Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အပေးအယူ – BurmeseHearts

အပေးအယူ

0

ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။
ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။

အပေးအယူဆိုတဲ့စကားဟာ သိပ်နက်နဲပြီး အဓိပ္ပါယ်သွားပါတယ်။ အပေးပြီးတော့မှ အယူလာတာကိုး။ ဒီသဘောကိုက အပေးဟာ ရှေ့ကဦးဆောင်နေပါတယ်။ အယူဟာ အနောက်က လိုက်ပါတယ်။ ရယူလိုမှုကို ရှေ့တန်းတင်ထားတဲ့အခါ အပေးအယူဟာ ပြောင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်။

ပြည့်ဝတဲ့မိဘတွေကပြောတယ် မိဘဆိုတာ အပေးပဲရှိတယ် သားသမီးတွေဆီက တန်ပြန်ရရှိလာမှုကို မမျှော်ကိုးဘူးတဲ့။ မေတ္တာတရားကို ဖော်ညွှန်းတဲ့စကားပါ။ သားသမီးအပေါ် မေတ္တာစစ် ၊ မေတ္တာမှန်ထားနိုင်ရင်တော့ ဒီစကားဟာ သိပ်ကိုတန်ဖိုးရှိတဲ့စကားပေါ့။ မေတ္တာစစ် ၊ မေတ္တာမှန်မှာ အပေးအယူကို အခြေခံမထားဘူး။ အတုန့်အပြန်ကို မမျှော်ကိုးဘူး။ ပေးနေရရင်ကိုက ကျေနပ်နေပြီး ရယူလိုမှု အလျဉ်းမရှိတာပါ။ မေတ္တာကြီးမားတဲ့သူတွေမှာ ဒီလိုစကားလုံးဟာ သိပ်ကိုတန်ဖိုးရှိတယ်။

ပုံမှန်အားဖြင့်တော့ ကိုယ်ကပေးရင် သူပြန်ပေးတာကို သိစိတ်ကဖြစ်ဖြစ် ၊ မသိစိတ်ကဖြစ်ဖြစ် ပြန်မျှော်ကိုးမိတယ်။ ဒါကို သိတတ်တဲ့စိတ်လို့လည်း ဆိုကြတယ်။ သားသမီးသိတတ်လာမလား မျှော်ကိုးတဲ့မိဘလို ၊ သားသမီးထောက်ပံ့မှုကို လိုလားတဲ့မိဘလို ၊ သားသမီးရဲ့လေးစားမှု ခံယူလိုတဲ့မိဘလို ၊ သားသမီးရဲ့ယုံကြည်မှု ရယူလိုတဲ့မိဘလိုမျိုးတွေဖြစ်ပါတယ်။ ဒါဟာ မမှားပါဘူး။ လူ့သဘာဝ ၊ လူမှုဝန်းကျင်မှာ မြင်တွေ့နေကျ သဘာဝလည်း ဖြစ်ပါတယ်။

မှားနေတာက ကိုယ်ကမပေးဘဲ သူများအပေးကို လိုချင်တောင့်တနေကြသူတွေပါ။ ကိုယ်ပေးတဲ့မေတ္တာသာ စစ်မှန်ပါစေ ၊ မတောင်းဘဲ ကိုယ့်ဆီပြန်လာမှာပါ။ ဒါကိုနက်နက်နဲနဲ ယုံကြည်လုပ်ကိုင်လာရင် ကိုယ့်ထံပြန်လာတဲ့ မေတ္တာစစ် ၊ မေတ္တာမှန်ကို အတိုင်းအဆမရှိ ပြန်ရလာမှာပါ။ ကိုယ်က နည်းနည်းပေးပြီး အတိုးနဲ့ ခပ်များများလိုချင်သူတွေလည်း လူ့ဘောင်မှာ ရှိနေပါတယ်။ ဒီလိုလူတွေက သားသမီးကို ပံ့ပိုးပေးတာကနည်းနည်း မိဘကျေးဇူး ကျူးရင့်လို့ သားသမီးတွေဆီက ထောက်ပံ့မှု လိုတာထက်တိုးတောင်းကြသူတွေလည်း ရှိပါတယ်။ တိုက်ဆိုင်မှုရှိနေရင် ခွင့်လွှတ်ပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်ပြောတာမဟုတ်ဘဲ ဖြစ်ပျက် မြင်တွေ့နေတာတွေကို ခြုံငုံပြောတာဖြစ်ပါတယ်။

