Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နောက်ဆုံးနာကြားဖူးသော သာမညဆရာတော်ကြီး၏ ဆုံးမသြဝါဒစကား – BurmeseHearts

နောက်ဆုံးနာကြားဖူးသော သာမညဆရာတော်ကြီး၏ ဆုံးမသြဝါဒစကား

0

ကျွန်မမှာ ငယ်ငယ်တုန်းကတည်းက အကျင့်တခုရှိတယ်။ ငါးစာကျွေးရင်တောင် လူတွေအများကြီးစုပြီးကျွေးနေတဲ့နေရာ ၊ ငါးတွေ ပွက်ပွက်ထအောင် လာစားတဲ့နေရာကို ကျွေးလေ့မရှိဘဲ ခပ်ဝေးဝေးကို ပစ်ကျွေးတာမျိုး ၊ တကိုက်လောက်အကွာမှာ သွားကျွေးတာမျိုး လုပ်တတ်တာပါ။ ငါးစာမှမဟုတ်ဘူး။ ခွေးစာ ၊ ခိုစာ ၊ တရိစ္ဆာန်ရုံတွေမှာ အစာကျွေးတိုင်းလည်း အဲဒီလိုပဲ သူများစုကျွေးတဲ့နေရာမှာ ကျွေးလေ့မရှိတာပဲ။ ကျွန်မခံယူချက်က အားကြီးတဲ့သူတွေပဲရှေ့ရောက်ပြီး ရှေ့ရောက်အောင် လာခွင့်မရှိတဲ့သတ္တဝါတွေ စားခွင့်နည်းသွားပြီဆိုတဲ့ အတွေးကြောင့် သတ္တဝါတိုင်း စားခွင့်ရှိနိုင်အောင် စားခွင့်မရတဲ့သတ္တဝါတွေကို ဦးစားပေးကျွေးလေ့ရှိခဲ့တာပါ။ ငယ်ငယ်ကတည်းရှိတဲ့အဲဒီအကျင့်က အခုထက်ထိ ရှိနေတုန်းပဲ။

မိဘတွေမှာ မျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးရှိတယ်။ အဲဒီဘုန်းကြီးကလည်း မျိုးရိုးစဉ်ဆက် ဘုန်းကြီးအမျိုးထဲကပဲ တစ်ဦးမဟုတ်တစ်ဦး ဘုန်းကြီးရာသက်ပန်ဝတ် ကျောင်းထိုင်လုပ်ခဲ့တာပါ။ ကျွန်မတို့ မိဘတွေကလည်း အလှူအတန်းလုပ်မယ်ဆို ဒီဘုန်းကြီးကိုပဲအပ်ပြီးလှူလေ့ရှိပါတယ်။ ကျွန်မလက်ထက်မှာတော့ ကိုယ်လှူလိုတဲ့ဘုန်းကြီးဆို လှူလိုက်တာပဲ။ လှူ ချင်တဲ့ကျောင်းဆို ဝေးစေ ၊ နီးစေ တကူးတက သွားလှူတယ်။

ကျွန်မသိတတ်စကတည်းက သာမညဆရာတော်ဘုရားကြီး ပုံတော်တွေ ကားတွေထဲမှာ ၊ အိမ်တွေပေါ်မှာ နောက်ဆုံး ကျွန်မတို့ ဘုရားခန်းထဲမှာ ၊ ဧည့်ခန်းမှာ ၊ အိပ်ခန်းတိုင်းလိုလိုမှာ ၊ ကားထဲမှာအထိ ချိတ်ဆွဲကိုးကွယ်တာကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဒီလိုမြင်တွေ့ရတာပဲ။ အမေက သာမညဆရာတော်ကြီးကို ကိုယ်တိုင် သွားဖူးပြီး ကိုယ်တိုင် သင်္ကန်းကပ်ခွင့်ရခဲ့ဖူးတယ်။ ကျွန်မကတော့ ဖူးခွင့်ရှိရင် ၊ ဖူးခွင့်ကြုံရင် ဖူးရမှာပေါ့ဆိုပြီး ကျိုက်ထီးရိုးရောက်သည့်တိုင် သာမည ဆက်မသွားဖြစ်တဲ့နှစ်တွေ အများကြီးရှိခဲ့ဖူးတယ်။

