Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အပြင်လူ – BurmeseHearts

အပြင်လူ

ချစ်သူတွေ တစိမ်းကဲ့သို့ အပြင်လူဖြစ်သွားတဲ့အခါ ၊ တမိုးအောက် အတူနေခဲ့ဖူးသူတွေ အကြောင်းကြောင်းကြောင့် တစိမ်းပြင်ပြင် ဖြစ်သွားတဲ့အခါ ၊ အနီးစပ်ဆုံး ပတ်သက်ခဲ့ဖူးသူတွေ အကြောင်းကြောင်းကြောင့် အပြင်လူတစ်ယောက်လို ဖြစ်သွားတဲ့အခါ ခံစားချက်အမျိုးမျိုးနဲ့ တုန့်ပြန်မှုတွေ အမျိုးမျိုးရှိကြပါတယ်။

အချစ်ဆုံးချစ်ခဲ့ကြတယ်။ တဘဝလုံးရည်ရွယ်လို့ တွဲခဲ့ကြတယ်။ အကြောင်းကြောင်းကြောင့် ကွဲခဲ့ကြတယ်။ မပတ်သက်ကြတဲ့ အပြင်လူတွေ ဖြစ်သွားရုံနဲ့ ဒီလူတွေရင်ထဲ ဘာမှ မခံစားရတော့ဘူးတဲ့လား။ နက်နက်ရှိုင်းရှိုင်း တွယ်တာမိလေ ခံစားချက်တွေ အထိနာလေမို့ မတွဲဖြစ်ကြရုံနဲ့ ဘာမှ မခံစားရတော့ဘူးဆိုတာတော့ မဟုတ်နိုင်ဘူးလေ။

တချို့တွေက မပြောဘူး။ ဆက်ချစ်တုန်းပဲ။ တချို့တွေက မပြဘူး ကြိတ်ခံစားနေရတာကို။ တချို့တွေက အပြုံးတွေနှုတ်ခမ်းပေါ် တန်ဆာဆင်ထားပေမယ့် ရင်ထဲမှာငိုနေတုန်းပဲ။ တချို့တွေက စိတ်နာနာနဲ့ အရွဲ့တိုက်ကြတယ်။ တချို့တွေက စိတ်နာနာနဲ့ ကြိုးစားလိုက်ကြတယ်။ တချို့တွေက အမုန်းတွေနဲ့ အငြှိုးထားတယ်။ တချို့တွေက သူပျော်ပါစေလို့ ဆုတောင်းပေးတယ်။ သူ့အကြောင်းနဲ့ သူပေါ့လေ။

အချိန်တွေက ခင်မင်မှုတွေ ၊ အချစ်တွေကို ပြောင်းလဲတတ်ပါသလား။ အရင်က အချစ်ဆုံးသူငယ်ချင်းတွေ ၊ အခင်ဆုံးတွဲခဲ့ကြသူတွေ ခုများမှာ ခေါ်ချင်သလို ၊ မခေါ်ချင်သလို တခုခုကြီး ခြားထားသလို ခံစားဖူးကြသလား။ ဘာတွေက အရောင်ဆိုးခဲ့ကြပါသလဲ။ ပကာသနလား။ ဂုဏ်ရှိန်ဝါတွေလား။ ဟန်ကိုယ့်မှုတွေလား ။ သိမ်ငယ်မှုတွေလား။ သူ့အကြောင်းနဲ့သူ ရှိကြမှာဖြစ်ပေမယ့် အဖြူစင်ဆုံးခင်မင်မှုတွေကို အချိန်တွေက အရောင်ဆိုးလိုက်တာနဲ့အမျှ ပြန်ရဖို့ ခက်ခဲသွားပြီ။ တကယ်ဆို လူတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားကြတာပါ။