သားသမီးကိုယ်ဝန်ရလာပြီဆိုကတည်းက ကိုယ်မွေးလာမှ လူဖြစ်ရမယ့်သားသမီး ၊ ကိုယ်ပြုစုစောင့်ရှောက်မှ ကျန်းမာသန်စွမ်းလာနိုင်မယ့် လူမမယ်လေး ၊ ကိုယ်ပံ့ပိုးမှ လူတောတိုးဝင်ဆံ့နိုင်မယ့် ကလေးလေး ၊ ကိုယ်ချီးမြှောက် မြှင့်တင်ပေးပါမှ လူတန်းစေ့ဖြစ်လာမယ့် လူငယ်လေး ၊ ဒီလူငယ်လေးကနေ လူရွယ်လေး ၊ လူရွယ်လေးကနေ လူကြီးဖြစ်လာတဲ့အခါမှာ လူအိုဖြစ်သွားတဲ့ကိုယ့်ကို ပြန်ကြည့်လာနိုင်မှာပါ။

BurmeseHearts Blog

ကိုယ်မွေးလာလို့ လူဖြစ်လာမယ့်ကလေးကို စီးပွားရေးအဆင်မပြေမှု ၊ အိမ်ထောင်ရေးအဆင်မပြေမှု ၊ လူမှုရေးအဆင်မပြေမှုဆိုတဲ့ ခေါင်းစဉ်တွေအောက်က စိတ်ခံစားချက်တွေ ပုံချပြီး မွေးလာကတည်းက အပြစ်ပါလာသူလေးတစ်ယောက်လို ခံစားစေတဲ့မိဘဟာ ဒီကလေးအပေါ် တရားပါရဲ့လား ။ ဟိုလူ့ကြောက်ရ ၊ ဒီလူ့ကြောက်ရ ၊ မိဘလည်းကြောက်ရ ၊ လူကြီးမှန်သမျှ ကြောက်နေရတဲ့ ကလေးငယ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ နဲ့ ကြီးပြင်းလာနိုင်ပါ့မလား။ (ကလေး အန္တရာယ်ရှိတဲ့အရာတွေကို ကြောက်တတ်ဖို့တော့ နားလည်အောင် သင်ပြရမှာပေါ့။ မလိုအပ်လည်း ကြောက်နေရတဲ့ ကလေးငယ်တွေကို ရည်ညွှန်းတာဖြစ်ပါတယ်။)

ကစားချိန်မှာ ကစားစရာမရှိတဲ့ဘဝ ၊ စားချိန်မှာ စားစရာမရှိတဲ့ဘဝ ၊ ချမ်းလို့တောင် အဝတ်ထူထူမရှိတဲ့ဘဝ ၊ ခြင်တောထဲမှာ ခြင်ထောင်မရှိတဲ့ဘဝ ၊ စာသင်ရမယ့်အရွယ် အလုပ်လုပ်ရတဲ့ဘဝ ၊ လေ့လာရမယ့်အရွယ် ကျွန်ဖြစ်ရတဲ့ဘဝ ၊ သူများက ခေါင်းမော့ရင်ကော့နိုင်ချိန်မှာ ကိုယ်က အောက်ကျို့ရတဲ့ဘဝ ဒီလိုဘဝတွေရဲ့ အဓိကတရားခံက ဘယ်သူဖြစ်နိုင်မလဲ။ ခေတ်နဲ့စနစ်ကို နောင်မှ ပုံမချနဲ့နော်။ ဒါဟာ တာဝန်မယူတတ်တဲ့ ၊ တာဝန်ရှောင်လွှဲတတ်သူတွေရဲ့ အာလွှဲလျှာလွှဲစကားပါ။ ဒီခေတ်နဲ့စနစ်အောက်မှာပဲ အရည်အချင်း ထွန်းပြောင်လာသူတွေရှိပါသေးတယ်။ ဒါကိုတော့ မေ့မထားကြေးလေ။