ဂျပန်ဆေးရုံနဲ့ မနီးမဝေးမှာ မှန်ကျောင်းဆိုတာရှိတယ်။ ကျွန်မက တခါတလေ စိတ်ကူးပေါက်တဲ့အခါ ဆွမ်းတွေကိုယ်တိုင်ချက်ပြုတ်ပြီး အဲဒီမှန်ကျောင်းမှာ ဆရာတော် နေ့ဆွမ်းအမီလာကပ်လေ့ရှိတယ်။ အဲဒီနေ့ကလည်း ဆွမ်းလာကပ်တာပါ။ ဒီ့မတိုင်မီက သာမညဆရာတော် ကျန်းမာရေးမကောင်းလို့ ရန်ကုန်လာဆေးကုတာ လူတွေကြိတ်ကြိတ်တိုးပဲ။ နယ်ကပါတက်လာပြီး ဖူးခွင့်ရဖို့ ညအိပ်စောင့်ကြတယ်ဆိုလား ကြားမိခဲ့တာပါ။ ဒါပေမယ့် ဆရာတော်ကြီး ဘယ်မှာဆေးလာကုသလဲဆိုတာ မမေးဖြစ်သလို ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့တာ။

တိုက်တိုက်ဆိုင်ဆိုင် မှန်ကျောင်းဆရာတော်ကို ဆွမ်းကပ်အပြီး ကျောင်းကပြန်အထွက် ကားငှါးမယ်ဆိုပြီး ကျွန်မနဲ့ အမေ လမ်းလျှောက်တုန်း အနောက်က အမေ့နာမည် အော်ခေါ်သံကြားလို့ လှည့်ကြည့်တော့ ကွဲသွားခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့ အမေ့သူငယ်ချင်းဖြစ်နေမှန်း သိလိုက်ရတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီအဒေါ်ကြီးက ဂျပန်ဆေးရုံမှာ စစ္စတာကြီးတဲ့။ သြော်ဟုတ်လားပေါ့။ စကားကမပြီးသေးဘဲ သူ့ဝါ့ဒ်ထဲမှာ သာမညဆရာတော်ကြီး ဆေးလာကုတယ်။ ဖူးချင်ရင် ဖူးပါလား။ သူ့ဝါ့ဒ်ထဲသူခေါ်သွားမယ်လို့ ဆိုလာတော့ အမေက ဖူးချင်တယ်။ ကျွန်မကလည်း ဟာ ဖူးခွင့်တော့ကြုံ ပြီပေါ့လို့ ဝမ်းသာသွားခဲ့ပြီး သားအမိနှစ်ယောက် သူခေါ်ရာလိုက်သွားခဲ့တယ်။

နယ်ကတက်ပြီး လာဖူးကြတယ်လို့ ကြားခဲ့ရတာ ဟုတ်မှဟုတ်ရဲ့လားထင်ခဲ့မိတာ။ ဂျပန်ဆေးရုံကြီးမရောက်ခင်ကတည်းက ကားကြီးကားငယ်အသွယ်သွယ် ၊ လူတွေက မွန်းတည့် နေပူကြီးထဲမှာ အခင်းလေးတွေနဲ့ ဘုရားဖူးလာသလို ခြင်း ၊ ပလုံး ၊ စားစရာတွေ ၊ အထုပ်တွေနဲ့ ဆရာတော်ကြီးကို ဖူးခွင့်ရဖို့ စောင့်နေကြတာ။ အထဲဝင်လို့မရအောင် တံခါးတွေ အထပ်ထပ် ပိတ်ထားရတဲ့အထိ ဆေးရုံဝင်ပေါက် ၊ ဓါတ်လှေကားပတ်လည်တလျောက်နဲ့ ကြမ်းတွေမှာ လူတွေ ချွေးသံရွှဲရွဲနဲ့ ဆရာတော်ကြီးကို ဖူးခွင့်ရဖို့ တိုးဝှေ့စောင့်နေကြတာ။

