Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အထီးကျန် – BurmeseHearts

အထီးကျန်

0

လိုနေတာ မေတ္တာ
လိုနေတာ မေတ္တာ

တစ်ယောက်တည်းအထီးကျန် ခံစားရတဲ့စိတ်ဝေဒနာဟာ ဆိုးရွားလွန်းတယ်လို့ ခံစားဖူးသူတိုင်း သိကြမှာပါ။ လူတိုင်းဟာ ဘဝတလျောက်မှာ အထီးကျန်ခံစားမှုကို တစ်ကြိမ်တော့ အနည်းဆုံးခံစားကြရလေ့ရှိတယ်။ ဘဝတလျောက်လုံး ပျော်ရွှင်ခဲ့ရင်တောင် သေကောင်ပေါင်းလဲ နာမကျန်းဖြစ်တဲ့အချိန် နဲ့ သေလုဆဲဆဲ အခြေအနေတွေမှာ အထီးကျန် တစ်ယောက်တည်းသွားရတော့မလားလို့ ခံစားလာတတ်ကြတာပါ။

ငယ်ရွယ်တဲ့သူတွေကလည်း အဖော်မဲ့လို့ အထီးကျန်ခံစားရမှု ရှိနိုင်ပါတယ်။ စိတ်ဓါတ်ရင့်ကျက်လာပြီဖြစ်တဲ့ လူကြီးတွေတောင် မခံစားနိုင်တဲ့ အထီးကျန်စိတ်ဝေဒနာဆိုတာကို ကလေးသူငယ်တွေက ခံစားနေရမယ်ဆိုရင် သူတို့ ဘယ်လိုရှိမလဲ။

ကလေးဆိုတာ သူတို့ခြေထောက်အပေါ် သူတို့ မရပ်တည်နိုင်သေးဘူး။ လမ်းလျှောက်တတ်နေတဲ့ ကလေးဖြစ်သည့်တိုင်အောင် လူကြီးကန့်သတ်ထားတဲ့ နေရာတွေထဲမှာပဲ သွားလာဆော့ကစားခွင့်ရှိတယ်။ ဒီ့ထက်ကျော်ပြီး သွားလာခွင့် သူတို့မရှိကြဘူး။ လမ်းမလျှောက်တတ်သေးတဲ့ကလေးဟာ လူကြီးချီပိုးမှ လူကြီးနဲ့တပါတည်း သွားလာနိုင်ကြတယ်။ စိတ်ရှိသလောက် ကိုယ်ပိုင် လုပ်ကိုင်ဆုံးဖြတ်ခွင့် မရှိဘူးဆိုကတည်းက သူတို့တွေမှာ စိတ်ဖိစီးမှု ရှိပြီးသားဖြစ်နေပြီ။ သူတို့ဆန္ဒရှိတဲ့အရာကို လူကြီးက အလိုက်တသိ မဖြည့်ဆည်းပေးဘူးဆိုရင် ဒီစိတ်ဖိစီးမှုကြီးက ပိုတိုးလာပြီ။ လူကြီးတွေက သူတို့ကို အရေးတယူ ဂရုစိုက်မှုမရှိဘူး ၊ သူတို့ဆန္ဒတွေ လျစ်လျူရှုထားမယ် ၊ သူတို့တတွေကို လျစ်လျူရှုထားမယ်ဆိုရင် လျစ်လျူရှုခံထားရတဲ့ သူတို့ဘဝမှာ အထီးကျန်ခံစားမှုဆိုတာတွေ ခံစားလာရပါပြီ။

အထီးကျန်ခံစားမှုကို ကစားဖော်မရှိတဲ့ ကလေးတွေဟာ ခံစားရနိုင်တယ် ၊ စားဖော်မရှိတဲ့ ကလေးငယ်ဟာလည်း ခံစားရနိုင်တယ် ၊ အိပ်ချိန်မှာ တစ်ယောက်တည်း အိပ်ရာဝင်ခဲ့ရတယ် နိုးချိန်မှာ တစ်ယောက်တည်း နိုးထခဲ့ရတယ်ဆိုတဲ့ ကလေးငယ်တွေဟာလည်း အထီးကျန်ခံစားမှုကို ခံစားရပါတယ်။ အထူးသဖြင့် လူကြီးမိဘ ၊ ဆရာသမားတွေ ၊ သက်တူရွယ်တူတွေအပါအဝင် ပတ်ဝန်းကျင်အသိုင်းအဝန်းက အလေးအနက်ထားခြင်း မခံရတဲ့ ကလေးငယ်တွေနဲ့ အနှိမ်ခံကလေးငယ်တွေဟာ အထီးကျန်ခံစားမှုကို ခံစားကြရပါတယ်။ ဘယ်သူဘယ်လောက် ဂရုစိုက်စိုက် သူလိုချင်တဲ့သူဆီက ဂရုစိုက်ပြုစုစောင့်ရှောက်မှု မရရင်လည်း အထီးကျန်ခံစားရတတ်ပါတယ်။