တကယ်ကို တာဝန်မယူတတ်တဲ့ မိဘတွေက မွေးဖွားလာတဲ့ စိတ်ဒဏ်ရာအပြည့်နဲ့ မွေးဖွားသူကလေးတွေဟာ ဒီစိတ်ဒဏ်ရာကို တသက်လုံး မယူချင် ၊ ယူချင် ယူသွားရတော့တယ်။ သေရာပါပဲ။ ဆိုးရွားတဲ့စနစ်အောက်မှာ နိမ့်ကျတဲ့ပညာရေးပေါင်းစပ်ပြီး တာဝန်မယူတဲ့လူတွေအကြား မြေဇာပင်ဖြစ်လာရသူတွေကတော့ အပြစ်မရှိတဲ့ ကလေးတွေပါ။ သူတို့တွေဟာ အမြဲတမ်း ကလေးတွေဖြစ်မနေဘဲ အချိန်နဲ့အမျှ အရွယ်ရောက်လာတာ ၊ အိမ်ထောင်ရက်သားကျတာ ၊ လောကကြီးကို အဆိုးမြင် အရွဲ့တိုက်နေကြတာ တေလေဂျပိုး လေလွင့်လူငယ်လေးတွေ အဖြစ်ပေါ့ ။ အခုအချိန်မှာတော့ သူတို့ဟာ သနားစရာမကောင်းတဲ့ ဘဝဓါးစာခံလေးတွေဖြစ်နေပြီး တချိန်တုန်းကတော့ အလွန်သနားစရာကောင်းတဲ့ ကလေးငယ်လေးတွေပါ။

မိမိကလေးငယ်တွေ မိမိကို လေးစားစေချင်ရင် ဗိုက်ထဲမှာရှိနေတဲ့အရွယ်ကတည်းက သူတို့အနာဂါတ်ကို ကိုယ်က လေးစားရမယ်။ ထွန်းပြောင်လာမယ့် သူတို့အနာဂါတ်ဖြစ်လာဖို့ သူတို့လူမဖြစ်ခင်ကတည်းက ကိုယ်ကကြိုးစားရမယ်။ ကိုယ်တိုင်က ယုံကြည်မှုမရှိသူဖြစ်နေပစေ ကိုယ့်သားသမီးကိုတော့ မိမိကိုယ်ကို ယုံကြည်မှုရှိသူအဖြစ် ကြီးပြင်းစေရမယ်။ သားသမီးရဲ့ဆန္ဒကို သူစကားမပြောတတ်ခင်ကတည်းက လေးစားရမယ် ၊ ကိုယ်ပြောချင်တာထက် သားသမီးပြောချင်တဲ့ ရင်ထဲကစကားတွေကို နားထောင်ပေးနိုင်ရမယ် ။ ပြီးမှ ဖြစ်သင့်တာကို နားလည်အောင်ရှင်းပြမယ် ၊ ကိုယ်ကတော့ ဘာဖြစ်စေချင်တယ်ဆိုတာကို သူသိအောင် ပြောပြမယ်။

