Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နောင်တကင်းစွာနေထိုင်ခြင်း – BurmeseHearts

နောင်တကင်းစွာနေထိုင်ခြင်း

0

ပစ္စုပ္ပန်မှာ ပျော်ဖို့ပဲဖြစ်ဖြစ် သံသရာမှာ ပျော်နိုင်ဖို့ပဲဖြစ်ဖြစ် နောင်တကင်းစွာ နေထိုင်မှဖြစ်မှာပါ။ ဒါဆို နောင်တကင်းစွာနေထိုင်နည်းဆိုတာ ဘာလဲနော်။ နောင်တကင်းစွာနေထိုင်နည်းကို မပြောခင် နောင်တဟာ ဘယ်အချိန်တွေမှာ ဖြစ်ပေါ်လာတတ်သလဲဆိုတာ အရင်လေ့လာရအောင်ပါ။

ပြောသင့်တဲ့စကားကို မပြောခဲ့ရင် ၊ မပြောသင့်တာကို ပြောခဲ့ရင် ၊ လုပ်သင့်တာတွေကို မလုပ်ခဲ့ရင် ၊ မလုပ်သင့်တာကို လုပ်ခဲ့ရင် နောင်တဆိုတာ ပေါ်လာတတ်ပါတယ်။ ဒီတော့ နောင်တကင်းစွာ နေထိုင်နိုင်ဖို့ ပြောသင့်တာကို ပြောသင့်တဲ့အချိန်မှာ ပြောဖြစ်အောင် နဲ့ လုပ်သင့်တာကို အဲဒီအချိန်မှာ လုပ်ဖြစ်အောင် ကြိုးစားရမှာဖြစ်သလို မပြောသင့်တာကို မပြောဖြစ်အောင် ကြိုးစားနေထိုင်ရင်း မလုပ်သင့်တာတွေ မလုပ်ဖြစ်အောင်လည်း နေထိုင်ရမှာပါ။ ဒါဆိုရင် နောင်တကင်းကင်း နေနိုင်သလောက်ရှိပြီပေါ့။

စဦးဆုံး ပြောသင့်တာတွေ ပြောဖြစ်အောင်ဆို ဘာတွေကို ဘယ်လိုပြောရမှာလဲ တွေးကြရအောင်နော်။ ငယ်ဘဝက စတွေးမယ်ဆို လမ်းမှားရောက်နိုင်တဲ့ ကိုယ့်သူငယ်ချင်းကို ကောင်း၏ဆိုး၏ ခွဲခြားပြောဆိုလို့ နားချတာ ၊ အလုပ်ခွင်ထဲရောက်လာရင် ကိုယ့်နေရာနဲ့ထိုက်တန်တဲ့ တာဝန်အလျောက် ပြောသင့်တာတွေကို လုပ်ငန်းတိုးတက်ဖို့ပြောမယ် ၊ လုပ်ဖော်ကိုင်ဖက်တွေကို လုပ်သင့်တာတွေ အကြံပေးမယ် ၊ ပြောဆိုမယ် ၊ ကိုယ်တိုင်ကမိဘဆို မိဘအလျောက် သားသမီးအနာဂါတ်အတွက် ပြောသင့်တာတွေ နည်းမှန်လမ်းမှန်သင်ပြပြောဆိုမယ် ၊ အကြံပေးမယ်။ ကိုယ်ရတဲ့နေရာအလျောက် ဖြစ်နေတဲ့အနေအထားအလျောက် မင်္ဂလာအရှိဆုံးနဲ့ အကောင်းဆုံးတွေဖြစ်လာဖို့ပြောဆိုတာဟာ ပြောသင့်တာတွေပြောခြင်းပေါ့။