အံ့သြဖို့ကောင်းတာက အထီးကျန်မှု ခံစားကြရတဲ့ ကလေးအများစုဟာ လူလတ်တန်းစားကနေ ပြည့်စုံကြွယ်ဝတဲ့ အဆင့်မြင့်အလွှာက ဖြစ်နေတာပါပဲ။ လူလတ်တန်းစားမိသားစုက ပြည့်စုံသထက် ပြည့်စုံအောင် ရှာဖွေနေရတော့ ကလေးကို လျစ်လျူရှုမိမှန်းမသိဘဲ လျစ်လျူရှုမိကြတယ်။ မအားလပ်ဘူးဆိုတာ အကြောင်းပြချက်တစ်ခုဖြစ်နေပြီး ပင်ပန်းတယ်ဆိုတာက နောက်ထပ်အကြောင်းပြချက်ပါ။ ဒါကြောင့် ကလေးကို ဂရုမစိုက်နိုင်သေးဘဲ မွေးထားတဲ့မိဘတွေက ကလေးကို စိတ်ဒုက္ခပေးမှန်းမသိ ပေးမိသူတွေဖြစ်သလို ကိုယ်တိုင်လည်း မနိုင်ဝန်ထမ်းပြီး ဒုက္ခရှာနေသူပါ။

ကျွန်မတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက် (၅)နှစ်တာမှာ ငွေစုဆောင်းတယ် ၊ နှစ်ဦးအကြားမှာ သဘောတူညီချက်တွေ ညှိနှိုင်းတည်ဆောက်တယ်။ သားသမီးဝန်ကိုထမ်းဖို့ လူအားရော ၊ ငွေအားရော ၊ စိတ်ဓါတ်အားပါ ပြည့်စုံပြီဆိုပါမှ ကလေးယူပါတယ်။ ကျွန်မတို့စိတ်နဲ့နှိုင်းရင်တော့ သားသမီးဝန်ကို မထမ်းနိုင်ဘဲ တစ်ယောက်ကနေ နှစ်ယောက် ၊ နှစ်ယောက်ကနေ ဆင့်ကဲဆင့်ကဲ ယူကြသူတွေဟာ နားမလည်နိုင်စရာလူတွေ ဖြစ်နေပါတယ်။ သဘောထားချင်းမတိုက်ဆိုင်လို့ အမှားပါရင်ခွင့်လွှတ်ပါ။ လူဆိုတာ ကိုယ့်ဝန်ကိုယ်အရင်ထမ်းနိုင်ရမယ် ၊ ပိုလျှံပြီဆိုရင် မိဘဝန်နဲ့ အိမ်ထောင်ဘက်ဝန်ကိုလည်း မျှထမ်းရဦးမယ်။ ဒီဝန်တွေကို အသာလေးထမ်းနိုင်ပြီဆိုမှ ပိုတဲ့ခွန်အားနဲ့ ငွေကြေးအတွက် သားသမီးယူသင့်တယ်လို့ ကျွန်မတို့က ယုံကြည်ထားလို့ဖြစ်ပါတယ်။ ဒါမှလည်း သာယာတဲ့အိမ်ထောင်ရေးဆိုတာနဲ့ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြမယ်မဟုတ်လား။ ကိုယ့်ကြောင့် လူဖြစ်လာရတဲ့ အဖြူထည်ကလေးလေး စိတ်ဒုက္ခမခံစားသင့်ဘူးလို့ ကျွန်မတို့က ခံယူထားတယ်လေ။