ဘဝတိုက်ပွဲကို ကိုယ့်စစ်သည်အဖြစ် ကိုယ်ခေါ်လို့ ဝင်လာခဲ့ရတဲ့ ကိုယ့်သားသမီးကို ကိုယ်ခံပညာ ပြည့်ပြည့်ဝဝသင်ပေးမယ် ။ သက်လုံကောင်းအောင် ကျွေးမွေးလေ့ကျင့်မယ် ။ လိုအပ်တာတွေ ပံ့ပိုးမယ် ။ ခေတ်နဲ့လျော်ညီတဲ့ အသိပညာတွေ ၊ အတတ်ပညာတွေ သင်ပေးမယ် ။ ဘဝမှာ ရှောင်ဟယ် ၊ တိမ်းဟယ် ၊ တိုးဟယ် ၊ ဆုတ်ဟယ် ဘယ်လို ပညာသားပါပါ ရှေ့ဆက်သွားရမလဲဆိုတာ လမ်းပြမယ်။ အမြင့်ပျံဖို့ သင်ပေးရမှာဖြစ်သလို အကျမနာဖို့လည်း သင်ပေးတတ်ရမယ်။ ကျတဲ့အခါ အနာအသက်သာဆုံးနည်းနဲ့ ကျနိုင်အောင် ၊ ကျပြီးတာနဲ့ အချိန်မဖြုန်းဘဲ ဘယ်လိုပြန်ထ ပြန်ထိုးစစ်ဆင်မလဲဆိုတဲ့ စိတ်ဓါတ်အင်အားကိုလည်း သင်ပြပေးနိုင်ရမယ်။ ဒါဟာ မိဘကောင်းတွေ သားသမီးတွေအတွက် လုပ်ကိုလုပ်ပေးသင့်တဲ့ မိဘတာဝန်ဖြစ်တယ်။

အတောင်အလက်လည်းစုံပြီ ၊ ပျံလည်းပျံတတ်ပြီဆိုရင် အသိုက်အမြုံကို စွန့်ခွါပျံသန်းမှာလည်း သဘာဝဖြစ်တယ်။ ကိုယ်သင်ပေးသင့်တာတွေ ၊ လုပ်ပေးသင့်တာတွေ ပေးခဲ့ပြီးပြီ။ ဒါတွေနဲ့ သူ့ဘဝမှာ တန်ဖိုးရှိရှိအသုံးချရင် သူကောင်းဖို့အတွက်ဖြစ်ပြီး သူ့ဘဝသူ ရေစုန်မျှောလိုက်ရင်လည်း သူ့ကြမ္မာသူဖန်တီးသူသာ ဖြစ်ပါတယ်။ သူအသက်ရလာတာနဲ့အမျှ ကိုယ်ဘက်က စိတ်ရောကိုယ်ပါ ဆိုဆုံးမနိုင်ခွင့်တွေ နည်းလာတာကို လက်မခံချင်လည်း လက်ခံရတော့မှာပါ။ ကြီးမိုက်ကို အရွယ်လွန်မှ လက်ပေးသင်ပါသော်လည်း “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ကိုယ်သာ ငွေအား ၊ လူအား ၊ ခွန်အားတွေ ဆုတ်ယုတ်အရွယ်ကျလာပေမယ့် မပြောင်းလဲချင်သူဟာ သေတဲ့အထိ သူ့ဇတ်သူ ဆက်ကသွားမှာပါ။

