Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖောက်ပြန်တတ်သူများ – BurmeseHearts

ဖောက်ပြန်တတ်သူများ

0

ဖောက်ပြန်တတ်သူများလို့ဆိုလိုက်ရင် အိမ်ထောင်ရေးလားလို့ တန်းမြင်မိတယ်။ တကယ်တော့ သမီးရည်းစားတွေထဲမှာ ဖောက်ပြန်တတ်တဲ့သူတွေရှိတယ်။ လူမှုဝန်းကျင်မှာ အကျင့်မစောင့်ထိန်းသူတွေဟာလည်း ဖောက်ပြန်တတ်သူတွေပါပဲ။ တကယ်တော့ ဖောက်ပြန်သူတွေဟာ သူတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မစောင့်ထိန်းကြလို့ ဖော်ပြန်သူတွေလို့ နာမည်တပ်ခံရတာပါ။ တစ်ကြိမ်မက ဖောက်ပြန်တတ်သူတွေကိုတော့ အကြိမ်ကြိမ် ဖောက်ပြန်တတ်သူတွေအဖြစ် အယုံအကြည်ကင်းမဲ့လာတတ်ကြပါတယ်။

ဟိုးအရင် ကျွန်မတို့ငယ်ငယ်တုန်းက ဖောက်ပြန်တတ်သူတွေ အများစုဟာ လူလတ်ပိုင်းကနေ လူကြီးပိုင်းတွေ ဖြစ်ကြပါတယ်။ အခုမြင်ရ ၊ ကြားရတာတွေမှာ အပျိုဖော်ဝင်စ ၊ လူပျိုဖော်ဝင်စ အရွယ်လေးတွေပါ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာကို မစောင့်ထိန်းဘဲ ပျော်ပျော်ကြီး ဖောက်ပြန်နေကြတာ မြင်နေရတော့ စိတ်မကောင်းဘူး။ လူရယ်လို့ လူတောထဲတိုးမယ်မကြံသေးဘူး လူ့ကျင့်ဝတ်ကို မထင်မဲ့မြင်ပြုနေကြတာ လူမှုဝန်းကျင်ကြီး ဖောက်ပြန်ပျက်စီးဖို့ ဖြစ်နေတော့တာပဲ။

ကောင်းမွန်တဲ့ လူမှုဝန်းကျင်ကြီးဖြစ်ဖို့ဆိုရင် လူရယ်လို့ ဖြစ်လာတဲ့ ကလေးအရွယ်မှာကတည်းက လူကြီးမိဘတွေဟာ စံပြကျင့်ဝတ်တွေကို သင်ပြပြောဆိုမယ် ၊ ကိုယ်တိုင်ကလည်း ကလေးအတွက် စံပြဖြစ်အောင် မဖောက်မပြန် အကျင့်စောင့်ထိန်းပြီးနေထိုင်မယ် ၊ ကလေးကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ တွေ့မြင်ရာ ရုပ်မြင်သံကြား ၊ ကာတွန်း ၊ ရေဒီယို အစရှိတဲ့ဇတ်လမ်းတွေမှာလည်း ကျင့်ဝတ်စောင့်ထိန်းမှုကို အသားပေးတဲ့ ဇတ်လမ်းတွေ တင်ဆက်ပြသမယ်ဆိုရင် အတုမြင်အတတ်သင်တတ်တဲ့ ကလေးဟာ ကောင်းမွန်တဲ့ကျင့်ဝတ်တွေကို စောင့်ထိန်းရမယ်လို့ ပမာဏ သင်ယူသွားပါတယ်။

ဒီကတဆင့် ကျောင်းနေအရွယ် ရောက်လာမယ်။ ကျောင်းမှာ ပို့ချတဲ့သင်ခန်းစာတွေဟာ လူ့ကျင့်ဝတ်ကို ကောင်းမွန်စွာသင်ကြားပေးနိုင်ပြီး ဒီကျင့်ဝတ်စောင့်ထိန်းခြင်းရဲ့ ကောင်းကျိုးတွေကို သင်ပြနိုင်မယ် ၊ သင်ကြားတဲ့ ဆရာ နဲ့ ဆရာမတွေကလည်း စံပြအနေနဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းမယ်ဆိုရင် ဒီကလေးရဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့ ကျင့်ဝတ်တွေ စောင့်ထိန်းတတ်လာဖို့ ဒုတိယအဆင့် အောင်မြင်လာပြီပေါ့။