ဆရာတော်ကြီးက လူတွေကို အဖူးခံဖို့ မနက်တကြိမ် ၊ ညနေတကြိမ် ဓါတ်လှေကားက ကြွဆင်းလို့အဖူးခံတယ်ဆိုတာ အဲဒီတော့မှ သိရတယ်။ ဒီလို ငါးမိနစ် အများဆုံး ဆယ်မိနစ်လောက် အချိန်လေးအတွက် လူတွေဟာ ချွေးသံရွဲရွှဲနဲ့ စောင့်နေရတာကို တွေ့ရမှ ငါတို့ကံထူးလှပါလားလို့ ခံစားမိတယ်။ ကိုယ်ကတော့ အမေနဲ့အတူ စစ္စတာကြီး (အမေ့သူငယ်ချင်း)နောက်ကနေ သက်တောင့်သက်သာ မတိုးမဝှေ့သွားနေရတာလေ။

အမေ့သူငယ်ချင်းကပြောတယ်။ ဆရာတော်ကြီးက မထိုင်နိုင်တော့ဘူး။ လှဲနေတာများတယ်တဲ့။ အောက်ဆင်းပြီး လူတွေကို အဖူးခံတာတောင် လူငွေ့တွေနဲ့ ပူတယ်ဆိုပြီး ခဏနဲ့ တက်သွားတာတဲ့။ သူ့အခန်းကိုတော့ ဝင်ဖူးလို့ရမှာမဟုတ်ဘူး။ မှန်ပြတင်းပေါက် အပြင်ဘက်ကနေ ချောင်းဖူးပေါ့ဆိုတော့ ဘယ်ကနေဖူးရရ အခွင့်ကြုံကြိုက်လို့ဖူးရတာ မှန်ထဲကနေလည်း ဖူးပါ့မယ်ဆိုပြီး ဆရာတော်ရဲ့အခန်းနားကို သားအမိနှစ်ယောက် ရောက်လာခဲ့တယ်။ ဖိနပ်ကလေးချွတ် ၊ လက်အုပ်ကလေးချီပြီး ရို့ရို့ကလေး မှန်ထဲကနေဖူးဖို့ သားအမိနှစ်ယောက်ချောင်းတော့ ဆရာတော်ကြီး ခုတင်ပေါ်ကနေ ကြမ်းပေါ် ခြေချထိုင်နေတာ ဖူးတွေ့လိုက်ရတယ်။

ကျွန်မတို့လည်း အဖူး ၊ ဆရာတော်ကြီးလည်းအကြည့် မျက်လုံးချင်းဆုံတော့ လက်ယပ်ခေါ်တယ်။ ကျွန်မတို့အနောက်က တယောက်ယောက်ခေါ်လေသလား နောက်ပြန်ကြည့်တော့ ဘယ်သူမှမရှိဘူး။ ဒါဆို ကျွန်မတို့ကို ခေါ်တာပဲဆိုပြီးတွေးနေတုန်း ဆရာတော်ကြီးဘာပြောလိုက်တယ်မသိဘူး ဆရာတော့်အနားက ကပ္ပိယက ဖူးချင်ရင် အထဲလာဝင်ဖူးလို့ရတယ်လို့ဖိတ်ခေါ်တော့ ကျွန်မတို့သားအမိနှစ်ယောက် ဆရာတော်ကြီးအခန်းထဲဝင်ဖူးခွင့်ရတယ်။ အခန်းထဲမှာ သာမညဆရာတော်ကြီးရယ် ၊ ဆရာတော်ကြီးရဲ့ တပည့် ကပ္ပိယတစ်ဦးရယ် ၊ ကျွန်မတို့သားအမိရယ်ပဲရှိတယ်။