ကလေးရဲ့ အကြီးမားဆုံးအားကိုးရာဟာ အနီးဆုံးနဲ့ အရင်းဆုံးဖြစ်နေတဲ့ မိဘပါ။ မိဘထဲမှာမှ ကိုးလလုံးလုံး တကိုယ်တည်းအတူတူ နေခဲ့ရတဲ့ မိခင်ကို ပိုလို့အားကိုး တွယ်တာတတ်ကြတာ ကလေးတိုင်းရဲ့ တူညီသောအကျင့်ကလေးတွေပေါ့။ ဖခင်ဥပက္ခာပြုပစ်ပယ်တာထက် မိခင်ဥပက္ခာပြုပစ်ပယ်ရင် ပိုခံစားကြရတယ်။ ဘယ်လောက်ပဲ ပြည့်စုံအောင် ထားနိုင်တယ်ဆိုဦး အခန်းကျယ်ကြီးထဲမှာ ၊ သားနားတဲ့ အိပ်ယာထက်မှာ ၊ ဖွင့်ထားတဲ့ ကလေးတေးသွားတွေ နားထောင်နေရတာကိုက အထီးကျန်ခံစားရတယ်။ မိဘမဟုတ်တဲ့ လူကြီးမိဘတွေရဲ့ အဆူအငေါက် ၊ အရိုက်အနှက် ခံကြရရင်လည်း ငါ့မိဘမဟုတ်လို့ ငါ့ကိုဒီလိုဆက်ဆံတယ်လို့ အားငယ်တယ်။ ငါ့မိဘသာဆို ငါ့ကိုဒီလိုဆက်ဆံမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။ မိဘနဲ့တွေ့လို့ ကိုယ့်ကို ချီတချက် ၊ နမ်းတချက် ၊ ပွေ့တချက်ချစ်ပြတာကလွဲပြီး ကိုယ့်အနားမှာ ရှိမနေဘူး ၊ ကိုယ့်အနွံအတာမခံဘူးဆိုရင် ကလေးတွေဟာ မပြောတတ်ပေမယ့် စိတ်နှလုံးထဲမှာ ကြေကွဲနေတတ်ကြပါတယ်။

မိဘရှိလျက်ဖြစ်ဖြစ် မရှိလို့ဖြစ်ဖြစ် မိဘရဲ့ အပစ်ပယ်ခံထားရတဲ့ ကလေးတွေဟာ အထီးကျန်ခံစားမှုကို ခံစားရပါတယ်။ ဒီလိုမနှစ်မြို့စရာ ခံစားချက်ကြီးကို ဖျောက်ဖျက်နိုင်ဖို့ ၊ အစားထိုးကြည့်ဖို့ အဆင်ပြေရာရှာဖွေရင်း မတွေ့နိုင်သူတွေက မျက်နှာသေလေးတွေနဲ့ သူများပျော်လို့ မပျော်နိုင် ၊ သူများငိုလည်း မျှဝေခံစားပေးနိုင်စွမ်းမရှိတဲ့ ခံစားချက်အေးစက်လာသူတွေ ဖြစ်လာတတ်တယ်။ သူ့အပေါ်ကို သူများတွေက နွေးထွေးမှုမရှိဘူးလို့ ခံစားခဲ့ရတဲ့အချိန်တွေ ကြာလာခဲ့တော့ သူ့ရဲ့ခံစားချက်တွေဟာလည်း အေးစက်လာခဲ့တာပါ။ ဒါကို တချို့တွေက တည်ငြိမ်တာနဲ့ အယူမှားကြတယ်။ တည်ငြိမ်တယ်ဆိုတာက လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရဲတာ ၊ မတုန်လှုပ်တာ ၊ အပျော်အပါးနဲ့ လမ်းလွဲမနေတာဖြစ်ပြီး အားနည်းသူကို ဖေးမရမယ်ဆိုတဲ့အသိရှိတယ် ၊ ကြင်နာစိတ်ရှိတယ် ၊ ညှာတာစိတ်ရှိတယ်။ ခံစားချက်အေးစက်သူတွေကကျတော့ ဘယ်သူဘာဖြစ်ဖြစ် သူနဲ့မဆိုင်ဘူးဆိုတဲ့ ခံယူချက်ရှိထားသူတွေဖြစ်တယ်။