တမိုးအောက်မှာ ဝေမျှနေထိုင်ခဲ့သူတွေ မရှိအတူတူ ၊ ရှိအတူတူ ဘာမှမဟုတ်ခင်က အားလုံးအဆင်ပြေပါရက် တဦးတယောက်များ တော်တော်လေး အလုပ်ဖြစ် အဆင်ပြေလာပြီဆို ဝင်နှောက်လာတဲ့ စိတ်ပြောင်းလဲမှုတွေက အချင်းချင်းအကြား နားလည်မှုတွေ အတော်များများကို ရိုက်ချိုးပစ်ခဲ့ကြတာ များတယ်။ တစ်ယောက်က မနာလိုဘူးလို့ထင်တယ်။ တစ်ယောက်ကနှိမ်တယ်လို့ထင်တယ်။ သိမ်ငယ်စိတ်တွေရယ် ၊ အားပေးချင်စိတ်တွေရယ် ရောပြွန်းသွားတဲ့အခါ စေတနာအမှန်တောင်မှ စော်ကားခံရတတ်တယ်။

ဘဝနှစ်ခုကို တသက်တာ မျှဝေခံစားရင်း ပျော်လည်းအတူ ၊ ဝမ်းနည်းလည်းအတူ ၊ ဒို့သားသမီးတွေနဲ့ အေးအတူ ပူအမျှ လက်တွဲသွားမယ်လို့ ရည်ရွယ်ပေါင်းသင်းခဲ့ကြသူနှစ်ဦး ကွဲလွဲလာတဲ့ ခံယူချက်တွေရယ် ၊ လိုအပ်ချက်တွေရယ် ၊ ဆန္ဓတွေရယ်အောက်မှာ သဘောထားမတိုက်ဆိုင်ဘူးရယ်လို့ ဖြစ်လာပြီး တစ်ဦးနဲ့တစ်ဦး အပြစ်တွေဖို့ကြမယ်။ ဒီကတဆင့် နစ်နာစေမယ့်စကားတွေ ပြောမယ်။ စိန်ခေါ်တာတွေ ဖြစ်လာမယ်။ မခံစားနိုင်တဲ့အဆုံး နင့်လမ်းနင်သွား ၊ ငါ့လမ်းငါသွားလို့ လမ်းခွဲကြတဲ့အခါ ပြတ်သွားတဲ့ချည်မျှင်တခုလို ဘဝတခုဟာ ဆက်ထုံးလေးတော့ ကျန်ခဲ့မှာပေါ့။ ခံစားချက်တွေ စင်းလုံးချော မဖြစ်နိုင်တော့ဘူးလေ။

လုပ်သွားခဲ့သူက နောင်တရကောင်းရမယ် ၊ ပြင်ကောင်းပြင်မယ် ၊ ဆက်လုပ်ကောင်းလုပ်မယ် ၊ သူ့အနာဂါတ် သူဆက်ဖန်တီးမှာပါ။ အရင်းနှီးဆုံး ပတ်သက်ခဲ့ဖူးတဲ့ သူ့အနာဂါတ်ထဲမှာ ကိုယ်ဟာ အပြင်လူတစ်ယောက် ဖြစ်သွားခဲ့မယ်ဆို သူနဲ့ပတ်သက်ခဲ့တဲ့အတိတ်က ကိုယ့်ကို စိတ်ဆင်းရဲမှုတွေချည်းပေးခဲ့ရင် ဝဋ်ကြွေးကျေပြီလို့ မှတ်လိုက်မယ်။

အရင်းနှီးဆုံး ပတ်သက်ခဲ့ဖူးတဲ့ သူ့အနာဂါတ်ထဲမှာ ကိုယ်ဟာ အပြင်လူတစ်ယောက် ဖြစ်သွားခဲ့မယ်ဆို သူနဲ့ပတ်သက်ခဲ့တဲ့အတိတ်က ကိုယ့်ကိုစိတ်ချမ်းသာမှုတွေ ရရှိစေခဲ့မယ်ဆို တိုက်ဆိုင်တိုင်း ဖျတ်ခနဲဖြစ်ဖြစ် သတိရမိတတ်တယ်။ ခံစားချက်တွေ ပိုလေးနက်တဲ့အခါ အတွေးဆက်လို့ တခါတလေ အလွမ်းပိုလာတတ်တယ်။