အတန်းတွေရလာတာနဲ့အမျှ အရွယ်တွေရလာတဲ့ ကလေးအရွယ်ကနေ လူငယ်လေးတွေ ဖြစ်လာသူတွေ ကျင်လည်တဲ့ ပတ်ဝန်းကျင်ဟာလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါပြီ။ ဒီလိုကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကျင့်ဝတ်စောင့်ထိန်းသူတွေများရင် ကလေးဘဝကတည်းက ကျင့်ဝတ်စောင့်ထိန်းဖို့ ကျင့်သားရလာတဲ့လူငယ်လေးဟာ သူ့လုပ်ငန်းခွင်မှာ ၊ သူကျင်လည်ရာ လူမှုဝန်းကျင်မှာ ကျင့်ဝတ်စောင့်ထိန်းသူတစ်ယောက် ဖြစ်လာမှာပါ။

အခုတော့လေ …. ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုတာကို လက်စွဲကိုင်တဲ့ ဖခင်နဲ့ သူများအိမ်ထောင်ဖြိုခွဲပြီး မိမိအိမ်ထောင် တည်ထောင်ခဲ့တဲ့ မိခင်တွေရဲ့ သားသမီးဟာ နေ့တဓူဝ ကြားနေ ၊ မြင်နေရတဲ့ သူ့မိဘတွေရဲ့ တနေ့တာကဏ္ဍ ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြောစကားတွေ ၊ ရုပ်မြင်သံကြားတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေ ၊ မြင်နေနိုင်တဲ့ ဖောက်ပြန်ခြင်း ဇတ်လမ်းများ ၊ ပတ်ဝန်းကျင်က ဖောက်ပြန်ကြသူတွေရဲ့ အကြောင်းတွေနဲ့ ကျင့်သားရပြီး လူဖြစ်လာရတယ်။

ကျောင်းတက်တဲ့အခါ ငွေမျက်နှာလိုက်တတ်တဲ့ ဆရာ ၊ ဆရာမတွေနဲ့ တွေ့ဆုံလာတဲ့အခါ ၊ ကျောင်းသွားကျောင်းပြန် ကားစီးရင်း အောက်ဆိုဒ်တောင်းကြတဲ့ မော်တော်ပီကယ်တွေကို စမြင်တွေ့အတုယူလာပြီး အောက်ဆိုဒ်(အပိုဝင်ငွေ)ဆိုတဲ့စကားမှာ စိတ်ဝင်စားလာတယ်။ အပိုဝင်ငွေရှိရင် ပိုအဆင်ပြေတယ်လို့ သူဟာ ယုံကြည်လာပြီး ကျင့်ဝတ်စောင့်ထိန်းဖို့ထက် ငွေဝင်ကောင်းဖို့ဆိုတာကို သင်ယူလာပါတယ်။

ဒီလိုစိတ်နဲ့ အရွယ်ရလာတဲ့ကလေးတွေ အရွယ်ရောက်လာတဲ့အခါ မြင်ရ ၊ ကြားသိခဲ့ရတဲ့ အသိ ၊ အတတ်ပညာတွေ (ဖောက်ပြန်ခြင်းအတတ်တွေ)ကို လက်တွေ့ကျင့်သုံးဖို့ အားခဲနေပြီပေါ့။ အိမ်ကပံ့ပိုးပေးနိုင်တဲ့ငွေနဲ့ မလောက်တဲ့အခါ အောက်ဆိုဒ်ရှာတဲ့အနေနဲ့ သင်ခဲ့တဲ့ အတတ်ပညာတွေကို ထုတ်သုံးတတ်လာတယ် ။ ရလဒ်က လူဆင်းရဲနဲ့ လူလတ်တန်းစား အရွယ်ရောက် မိန်းကလေးတချို့ဟာ Sponsor နဲ့ Sugar Daddy ဆိုတဲ့ စကားလုံးတွေကို စိတ်ဝင်စားလာတယ်။ အရွယ်ရောက်ယောကျာ်းလေးတွေကလည်း အားကိုးလောက်တဲ့ မမတွေဆို လာထားပဲ။ တချို့က အကြိမ်ကြိမ် မတွဲရ ၊ မသုံးရလဲနေ တခါအိပ်ပြီး တခါရလာတဲ့ ဝင်ငွေဆိုတာ မက်မောရင်း အရွယ်မတိုင်ခင်မှာ ကြေးစား ဖြစ်မှန်းမသိ အိမ်မုန့်မိုးအပြင်ဘက်က အောက်ဆိုဒ်ရှာလာတော့တယ်။