ဆရာတော်ကြီးရဲ့ ရှေ့မလှမ်းမကမ်းမှာထိုင်လို့ ဦးသုံးကြိမ်ချပြီး သာမညဆရာတော်ကြီးကို မျက်လုံးချင်းဆိုင်ဖူးမိတော့ သူများတွေ ဒီအချိန်မှာ ဘယ်လိုခံစားရမယ်မသိဘူး။ ကျွန်မကတော့ သနားစိတ်တခုပဲ ရင်ထဲမှာရှိတယ်။ ဘယ်သူ့ကိုသနားတာလဲဆိုရင် သာမညဆရာတော်ကြီးကိုသနားတာပါ။ ဘာကိုသနားတာလဲဆိုရင် ဝေဒနာရဲ့ နှိပ်စက်မှုတွေ ခံစားနေရတာကို သနားတာပါ။ အိမ်ကပုံထဲမှာ ပြုံးနေတဲ့ဆရာတော်ကြီးဟာ ငြိမ်းချမ်းတက်ကြွလို့ ၊ အဲဒီအချိန် မျက်မြင်ဖူးခွင့်ကြုံရတော့ မျက်နှာချင်းဆိုင်က ပိန်ချုံးသွားတဲ့ ဆရာတော်ကြီးမျက်နှာမှာ ဝေဒနာရဲ့ နှိပ်စက်မှုကို ကျွန်မခံစားမြင်နေရတယ်။

သာမညဆရာတော်ကြီးကိုမြင်ရင် သူများတွေ အမျိုးမျိုး ဆုတောင်းမှာပေါ့။ ကျွန်မ အဲဒီအချိန်က တစ်ခုပဲ အထပ်ထပ်အခါခါ စိတ်ထဲက ဆုတောင်းဖြစ်ခဲ့တယ်။ ဆရာတော်ကြီး ဒီဝေဒနာနှိပ်စက်မှုကနေ အမြန်ဆုံး ကင်းလွတ်ဖို့ အထပ်ထပ်ဆုတောင်းနေမိခဲ့တာပါ။ ရောဂါပျောက်ကင်းမယ်ဆို အမြန်ပျောက်ကင်းပြီး မပျောက်ကင်းဘူးဆိုရင်လည်း ဝေဒနာနှိပ်စက်မှုက အမြန်ဆုံးလွတ်ဖို့ ဆုတောင်းခဲ့တာပါ။ ဒီလိုဆုတောင်းနေချိန် ပုခုံးမှာ အပွင့်အခက်တွေနဲ့ စစ်ဝတ်အစိမ်း ဝတ်ထားတဲ့အမျိုးသားနှစ်ယောက် ဆရာတော်ကြီးအခန်းထဲကို အပြင်ကလူတွေ တားနေတဲ့ကြားက ဇွတ်ဝင်လာတာမြင်ရတယ်။ သူတို့တောင်ဖူးနေတာ ငါတို့ဘာလို့ ဖူးခွင့်မရှိရမလဲဆိုတဲ့စကားလည်း ကြားမိခဲ့တယ်။

သူတို့နှစ်ဦးက ဆရာတော်ကြီးနဲ့ရှေ့တည့်တည့်မှာ အနီးကပ်ဆုံးထိုင်လိုက်ပြီး ခြေနှစ်ဘက်ကို တစ်ယောက်တစ်ဘက်ဆီ သူတို့လက်နှစ်ဘက်နဲ့ဆုပ်ကိုင်ပြီး ဦးတိုက်နေခဲ့တာပါ။ ကန်တော့ဦးတိုက်ပြီးလည်း ခြေထောက်ပြန်မလွှတ်ဘဲ ကိုင်ထားဆဲပေါ့။ ကျွန်မတို့ကလည်း ဆရာတော်ကြီးငုတ်တုတ် ၊ သူတို့ငုတ်တုတ်ထိုင်နေတော့ ထွက်သွားရကောင်းနိုး ၊ ထိုင်ရကောင်းနိုးဖြစ်နေခဲ့တာပါ။ ဆရာတော်ကြီးက သွားလို့မပြောဘဲ သွားရင်ရိုင်းမလားလို့လည်း သားအမိနှစ်ယောက် စိတ်ထဲတွေးနေမိခဲ့တယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးက သြဝါဒစကားမိန့်ကြားတယ်။