မပြောသင့်တာ မပြောဖြစ်ဖို့ ရှောင်မယ်ဆို မိမိရဲ့မနာလိုစိတ် ၊ သဝန်တိုစိတ် ၊ မကြည်တဲ့စိတ် ၊ လိုချင်တက်မက်လွန်းတဲ့ လောဘစိတ် ၊ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဒေါသစိတ် ၊ ပြောသင့် မပြောသင့် မဝေခွဲတတ်တဲ့ မောဟစိတ်တွေ ရှေ့ထားပြီး မပြောဆိုဖို့လိုပါတယ်။ ကိုယ်ပြောမယ့်စကားကို မပြောခင် စဉ်းစားဆင်ခြင်ပြီးမှပြောမယ်ဆိုရင် မပြောသင့်တာတွေ ပြောဖြစ်တာမျိုး နည်းလာမှာဖြစ်ပြီး စိတ်နောက်ကိုယ်ပါ ပြောပြီးကာမှ ဒါမပြောသင့်တဲ့စကားလား တွေးမယ်ဆို (တွေးတောင် မတွေးဖြစ်ဘူးဆိုလည်း) နောင်တစကားတွေ ဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။ မာနထောင်လွှား မာန်ရစ်လွန်းနေရင်လည်း မပြောသင့်တဲ့စကားတွေ ပြောတတ်တယ်။ ထီမထင်စိတ်နဲ့ အတ္တကြီးလွန်းခဲ့ရင်လည်း မပြောသင့်တာတွေ ပြောတတ်တယ်။ နာကျည်းမှုတွေ အခြေခံထားရင်လည်း မပြောသင့်တာတွေ ပြောတတ်တယ်။

လုပ်သင့်တာတွေလုပ်ဖို့ဆိုရင် ကိုယ့်တာဝန်ကို ကိုယ်အရင်ဆုံးသိရပါမယ်။ သားသမီးတာဝန် ၊ တပည့်တာဝန် ၊ ပတ်ဝန်းကျင်နဲ့ ကျင်လည်ရာရပ်ဝန်းတွေမှာ လူကျင့်ဝတ်နဲ့အညီ နေထိုင်နည်းတွေကို ငယ်ရွယ်စဉ်မှာ သိရမယ်။ အရွယ်ရောက်လာရင် ခင်ပွန်းဝတ် ၊ မယားဝတ် ၊ မိဘဝတ် ၊ လက်အောက်ခံ တပည့်တပန်းရှိရင် ကိုယ်သိထား ၊ တတ်ထားတာတွေ ဝေမျှပေးရမယ့် ဆရာ့တာဝန် (အထက်လူရဲ့ တာဝန်)အတိုင်း လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတာကိုလည်း သိရမယ်။ မိဘဖြစ်လာရင် ကိုယ့်သားသမီးကို ဘယ်လိုဖြည့်စွက် ၊ နားလည် ၊ ထောက်ပံ့မှုမျိုးတွေ ပေးရမယ်ဆိုတာလည်း သိရမယ်။ နောက်ဆုံးမှာ ဘဝရဲ့တန်းဖိုးဟာ ဘာဆိုတာနဲ့ လူ့တန်ဖိုးဟာ ဘာဆိုတာကို သေချာသိနားလည်ရဦးမှာဖြစ်ပါတယ်။ သိပြီးတဲ့အခါမှာတော့ သိထားတာတွေကို သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံရဦးမှာပေါ့။ ဒါဟာ လုပ်သင့်တာတွေ လုပ်ခြင်းဖြစ်ပါတယ်။

မပြောသင့်တာတွေ မပြောမိအောင် ၊ မလုပ်သင့်တာတွေ မလုပ်မိအောင် ၊ ပြောသင့်တာတွေ ပြောရမယ့်အချိန် ပြောဖြစ်အောင် ၊ လုပ်သင့်တာတွေ လုပ်ရမယ့်အချိန် လုပ်ဖြစ်အောင် သတိကြီးကြီးလိုပါသေးတယ်။ စိတ်နောက်ကိုယ်ပါ လိုက်ခံစားပြီး ပြောလိုက် ၊ လုပ်လိုက်တာမျိုးတွေကို ရှောင်နိုင်သမျှ ရှောင်ရဦးမှာ ဖြစ်ပါတယ်။ လူတွေဟာ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ လုပ်သင့်တာတွေ မလုပ်တော့ဘဲနဲ့ မလုပ်သင့်တာတွေ လုပ်လာတတ်ကြသလို အရမ်းအဆင့်မြင့်တဲ့အခြေအနေမှာလည်း လုပ်သင့်တာတွေ မလုပ်ချင်တော့ဘဲ မလုပ်သင့်တာတွေနဲ့ ပျော်မွေ့တတ်ကြပြန်သေးတယ်။ ဒါကြောင့် သတိကြီးကြီးထားဖို့လိုတယ်လို့ ပြောတာပါ။