မိန်းမပျိုလေးတစ်ယောက်အနေနဲ့ တန်ဖိုးထားစရာဆိုတဲ့ အပျိုစင်ဘဝကို လက်တည့်စမ်းသူနဲ့ပဲဖြစ်ဖြစ် ငွေကြောင့်ပဲဖြစ်ဖြစ် အပျိုရည်ပျက်သွားပြီးတဲ့အခါမှာ ဘာမက်မောစရာရှိသေးလို့လဲ။ ကိုယ်တိုင်က မသုံးနိုင်တဲ့ဘဝ ၊ လှချင်တဲ့အရွယ် ၊ ဝတ်စားချင်တဲ့စိတ်တွေက မြင် ၊ ကြား ၊ သင်ယူခဲ့တဲ့ ဖောက်ပြန်ခြင်းအတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ “ကျင့်ဝတ်စောင့်ထိန်းရတယ်ဆိုတာ ပုံပြင်ထဲမှာလားဟင်” လို့ ထင်လာကြတယ်။ ယောကျာ်လေးတွေကလည်း ယောကျာ်းပဲ ကျားဆိုတာ အသားမရှောင်ဘူးဆိုတဲ့စကားနဲ့ လွယ်လွယ်လေး ကျင့်ဝတ်ဖောက်ပြန်တတ်လာတယ်။

အပျိုရည်ပျက်ပြီးသားဖြစ်တဲ့ ကလေးမလေးတွေဟာ ငယ်ရွယ်တဲ့ အသက်ကလေး ၊ နုနယ်တဲ့ရုပ်ကလေး ဗန်းပြလို့ တပွဲထိုးပဲဖြစ်ဖြစ် ၊ ဘဝတသက်တာ အားကိုးလောက်စရာလူကိုပဲဖြစ်ဖြစ် ၊ ငွေတောင့်တင်းသူတွေကိုပဲဖြစ်ဖြစ် ပိုင်းခွင့်ရဖို့ အာရုံစိုက်လာကြတယ်။ ဒီလိုကလေးမလေးတွေ နှောင့်ယှက် ဖောက်ပြားခဲ့လို့ စိတ်မထိန်းနိုင်တဲ့ (ယောကျာ်းကောင်းမောင်းမတထောင် ခံယူထားတဲ့) လူငယ် ၊ လူလတ်အမျိုးသားတွေဟာလည်း ဖောက်ပြန်မှုမှာ သာယာလာကြတယ်။ ဒီကောင်ကလေးတွေ ၊ အမျိုးသားတွေရဲ့ ဖောက်ပြန်ခြင်းခံခဲ့ရတဲ့ စာရိတ္တကောင်းမွန်ပြီး ကျင့်ဝတ်စောင့်ထိန်းတဲ့ မိန်းကလေးတွေ ၊ ကောင်မလေးတွေဟာ ဖောက်ပြန်ခြင်း ခံရပါများလေ အမျိုးသားတွေကို အယုံအကြည်မဲ့လာလေ ဖြစ်လာတယ်။