“အေး ဘာတွေးတွေး ၊ ဘာလုပ်လုပ် ကိုယ့်အကျိုးပဲမကြည့်နဲ့ ၊ သူတပါးအကျိုးလည်းကြည့်” တဲ့ ။ “ကဲ ကဲ ဖူးပြီးရင်လည်း ပြန်နိုင်ပြီ” ဆိုပြီး သူ့ခြေတွေ ဟိုနှစ်ယောက်လက်ထဲက ရုပ်လိုက်တာ တွေ့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ထပ်ဦးချ ၊ ဆရာတော်ကြီး ရောဂါနှိပ်စက်မှုဝေဒနာက အမြန်ဆုံးကင်းလွတ်ဖို့ ထပ်ဆုတောင်းရင်း ထွက်လာခဲ့တယ်။ အဲဒီတုန်းက ကျွန်မအသက် ရှိလှ (၂၂)နှစ် မပြည့်တတ်သေးချိန်မှာပေါ့။

ဆရာတော်ကြီးကို တိုက်တိုက်ဆိုင်ဆိုင် အနီးကပ်ဖူးတွေ့ခွင့်ရခဲ့တယ်လို့ သူငယ်ချင်းတွေကို ပြန်ပြောပြဖြစ်တော့ မယုံကြဘူး။ တချို့က ဘာဆုတောင်းခဲ့လဲ ။ ဆရာတော်ကြီးက ဆုတောင်းပြည့်တယ်တဲ့။ ကျွန်မက ကျွန်မအတွက် ဆုမတောင်းဖြစ်ခဲ့ဘဲ ဆရာတော်ကြီးအတွက်ပဲ ဆုတောင်းဖြစ်ခဲ့တာ သူတို့ မသိတာပါ။ ကိုယ်ဘာမှမလုပ်ဘဲ ဆုတောင်းအလိုလိုပြည့်မယ်ဆိုတာလည်း ကျွန်မက မယုံကြည်ပါဘူး။

ဒါကြောင့်လည်း ဆရာတော်ကြီးသြဝါဒက ကျွန်မရဲ့ ဆုတောင်းကို ရောင်ပြန်ဟပ်ခဲ့ပါတယ်။ ဆရာတော်ကြီးဟာ မြင့်မြတ်ဖြူစင်တဲ့ သူတော်စင်မို့ ကျွန်မဆုတောင်းကို သိကောင်း သိနေမှာပါ။ ကျွန်မက ကိုယ့်အကျိုးအတွက် ဆုမတောင်းဖြစ်ခဲ့ဘဲ ဆရာတော်ကြီးအကျိုးအတွက် ဆုတောင်းဖြစ်ခဲ့တာကိုး။ ကျွန်မတို့ဖူးခွင့်ရပြီး နောက်တပတ်မပြည့်ခင် ဆရာတော်ကြီး ပျံလွန်တော်မူသွားလို့ ရန်ကုန်က ပြန်သယ်သွားပြီဆိုတဲ့သတင်း ကြားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဆုတောင်း တနည်းတဖုံပြည့်ခဲ့ပါတယ်။ ဆရာတော်ကြီးခံစားနေရတဲ့ ဝေဒနာက လွတ်ကင်းသွားခဲ့ပြီလေ။ ယခုအချိန်အထိ ဆရာတော်ကြီးရဲ့ သြဝါဒကို မှတ်မိကျင့်သုံးနေဆဲပါ။ ဘာတွေးတွေး ဘာလုပ်လုပ် ကိုယ်ကျိုးတခုတည်းမကြည့်ဘဲ အများအကျိုး ကြည့်ပြီး လုပ်ဆောင်ဆဲပါလေ။

သြကာသ (Burmesehearts.com)

 

You might also like