ချစ်နေလျက်ကနေ သူ့အနာဂါတ်ထဲ ကိုယ်မပါတော့ဘူးရယ်လို့ ကျင့်ကြံနေထိုင်ရမယ်ဆို သိပ်ရင်နာစရာကောင်းမှာပဲ။ သူ့ဘဝမှာ ကိုယ်ဟာ အပြင်လူတစ်ယောက်ဖြစ်သွားပြီ။ သူ့အနာဂါတ် ကိုယ်ပါဝင်ခွင့်မရတော့သလို ကိုယ့်အနာဂါတ်ထဲလည်း သူမပါဝင်လာတော့ဘူးလို့ ချစ်လျက်နဲ့ မိမိစိတ်ကိုလေ့ကျင့် နေထိုင်သွားရမယ်ဆို ဟက်တက်ကွဲနေတဲ့ဒဏ်ရာ ကိုယ်တိုင် အံကြိတ်ဆေးထည့်နေသလိုပါပဲ။ တချိန်ချိန်တော့ ဒီဒဏ်ရာ အသားနုတက်ပြီး ကျက်သွားမှာပါ။ နောင်တချိန်မှာ အဆင်ပြေသွားမှာပါပေါ့။

အချိန်က ကုစားသွားလိမ့်မယ်တဲ့။ တကယ်ကုစားနိုင်သလား ။ မေ့နိုင်သူတွေက ဟုတ်တယ်ဖြေကြတယ်။ မမေ့နိုင်သူတွေက မဟုတ်ဘူးဖြေကြတယ်။ အစွဲလမ်းကြီးသူတွေကတော့ အလကားပါကွာတဲ့။ လွမ်းတာကို နာတာနဲ့ဖြေပါဆိုလည်း နာစရာရယ်လို့ မမှတ်ယူသူတွေက ဘာနဲ့ဖြေရမှာလဲ။ တချို့က မျက်ရည်နဲ့ဖြေကြတယ်။ တချို့က အစားထိုးဖြေကြတယ်။ တချို့က အမြင့်တက်ဖို့ ကြိုးစားရင်း တမင်ကိုမေ့ထားဖို့ကြိုးစားတယ်။

အပြင်လူတဲ့ …. စကားလုံးက ရိုးသလိုလိုနဲ့ ခံစားချက်တွေက တဘဝစာပါလောက်တယ်။ အပြင်လူတစိမ်းပြင်ပြင် ဖြစ်သွားတဲ့အခါ ဘာမှမဖြစ်ခဲ့သလို ဆက်နေနိုင်ရင်ကောင်းပါတယ်။ လမ်းကြုံ တွေ့တဲ့အခါ မျက်နှာလွှဲသွားမလား ၊ ပြေးရိုက်ချင်စိတ်တွေဖြစ်နေမလား ၊ တမင်ရှောင်သွားမလား ၊ နောက်ကျောကိုငေးကြည့်ကျန်မလား ၊ မျက်ရည်ကျနေမလား။ ဒါက ကိုယ့်ခံစားမှုနဲ့ ကိုယ့်ရွေးချယ်မှုပါ။ တစိမ်းဆိုလည်းဟုတ် အပြင်လူလည်းဟုတ် ဘာမှမဟုတ်တော့တဲ့ ဆက်ဆံရေးမှာ ချစ်မေတ္တာလေးများ ကြွင်းကျန်ရင် တဖက်သား ပျော်ပါစေလို့ ရည်စူးမိမှာပဲ။

ရတု (Burmesehearts.com)

You might also like