BurmeseHearts Blog

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ကြတဲ့ဇတ်လမ်း (စာရိတ္တပျက်သူချင်း ဖောက်ပြားကြတဲ့ ဇတ်လမ်း)မှာ စာရိတ္တကောင်းမွန်သူတွေရဲ့ ခံစားချက်တွေဟာ ပွန်းပဲ့နာကျင်ပြီး ဒဏ်ရာနက်နက်ရသွားတဲ့အခါမှာ စိတ်မခိုင်သူတွေက ငါလည်း ဖောက်ပြားမယ် ၊ သူတစ်ယောက်တွဲ ငါနှစ်ယောက်တွဲမယ်ဆိုတာတွေ ဖြစ်လာတယ်။ ဒီလိုစိတ်ဖြစ်တာဟာ ခံစားချက်ကို ဦးစားပေးဖြစ်ပေါ်လာတာမို့ ဒီလုပ်ရပ်ဟာ ကိုယ်နစ်နာဖို့ပဲ ဖြစ်တယ်လို့ မစဉ်းစားမိတော့ဘူး။ မိန်းကလေးတွေ အိမ်ထောင်မကျခင် ဒီလိုလုပ်ရင် ကိုယ့်ရဲ့အပျိုဂုဏ်ရည်မှာ စွန်းထင်းလို့ နစ်နာတာပဲ။ အိမ်ထောင်ကျရက်နဲ့ ဒီလိုလုပ်ရင် ဖောက်ပြားတတ်သူလို့ စွန်းထင်းတာပဲ။ ကလေးရှိရက်နဲ့ ဒီလိုလုပ်ရင်တော့ ကျင့်ဝတ်ပျက်သူအဖြစ် ကိုယ်တင်စွန်းထင်းရုံမက ကလေးရဲ့စိတ်မှာလည်း အစွန်းအထင်းဖြစ်သွားပါတယ်။

ငယ်စဉ်ကတည်းက သင်ယူလာခဲ့တဲ့ အသိ ၊ အတတ် ၊ အတုမြင်အတတ်သင် ပညာတွေ ၊ မြင်တွေ့ ကြားသိရတဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ ၊ ရုပ်မြင်ဇတ်လမ်းတွေက လွှမ်းမိုးမှုတွေဟာ လူငယ်တွေရဲ့ စာရိတ္တကို စွန်းထင်းစေရုံမက လူလတ်ပိုင်းရောက်နေသူတွေနဲ့ လူကြီးပိုင်းတွေရဲ့ စာရိတ္တတွေ စိတ်ခံစားချက်တွေကိုလည်း ပျက်ပြားစေတယ်။

ကျောင်းပရဝုဏ်အတွင်းမှာလည်း သာယာမှုနောက်လိုက်ပြီး ဖောက်ပြန်ကြတယ် ၊ အလုပ်ခွင်ထဲမှာ နီးစပ်မှုယူပြီး ဖောက်ပြန်ကြတယ် ၊ လမ်းပေါ်မှာလည်း ပါးစပ်သရမ်းပြီး ညီမ ၊ အစ်မ ကိုယ်ချင်းစာ မထောက်ထားဘဲ စကားအသားယူလို့ လျှာအရသာခံကြတယ် ၊ အများသုံးယာဉ်တွေပေါ်မှာ ကားကြပ်တာ အခွင့်ကောင်းယူပြီး ကိုယ်ချင်းကပ် သာယာမှုရှာကြတယ်။ ဖောက်ပြန်တဲ့သူတွေများလွန်းတော့ ဥပဒေက ဖောက်ပြန်ခြင်းခံရသူတွေအတွက် ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်ဘူး။ ဥပဒေအတိုင်း လုပ်ဆောင်ပါတယ်လို့ ဆိုသူတွေကိုယ်တိုင်က ဥပဒေတွေကို ချိုးဖောက် ဖောက်ပြန်နေတာ အတိုင်းသား မြင်တွေ့ကြားသိကြတဲ့အခါ သူတို့ပြောနေတဲ့ ဥပဒေဆိုတာကို ဖောက်ပြန်သူတွေက မထင်မဲ့မြင်ပြုလာတယ်။