BurmeseHearts Blog

ကျွန်မဟာ အားလုံးပြည့်စုံနေတဲ့ အကောင်းဆုံးလူတစ်ယောက်တော့ မဟုတ်ပါဘူး။ အားနည်းချက်နဲ့ ချွင်းချက်တွေ ရှိနေသေးတဲ့ လူတစ်ယောက်ဖြစ်ပြီး နောင်တကင်းစွာ နေထိုင်နိုင်အောင် နေ့တဓူဝ ကြိုးစားနေတဲ့တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မဟာ မိခင်ရှိသေးတဲ့ သမီးတစ်ယောက်မို့ ကိုယ်အစားကောင်းစားရမယ်ဆို ကိုယ်မစားခင် မိခင်ကို သတိရတယ်။ ကိုယ့်ခင်ပွန်းက ကိုယ်လိုရာဝယ်ပေးမယ် ဘာလိုချင်လဲပြောဆို မိခင်အတွက် အစားပူဆာတယ်။ မိခင်နာမကျန်းဖြစ်တဲ့အခါ နေ့မဆိုင်း ၊ ညမဆိုင်း မိခင်ဆီအရောက်ပြေးပြီး ပြုစုတတ်သူပါ။ မိဘကျေးဇူးသိတတ်ရမယ်ဆိုတာထက် ငါလုပ်မပေးလိုက်ရလေခြင်း ၊ ငါပေးနိုင်အောင် ကြိုစားရင်ဖြစ်ရက်နဲ့ မကြိုးစားမိလေခြင်း မဖြစ်ရအောင် ပြုခြင်းပါ။ ဒါက သားသမီးတစ်ယောက်ရဲ့ တာဝန်ဆိုတာကို ဖြည့်ဆည်းရင်း နောင်တကင်းအောင် နေထိုင်ပါတယ်။

သင်ဆရာ ၊ ကြားဆရာစတဲ့ ဆရာတွေအများကြီးကြုံဖူးတဲ့ဘဝမှာ တကယ် မိမိကို စေတနာအပြည့်နဲ့ သင်ပေးခဲ့တဲ့ဆရာတွေ အားလုံးကို ဘုရားဦးချတိုင်း မေတ္တာပို့ပါတယ်။ သင်ဆရာ ၊ ကြားဆရာဆိုတဲ့အထဲမှာ သူကိုယ်တိုင် သင်ပေးလို့ သင်ပေးခဲ့မှန်း မသိသူတွေလည်း ပါဝင်ပါတယ်။ ကိုယ့်ကို စေတနာအပြည့်နဲ့ အသိပညာ ၊ အတတ်ပညာ သင်ပေးခဲ့တဲ့ဆရာတွေအပြင် သူလုပ်တာ ၊ ကိုင်တာတွေကို တိတ်တိတ်ကလေး ခိုးသင်ခဲ့ရင်းက သူလက်အောက်ငယ်သားတွေကို ဘယ်လိုစိတ်ထားနဲ့ဆက်ဆံသလဲ ဆိုတာကအစ သူတို့ရဲ့ စေတနာ သူတို့ရဲ့မေတ္တာတွေကို အတုခိုးရင်း သူတို့ထက်မသာရင်တောင် သူတို့လောက်တော့ လုပ်နိုင်အောင် ကြိုးစားရင်း ကိုယ့်လက်အောက်ငယ်ထားတွေကို ဆက်ဆံတယ်။ ကိုယ်တတ်ထားတဲ့ အသိပညာတွေ ၊ အတတ်ပညာတွေကို တတ်အားသရွေ့ ဝေမျှပေးတယ်။ ဒါတွေကို ပြုနေရင်းက သူတို့ကျေးဇူးဆပ်နေတယ်လို့ ခံစားရတယ်လေ။ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့စကားအတိုင်း မိမိကိုယ်တိုင် ကောင်းအောင် နေထိုင်ရင်း မိမိကို သင်ပေးခဲတဲ့ဆရာတွေကို ကျေးဇူးဆပ်ပါတယ်။