သားသမီးငယ်စဉ်ကတည်းက အမြော်အမြင်ရှိရှိ နည်းမှန်လမ်းမှန် ဆုံးမတတ်ဖို့ ၊ ကိုယ့်ဘက်က နိုင်တာထက် တိုးပံ့ပိုးနိုင်ဖို့ ၊ အဆိပ်ပင်ရေမလောင်းမိဖို့ ၊ ဥာဏ်ကူပြီး ပံ့ပိုးသွန်သင်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ သူ့အပေါ် ကိုယ်ဘယ်လောက်မေတ္တာထားတယ် ၊ သူ့အတွက် ဘာတွေရည်ရွယ် လုပ်ပေးနေတယ်ဆိုတာကို အနည်းဆုံးတော့ သူနားလည်အောင် တစ်နှစ်အောက်အရွယ်မှာကတည်းက နားလည်မှုဖလှယ်ယူလာပြီး ယုံကြည်မှု အပြန်အလှန် လက်ဆင့်ကမ်းခဲ့ရမှာဖြစ်ပါတယ်။ မိဘကို ယုံကြည်မှု ၊ အားကိုးမှု အပြည့်ရှိထားတဲ့သားသမီးဟာ ဘဝရဲ့  အရေးအကြီးဆုံး ဆုံးဖြတ်ချက်တိုင်းကို မိဘနဲ့တိုင်ပင်သမှု ပြုလာမှာဖြစ်ပြီး ဘဝရဲ့အချိုအခါး အရသာအစုံ ခံစားလာရတဲ့အခါမှာ မိဘကိုသတိတရ တမ်းတမှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆို ငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မိဘမေတ္တာ ၊ ယုံကြည်ရတဲ့ ပြုစုယုယမှု ၊ အားကိုးရတဲ့ ကာကွယ်စောင့်ရှောက်မှု ၊ အနွေးထွေးဆုံးသောရင်ခွင် ၊ အလုံခြုံဆုံးနေရာဟာ မိဘတွေဆီကလွဲလို့ ဘယ်မှာမှ မရနိုင်ဘူးဆိုတာကို သားသမီးက လက်ခံယုံကြည်နေလို့ဖြစ်ပါတယ်။ မိမိကို နားအလည်ဆုံးသောပုဂ္ဂိုလ် ၊ မိမိကိုအမြဲရင်ဖွင့်ကြိုဆိုနေမယ့်လူ ၊ ဘယ်အခြေအနေမှာမဆို မိမိကိုနှစ်သိမ့်မှုပေးမယ့်လူ ၊ မိမိလက်ကို နွေးနွေးထွေးထွေးဆုပ်ကိုင်ပြီး ဘဝအမြင့်ရောက်အောင် ပံ့ပိုးမြှင့်တင်ပေးခဲ့တဲ့ ဒီလက်တွေဟာ တချိန်မှာ မိမိအကူအညီလိုအပ်နေတယ် ၊ မိမိကူညီဖေးမစောင့်ရှောက်ပါမှဖြစ်မယ်ဆိုတဲ့ တာဝန်ယူမှုကို မေတ္တာတရားရဲ့ စေ့ဆော်မှုကြောင့် ကိုယ်ဖွင့်ထုတ်မပြောလည်း သားသမီးကအလိုလို သိပါတယ်။ ဒါဟာ မေတ္တာပေးလို့ မေတ္တာရတာဖြစ်ပြီး သံသရာတပတ် ပြန်လည်လာတာပါ။

မေတ္တာတရားအခြေခံခဲ့လို့ ကိုယ်ပံ့ပိုးပေးခဲ့တဲ့သူတွေက ကိုယ့်ကိုပြန်စောင့်ရှောက်ပေးရမယ့် အသိလည်း အလိုလိုရှိစေတယ်။ ဘာသာတရားကလည်း သင်ပေးထားတယ်။ လူကျင့်ဝတ်ကလည်း သင်ပေးထားတယ်။ လူမှုဝန်းကျင်မှာလည်း ကျင့်ကြံနေတယ်။ ထူးပြီး နားထဲရိုက်သွင်းစရာမလိုပါဘူး။ မေတ္တာပေးဖို့ပဲလိုတာပါ။ သူတို့ငယ်စဉ်မှာ သူတို့ဆန္ဒ ၊ သူတို့လိုအပ်မှုကို နားလည်သိတတ်ပေးမှုမရှိဘဲ သူတို့ကြီးလာမှ မိဘကို မသိတတ်တဲ့ သားသမီးတွေအဖြစ် အပြစ်တင်နေတဲ့ မိဘတွေဟာ နောက်ကြောင်းပြန်မကြည့်လိုသူတွေပါ။ အကြောင်းမှမကောင်းခဲ့ဘဲလေ။ အကျိုးချည်းမျှော်ကိုးလို့တော့ ဘယ်ရမလဲ။ ဒါကြောင့်မို့လို့ ကိုယ်လိုချင်တဲ့အရာတွေမှန်သမျှကို မိဘပီပီ ကိုယ်ကအရင်ပေးနိုင်ဖို့ ကြိုးစားပါမှ တချိန်မှာ အပေးအယူ မျှတကောင်း မျှတနိုင်ရဲ့။ မမျှတလဲဘာအရေးလဲ မိဘဟာမိဘပဲ။ စုန်ရေဟာ ဆန်ရေဖြစ်လာဖို့ မေတ္တာတရားကိုပဲ အားထားပါ။ မိဘတိုင်း သားသမီးကိုသိတတ်လို့ သားသမီးတိုင်း မိဘကို သိတတ်ကြပါစေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

 

 

You might also like