BurmeseHearts Blog

အထီးကျန်ခံစားရတဲ့ကလေးတွေ ပျော်စရာရှာရင်း တွေ့မြင်သမျှဟာ ပျော်စရာလို့ မခံစားခဲ့ရတဲ့အခါ သူ့အပေါ် လူကြီးမိဘတွေ ဘယ်လိုဆက်ဆံခဲ့သလဲအပေါ်မူတည်လို့ အရွဲ့တိုက်စိတ်တွေလည်း ကြီးစိုးသထက် ကြီးစိုးလာခဲ့ပါတယ်။ ကျွန်မစာသင်ခဲ့ဖူးတဲ့ကျောင်းက ကလေးတစ်ဦးဟာ အဆင့်မြင့်အထက်တန်းလွှာထဲက ကလေးတစ်ဦးဖြစ်ပါတယ်။ ကလေးဟာ ကျောင်းရောက်တာနဲ့ စိတ်မထင်ရင် အခြားကလေးကို ထိုးလိုက်တာ ၊ တွန်းလိုက်တာတွေကြောင့် ခဏခဏ လူကြီးမိဘခေါ်ရတဲ့ ဆိုးသွမ်းတဲ့ကလေး ဖြစ်နေပါတယ်။ လူကြီးခေါ်တိုင်း မွန်ရည်တဲ့ကလေးဖခင် ရောက်လာလေ့ရှိပါတယ်။ နောက်မဖြစ်စေရဘူးဆိုပြီး ကလေးခေါ်သွားလေ့ရှိပါတယ်။ ဖြစ်မြဲဖြစ်လျက်မို့ တနေ့ ကျေယင်းကိုလူကြီးလာဖို့ သူ့အိမ်ဖုန်းခေါ်တော့ ကလေးရဲ့အဖွားဆိုသူနဲ့ မကြုံစဖူး ကြုံတောင့်ကြုံခဲ ဖုန်းထဲကနေ စကားပြောခွင့်ရတဲ့အခါမှာ ကလေးရဲ့ဖခင်ဟာ ကလေးကိုဆိုဆုံးမရင် လက်သီးနဲ့ထိုး ၊ တွန်းထိုး ရိုက်နှက်ဆုံးမတတ်သူ ဖြစ်တယ်လို့ လှည့်ပတ်မေးမြန်းရင်း သိရှိခဲ့ပါတယ်။

အလုပ်မအားတဲ့မိဘတွေဟာ သားသမီးနဲ့ရှိစဉ်မှာ သားသမီးအနား မနေနိုင်ခဲ့တဲ့ (မအားလပ်တဲ့)အချိန်တွေကို ပြန်အစားထိုးပေးတဲ့အခါမှာ ပျော်ရွှင်မှုကို ဦးစားပေးရမှာဖြစ်ပါတယ်။ မိဘရဲ့အနီးကပ် ပြုစုယုယမှုမခံရလို့ အထီးကျန်ခံစားရတဲ့ကလေးဟာ မိဘနဲ့တွေ့ချိန်မှာ စိတ်အလိုမကျမှုအခံနဲ့ နွဲ့ဆိုး ဆိုးကောင်း ဆိုးနေနိုင်ပေမယ့် ဒါကို နားလည်သဘောပေါက်ပေးပါ။ ကလေးကို အနူးညံ့အချိုသာဆုံး ပြောဆိုဆက်ဆံပါ။ အချိန်ပေးပါ။ ကလေးပျော်တဲ့ ကစားနည်းတွေ ၊ ကစားစရာတွေနဲ့ တနေ့ အနည်းဆုံး(၁၅)မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးလို့ ကစားပါ။ မိသားစုအားလုံးမစုံနိုင်ရင်တောင် အမေတလှည့် ၊ အဖေတလှည့် ဒီလို အချိန်ပေးကစားမယ် ၊ စကားတွေ ပြောပေးမယ် ၊ သူပြောချင်တာတွေ နားထောင်ပေးမယ်ဆိုရင် ကလေးဟာ အထီးကျန်မှုတွေ သက်သာလာမှာဖြစ်ပါတယ်။ အရွယ်ရလာတာနဲ့အမျှ သူ့အနားရှိသူတွေဟာ သူ့မိတွေမဟုတ်ဘူးဆိုတာ နားလည်လာမယ်။ ကျောင်းကအတန်းဖော်တွေက သူ့မိဘတွေနဲ့ ပျော်ရွှင်နေခဲ့ရတယ်ဆိုရင် သူလည်း ဒီလိုခံစားမှုကို လိုချင်တယ်။ သူ့မှာရှိတဲ့ ကစားစရာတွေ ၊ ဇိမ်ခံပစ္စည်းတွေဟာ သူ့မိဘကို အစားထိုးမပေးနိုင်ဘူးလို့ နားလည်ထားရပါမယ်။