ဇနီးဝတ်ဆိုတဲ့နေရာမှာ ခင်ပွန်းကို အိမ်ဦးနတ်လို သဘောထားဖို့ထက် ပါရမီဖြည့်ဖက်တစ်ယောက်လို ဆက်ဆံတယ်။ သူ့ကိုလေးစားမှုပေးရင်း ကိုယ်တိုင်လေးစားအောင် နေထိုင်တယ်။ သူ့ကို သစ္စာစောင့်သိရင်း သစ္စာတရားရဲ့တန်ဖိုး ခိုင်မြဲအောင် နှစ်ဦးအတူ စောင့်ရှောက်တယ်။ ဇနီးတာဝန်အရ လုပ်ကိုင်ပေးနေရတယ်လို့ သဘောမထားဘဲ ကိုယ်တိုင် လုပ်ကိုင်ပေးချင်တဲ့ စေတနာလေးထည့်ပြီး အရာရာကို စေတနာထား လုပ်ကိုင်ပေးတယ်။ ကိုယ့်အတွေးနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ သူ့ကိုရှေ့တန်းတင်ထားတာကို မြင်သာထင်သာရှိစေတာမို့ ကိုယ်ဟာ မယားဝတ်ကို သီးသန့် ထူးပြီး ကျေအောင်ထမ်းမယ်ဆိုတဲ့စိတ် မရှိတော့ဘူးလေ။ မေတ္တာစေတနာတွေက ဝတ္တရားဆိုတာကို လိုတာထက်ပိုပြီး ကျေစေတယ်။

သားသမီးရှိလာတော့ ကိုယ်စားမယ်ဆိုတဲ့အစာကိုတောင် သူစားလိုရင် သူ့လက်ထဲ ထည့်ပေးလိုက်တဲ့ မိဘတစ်ယောက်ရဲ့ စေတနာမျိုးနဲ့ သူ့ရှေ့ရေး ၊ သူ့အတွက် ဆိုတာတွေကို တွေးပေးတာထက်ပိုတဲ့ အစီအစဉ်ချ ဆောင်ရွက်ခြင်းဆိုတာ သူ့သန္ဓေမတည်ခင် ငါးနှစ်လောက်အလိုကတည်းက ဇနီးမောင်နှံနှစ်ဦး စုဆောင်းလုပ်ဆောင်ခဲ့ကြတာပါ။ မိဘတစ်ယောက်ရဲ့ တာဝန်ဆိုတာကို မွေးပေးရုံ ၊ စားဝတ်နေရေး ဖြည့်ပေးရုံ ၊ ကိုယ်လိုသလို ဆုံးမပဲ့ပြင်ရုံဆိုတာမျိုးတွေနဲ့ ကန့်သတ်မထားဘဲ သူပျော်အောင် ဖြည့်ဆည်းပေးတာ ၊ နည်းမှန်လမ်းမှန် ဆုံးမပဲ့ပြင်တာ ၊ အချိန်ပေး အဖော်ပြုပေးတာ ၊ သူ့ခံစားချက်တွေနားထောင်ပြီး လိုအပ်တာတွေ ပြင်ဆင်လို့ ဖြည့်ဆည်းပေးတာ ၊ နားလည်မှု အပြန်အလှန် တည်ဆောက်တာတွေအပြင် ကိုယ်တိုင် ရင်ဖွင့်ဆက်ဆံပြီး ချစ်ခြင်းမေတ္တာကို ပေးပါတယ်။