လူမှုကျင့်ဝတ်တွေဖောက်ပြန်တယ် ၊ အကျင့်စာရိတ္တတွေ ဖောက်ပြန်တယ် ၊ သီလတွေချိုးဖောက်တယ် ၊ လုပ်သင့်တာတွေ မလုပ်ကြဘဲ မလုပ်သင့်တာတွေ လုပ်ကြတယ် ။ မြန်မာနိုင်ငံမှာ ကျွန်မတို့ ငယ်ငယ်က ကြီးပြင်းလာခဲ့ရတဲ့ လူမှုဝန်းကျင်နဲ့ လူမှုကျင့်ဝတ် ၊ လူတွေရဲ့ အကျင့်စာရိတ္တဟာ ယနေ့အခြေအနေထက် အများကြီးသာနေတယ်။ အခုတော့ ပေါ်ပေါ်တင်တင်ဖောက်ပြန်မှုတွေ လုပ်နေတာ တွေ့လာရတယ် ၊ ရေလောင်းမှ အလုပ်ပြီးမြောက် မြန်ဆန်တာတွေလည်း ပေါ်တင်ပဲ ၊ ကဏ္ဍပေါင်းစုံမှာ လာဘ်စားသူတွေနဲ့ ဖောက်ပြန်သူတွေနဲ့လေ။ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို ဖောက်ပြားသူတွေ များနေတဲ့ခေတ်ထဲမှာ မဖောက်ပြားရင် ခေတ်မမီမှာစိုးလို့ မပြည့်စုံသူတွေက အနည်းဆုံးတော့ လာဘ်စားတဲ့ကျင့်ဝတ်ကလေး ဖောက်ပြားကြတယ်။ အရပ်အခေါ် အောက်ဆိုဒ်ရှာတယ်ပေါ့။

ပြည့်စုံသူတွေက အပျော်ရှာရင်းဖောက်ပြားကြတယ်။ မထူးဇတ်ခင်းသူတွေက ပျက်ပြီးသားစာရိတ္တတွေနဲ့ သူများချစ်ခြင်း ကွေကွင်းအောင် ဝင်နှောက်ကြတယ် ၊ သူများအိမ်ထောင် ပျက်ပြားအောင် ဝင်ဖျက်ကြတယ် ၊ မစောင့်ထိန်းတဲ့နည်းတွေနဲ့ သူများဥစ္စာ ကိုယ့်ဥစ္စာဖြစ်အောင် အမျိုးမျိုးကြိုးစားလာကြတယ်။

ဖောက်ပြားတတ်သူတွေများတဲ့ ကျွန်မတို့အနာဂါတ်ကို ပြင်မယ်ဆိုရင် အထက်မှာ ဆိုထားသလို မိဘတွေကိုယ်တိုင်က စံပြနေမယ် ၊ မိဘတွေ အများစုက စံပြနေထိုင်လာကြတဲ့အခါ သူတို့ပတ်ဝန်းကျင် ၊ သူတို့ကလေးပတ်ဝန်းကျင်ဟာ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာမယ်။ ကျောင်းသင်ခန်းစာတွေနဲ့ ကျောင်းတွင်းပတ်ဝန်းကျင်မှာလည်း ဆရာ ၊ ဆရာမတွေက စာရိတ္တပိုင်းဆိုင်ရာ အောက်ဆိုဒ်မရှာဘဲ ကျောင်းသား ၊ ကျောင်းသူတွေကို သာတူညီမျှ ဆက်ဆံမယ် ၊ အစိုးရရုံးတွေရဲ့ ဆောင်ရွက်ချက်တွေမှာ လာဘ်စားနိုင်ခွင့် နည်းသထက်နည်းအောင် ပွင့်လင်းမြင်သာတဲ့စနစ် ကျင့်သုံးမယ် ။ ပြည်သူတွေရဲ့ ဆန္ဒကို ဦးစားပေးမယ်။ အကျင့်စာရိတ္တကောင်းသူတွေကို လျှို့ဝှက်မဲစနစ်နဲ့ အုပ်ချုပ်သူနေရာခန့်ခွင့်ပေးမယ် ၊ ဒီမဲစနစ်နဲ့ပဲ အကျင့်စာရိတ္တမကောင်းသူတွေကို ရာထူးချမယ်ဆိုရင် အကျင့်စာရိတ္တကောင်းသူတွေ လည်ပတ်စေတဲ့ အုပ်ချုပ်ရေးယန္တရားစနစ်အောက်မှာ အကျင့်စာရိတ္တကောင်းသူတွေသာ မြဲနေမှာဖြစ်ပြီး အကျင့်စာရိတ္တမကောင်းသူတွေအတွက် နေရာမရှိ ဖြစ်လာမှာပါ။

