲဒါဆိုကားကို အခုရပ်လိုက်။ ဒီမှာပဲ လွှင့်ပစ်လိုက်မယ်။”

ကောင်မလေးက ငိုသံတ၀က်တပျက်နဲ့ မျက်ရည်ဝိုင်းလာကာ သတိုးမမြင်အောင် မျက်နှာကို ဆံပင်ခွေခွေများဖြင့် ခေါင်းကိုငုံ့ချကာထားသည်။

ကားက ကျွိခနဲ ဘရိတ်ဆောင့်အုပ်တော့ ကောင်မလေးက ကိတ်မုန့်ပုံမပျက်သွားရအောင် လက်တစ်ဖက်က ကိတ်မုန့်ဗူးကိုထိန်းရင်း လက်တစ်ဖက်က ရှေ့က ကားဘိုင်ဘာကို လက်ဖြင့်ထိန်းထောက်၍ ဟန်ချက်ထိန်းသည်။ ပြီးမှ ကားတံခါးကို ဆွဲဖွင့်၍ လမ်းဘေးပလက်ဖောင်း၌ ကိတ်မုန့်ဗူးကိုသွားချသည်။

နေ့ခင်းကြောင်တောင် အသွားအလာရှင်းနေသည်မို့ ကောင်မလေးက ကိတ်မုန့်ဗူးကို ဖွင့်ထားကာ တခဏမျှ ကိတ်မုန့်ဗူးကိုကြည့်ပြီး မျက်ရည်ပေါက်ကြီးများကျလာသည်။ သတိုးကတော့ ဒီစာကြောင်းကိုမြင်ရမည်မဟုတ်။ ကောင်မလေးက ကိုယ်ဖြင့်ကိတ်မုန်ဗူးကို ကာထားသည်။ ပြန်လှည့်သွားမလိုလုပ်ပြီးမှ ကောင်မလေးက ကိတ်မုန့်ဗူးကို စိတ်မပြတ်ဟန်ဖြင့် ကားလမ်းမှဖုန်တွေ ၀င်လာမည်ဆိုးသလို လမ်းမဘက်ကို ကိတ်မုန့်ဗူးခွံဖြင့် ပြန်ကာထားကာ ကားပေါ်ပြန်တက်ထိုင်သွားသည်။

ကားထွက်တော့ ကောင်မလေးက ချထားခဲ့သောကိတ်မုန့်ကို နှုတ်ဆက်သလို တစ်ချက်ငေးကြည့်၍ ကျလာသော မျက်ရည်များကို သတိုးမမြင်အောင် ဆံပင်ကွယ်သုတ်သည်။

“အခု ဘယ်ပို့ပေးရမှာလဲ။”

“ဒီနဲ့ အနီးဆုံး ဘုတ်ဘုတ်တို့အိမ်ပဲ လိုက်ပို့။”

ကိတ်မုန့်မှာလျှင် စာတမ်းထိုးပေးမှန်းမသိတဲ့ ကောင်မလေးကြောင့် ဒီမွေးနေ့ဟာ သတိုးနှင့် အတူကျင်းပမည့် ကောင်မလေး၏ ပထမဆုံးမွေးနေ့ဆိုတာ သိသာလွန်းသည်။ ပထမဆုံးချစ်သူမွေးနေ့ကို ဒီလောက်ထိ အကျည်းတန်အောင် သတိုးမလုပ်သင့်ဟုဆိုလျှင် မှားလေမလား။

မိမိ၏မွေးနေ့မှာ မိမိချစ်သူနှင့်စားမည့် မွေးနေ့ကိတ်မဟုတ်သည့် အချစ်ကိုယ်စားပြုကိတ်ကို မိမိဘာသာသီးသန့်မှာ၊ ထိုကိတ်မုန့်ကို မိမိဘာသာပဲ ချစ်သူအလိုကျ လမ်းဘေးတွင် စွန့်ပစ်ရဲသည်အထိ လိုက်လျောချစ်နိုင်စွမ်းသော  ကောင်မလေးကို သနားမိသည်။

ချစ်သူပြောစကား အလိုမကျပေမယ့်လည်း သည်းခံလိုက်လျောတတ်သည့် ထိုကောင်မလေး မျက်ရည်များကို ဆံပင်သပ်သယောင်ဖြင့် ခိုးသုတ်နေသည်။ ကားက တိုက်ခန်းတွဲတစ်ခုရှေ့တွင် ဘရိတ်ပြင်ပြင်းအုပ်ကာ ရပ်သွားသည်။ ကောင်မလေးက နှုတ်ဆက်စကားမဆိုဘဲ ကားပေါ်မှဆင်း၍ တိုက်ခန်းတွဲပေါ် အပြေးတက်သွားသည်။

ကားကလဲ လိုတာထက်ပို၍ လီဗာနင်းကာ ကတ္တရာနှင့် ကားဘီးပွတ်သံပြင်းပြင်းဖြင့် ဆူညံစွာထွက်သွားသည်။ ကားထွက်သွားသံကြားသည်နှင့် ကောင်မလေးမှာ ရောက်နေသည့်လှေကားတွင် အားပြတ်သွားသလို ပုံခနဲထိုင်ကျသွားပြီး လှေကားသံပန်းတွင် ခေါင်းမှေးတင်ကာ ချူံးပွဲချငိုတော့သည်။

လှေကားအတက်အဆင်းလူများ၏ စူးစမ်းသောအကြည့်ကို ကောင်မလေးဂရုမစိုက်နိုင်။ သူမ တကူးတကပြင်လာသော အလှပျက်မှာလည်း ဂရုမစိုက်နိုင်။ သူမ၏ပန်းရောင်နုနု ထမိန်ပေကျံသွားမှာလဲ ဂရုမစိုက်နိုင်။ သူမ၏နှလုံးသားနုနု ငိုရင်းပဲ့ကြွေနေတာလည်း ဂရုမစိုက်နိုင်။ တိုက်ခန်းလှေကားမှာ ပဲ့တင်နေသော ရှိုက်သံများက သူမမွေးနေ့ကို အဖော်ပြုလျှက်…….

ဥသြမေ (Burmesehearts.com)

You might also like