ဘဝဆိုတာ တိုတိုလေးဖြစ်ပါတယ်။ ကွေးသောလက်မဆန့်ခင် ၊ ဆန့်သောလက်မကွေးခင် ရောဂါပေါ်လာတာမျိုး ၊ ဖြုန်းခနဲ သေသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေကို လေးလေးနက်နက် သိနားလည်ထားတာမို့ ဒါတွေအတွက် ပြင်ဆင်ထားပါတယ်။ ကိုယ့်နောက်မပါမဲ့ ရာထူးအာဏာ ၊ ပစ္စည်းဥစ္စာတွေအတွက် သူများကို ခြေထိုးခံပြီး နေရာလုယူတာမျိုး ၊ ကိုယ်သာဖို့ သူများကိုနင်းတက်သွားတာမျိုး ၊ မလိုလို့ ချောက်တွန်းတာမျိုး ၊ မနာလိုလို့ သိက္ခာချတာမျိုး ၊ မရှုစိမ့်လို့ ကဲ့ရဲ့တာမျိုးတွေ မလုပ်ဘူး။ ဒီလိုမလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်တဲ့အနေနဲ့ အပေါ်ယံဆက်ဆံမှုတွေကို ခွါချပြီး ကိုယ်တိုင် ရင်ထဲက တကယ်နှစ်နှစ်ကာကာ ဆက်ဆံသလို ဒီလိုဆက်ဆံမှုမျိုး ပေးတယ်လို့ ခံစားရတဲ့သူတွေကိုပဲ ပေါင်းသင်းတယ်။ အပေါ်ယံတွေအတွက် အချိန်ကုန် မခံဘူး။

ဘဝကို အဓိပ္ပါယ်ရှိရှိနေထိုင်မယ် ၊ လူ့ဘဝကို တန်ဖိုးရှိရှိ အသုံးချသွားမယ်ဆိုရင် လေးနက်တဲ့အသိတရားရအောင် နေထိုင်သွားရမှာပေါ့။ ကျွန်မဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ ပြုသင့်တဲ့ အကျင့်တွေကို ပြုမူရင်း နေထိုင်ပါတယ်။ နေ့စဉ် သီလကို နိုင်သမျှ စောင့်ထိန်းတယ်။ တတ်အားသရွေ့ ဒါနပြုတယ်။ကိုယ့်တနိုင် အတိုင်းအတာနဲ့ သူများတွေလည်း ငါသိသလို သိပါစေ ၊ ငါတတ်သလို တတ်ပါစေဆိုတဲ့ စေတနာ အပြည့်ထားပြီး လုပ်ကိုင်ဆောင်ရွက်ပါတယ်။

ဘဝမှာ အလေးနက်ဆုံး အသိတရားဖြစ်တဲ့ မမြဲခြင်းဆိုတာကို တကယ်နားလည် လက်ခံနိုင်အောင် ကျင့်ကြံပါတယ်။ ရုပ်နဲ့နာမ် ကွဲပြားမှုကို သိနားလည်အောင် ကျင့်ပါတယ်။ ပညတ်တွေကို ဖယ်နိုင်သမျှ ဖယ်နိုင်အောင် ကျင့်ပါတယ်။ သတိကပ်နိုင်သမျှ ကပ်အောင်လည်း ကြိုးစားပါတယ်။ ဒါတွေကျတော့ ကျင့်တဲ့သူတွေမှ ပိုနားလည်နိုင်မှာဖြစ်တယ်လေ။

နောင်တကင်းစွာနေထိုင်ခြင်းရဲ့ အကျိုးက မိမိကိုယ်တိုင် လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်သလို သူများတွေပျော်ရွှင်နေရင်လည်း အပျော်ကူးစက်လို့ ပီတိဖြစ်နိုင်ပါတယ်။ မနာလိုမရှုစိမ့်တာမျိုး မရှိတော့ဘူး။ ကောင်းမွန်စွာအိပ်စက်ပျော်လို့ မိမိကိုယ်ကို စိတ်လုံခြင်းဆိုတာကိုလည်း ခံစားရတယ်လေ။ ဘယ်အချိန်ပြန်တွေးတွေး မနေ့ တနေ့ကနေစတဲ့ အတိတ်က အကြောင်းအရာတွေမှာ  စိတ်တွေပေါ့ပေါ့ပါးပါးနဲ့ နောင်တရစရာတွေကင်းပြီး ပီတိဖြစ်စရာတွေများနေပြီဆို ကိုယ်ဟာ နောင်တကင်းကင်း နေထိုင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like