နောက်တဆင့်မှာ အကျင့်စာရိတ္တကောင်းသူတွေ ရေးဆွဲတဲ့ဥပဒေကို ဘက်မလိုက်တတ်တဲ့ ကျင့်ဝတ်စောင့်ထိန်းသူတွေက အတည်ပြုပြီး ဥပဒေချိုးဖောက်သူတွေကို ဥပဒေအတိုင်း နောင်ကျဉ်အောင် စီရင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ လမ်းသွားရင်း ပါးစပ်အရသာခံပြောနေလူတွေဆီက လွတ်မြောက်မယ် ၊ ကြောင်တောင်နှိုက်နေသူတွေလက်က လွတ်မြောက်မယ် ၊ လူတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ အသက်ဝင်လာတာမို့ လူ့အခွင့်အရေးဆိုတာကို အပြည့်အဝ ရရှိလာမှာဖြစ်ပါတယ်။

သြော်ဒါနဲ့ ရွေးကောက်ပွဲနီးလာပြီနော် ။ မဲပေးခွင့်ရှိသူတွေ မဲပေးဖို့ တာဆူနေကြပြီပေါ့။ ဘယ်ပါတီမဲပေးရမလဲ တွေဝေနေသူတွေလည်း ရှိကောင်းရှိမှာပဲ။ ပါတီအရွေးမှားပြီး မဲပေးနိုင်သူတွေလည်းရှိမှာပဲ။ ကျွန်မတို့ မြန်မာ့လူ့ဘောင်ကြီးကို ဖောက်ပြားမှုအနည်းဆုံး လူ့ဘောင်ကြီးအဖြစ် ကမ္ဘာ့အဆင့်အတန်းမီ နိုင်ငံတစ်ခုအဖြစ် အသက်သွင်း တည်ထောင်ချင်တယ်ဆိုရင် ၊ သယံဇာတပေါကြွယ်ပြီး ချစ်စရာတိုင်းရင်းသား ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ မြန်မာနိုင်ငံကြီး အမှောင်ဘဝက လွတ်မြောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ လေးစားအတုယူရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကိုသာ မဲပေးကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။

ဘာဖြစ်လို့ မဲပေးရမလဲ ဟုတ်လား။ လွတ်လပ်စွာ လှုပ်ရှားခွင့်မရတဲ့အခြေအနေမှာတောင် ထောင်ကိုဇရပ်လို သဘောထားပြီး အနှိပ်စက်ခံလို့ ကလေးတွေပညာရေး ၊ လူ့အခွင့်အရေး ၊ လူထုကျန်မာရေး လှုပ်ရှားသူတွေဟာ သူမ ပါတီထဲမှာ အမြောက်အမြားရှိနေတယ်။ လုပ်ပိုင်ခွင့်မရှိတဲ့ကာလမှာတောင် လုပ်နိုင်သလောက် လုပ်ကိုင်ပြီး မြန်မာကို ကမ္ဘာက သတိထားမိလာအောင် လှုပ်ရှားပေးခဲ့တဲ့ ကမ္ဘာသိခေါင်းဆောင် ၊ ပညာတတ် ၊ အတွေးအခေါ်မြင့် ၊ အနစ်နာခံတတ်တဲ့ ခေါင်းဆောင် ဦးဆောင်နေတာမို့ သူမပါတီသာ အောင်နိုင်ခဲ့ရင် ၊ သူမသာ မြန်မာနိုင်ငံကို ဦးဆောင်ခွင့်ရခဲ့ရင် ၊ သူမသာ ဘက်မလိုက်ဥပဒေတွေ အသက်သွင်းနိုင်ခဲ့ရင် ကျွန်မတို့မျိုးဆက် ၊ ကျွန်မတို့ မြန်မာ့လူ့ဘောင် ၊ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကျွန်မတို့မြန်မာနိုင်ငံသားတွေရဲ့ အနာဂါတ်ဟာ ဖောက်ပြားသူတွေ ကင်းစင်သထက် ကင်းစင်တဲ့ အနာဂါတ်ဖြစ်လာမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like