ကျွန်မသင်ခဲ့ရတဲ့ကျောင်းမှာ ကလေးမလေးတစ်ယောက်ဟာ အိမ်ကကားနဲ့ ကျောင်းရောက်ခဲ့ရင် ကျောင်းရောက်တာနဲ့ တုံဏှိဘာဝေ ဖြစ်သွားရော။ ဘယ်သူနဲ့မှ ရောယှက်ကစားလေ့မရှိသလို ထောင့်တထောင့်မှာ အမြဲတစ်ယောက်တည်း ထိုင်နေရတာကို ခုံမင်တဲ့သူဖြစ်နေတယ်။ သူ့ကို ကဗျာတွေရွတ်လို့ကပြ ၊ အတူဆော့ကစားပေးလည်း သူဟာ စကားမဆိုတဲ့ကလေးဖြစ်နေတယ်။ နောက်မှသိရတာက သူ့မိခင်ဟာ ခင်ပွန်းနဲ့ကွဲပြီး သားအမိနှစ်ဦးရပ်တည်ဖို့ လှုပ်ရှားရုန်းကန်နေရသူ ဖြစ်နေတယ်။ ကလေးတာဝန်အများစုကို အဖိုးအဖွားတွေက အိမ်ဖော်တွေနဲ့ မျှယူနေကြပြီး ဦးလေးတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကျောင်းကြို ၊ ကျောင်းပို့ကအစ လိုလေသေးမရှိ ကလေးကို ထားတာပါ။ ဒီကလေးကလည်း ပြည့်စုံတဲ့လူတန်းစားကပါပဲ။ ဒါပေမယ့် သူ့ရင်ထဲက ဖခင်နေရာလစ်ဟာချက်နဲ့ လိုလားနေတဲ့ မိဘတွေရဲ့ နွေးထွေးမှုဆိုတာကို ဘယ်သူတွေဘယ်လို အစားထိုးပေးလို့ အဲဒီလစ်ဟာချက် ၊ အားငယ်မှု ၊ သိမ်ငယ်မှု ၊ အထီးကျန်မှုတွေကို ဖျောက်ဖျက်မရနိုင်ဘူးလေ။ မိဘတွေစုံစုံညီညီရှိနေတဲ့ ကလေးတွေနဲ့တွေ့တိုင်း သူဟာ သိမ်ငယ်နေနိုင်တာကို လူကြီးမိဘ ၊ ဆရာသမားတွေက နားလည်မှုနဲ့ ဖေးမမှုမပြုရင် အဲဒီအထီးကျန် သိမ်ငယ်မှုတွေဟာ သူ့ဘဝတသက်တာမှ ပါသွားနိုင်ပါတယ်။

ကလေးသူငယ်တွေဟာ နုနယ်တယ်လို့ လက်ခံရင် သူတို့ခံစားချက်တွေဟာ နူးညံ့ပြီး ထိလွယ် ၊ ရှလွယ် ဖြစ်တတ်တာကိုလည်း လက်ခံရပါမယ်။ သူတို့ဟာ မပြောရဲလို့ ၊ မပြောချင်လို့ သူတို့ခံစားချက်ကို ဖွင့်ဟချင်မှ ဖွင့်ဟပြောမှာပါ။ သူတို့ဖွင့်ဟမပြောလည်း သူတို့ရင်ထဲကို ထိုးဖောက်ဝင်ကြည့်ပြီး နားလည်ပေးနိုင်မယ့် ၊ နွေးထွေးပေးနိုင်မယ့် လူကြီးမိဘ ၊ ဆရာသမားတွေဟာ သူတို့ဘဝအထောက်အပံ့အတွက် ၊ သူတို့ခံစားချက်အထောက်အပံ့အတွက် လိုအပ်နေပါတယ်။ ပစ္စည်းတွေ ပုံပေးလည်း လုပ်ယူလို့မရနိုင်တာ မေတ္တာတရားပါ။ အဲဒီမေတ္တာတရားကနေမှ နွေးထွေးတဲ့ ခံစားချက်ဆိုတာကို ရရှိတာပါ။ စိတ်အင်အားနဲ့ မေတ္တာတရားသာပြည့်စုံနေပါစေ ပစ္စည်းမပြည့်စုံတဲ့ဘဝကို မိဘတွေနဲ့ ဒိုးတူဘောင်ဘက် ရုန်းကန်သွားနိုင်တဲ့ခွန်အားကို သဘာဝက ဖန်ဆင်းပေးတယ်။

ပစ္စည်းဥစ္စာဘယ်လောက် ပြည့်ပြည့်စုံစုံနဲ့ ထားနိုင်ပါစေ မေတ္တာမခံစားရဘူးလို့ အထီးကျန်ခံစားရသူတွေဟာ လူ့ဘ့ဝမှာ နေထိုင်ကြီးပြင်းနေရတာတွေဟာ အဓိပ္ပါယ်မရှိဘူး ၊ မြင်သမျှတွေဟာ စိတ်ဝင်စားစရာမရှိဘူး ၊ ရထားတာတွေက အသုံးမဝင်ဘူးဆိုတဲ့ ခံစားချက်တွေကိုလည်း ဖြစ်စေပါတယ်။ လစ်ဟာနေတဲ့ မေတ္တာတရားကို ရှာဖွေရင်း မတွေ့ရှိနိုင်ကြတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒါကို သူတို့က ပျော်စရာရှာတယ်လို့ သတ်မှတ်ကြပါတယ်။ မေတ္တာတရားကို မခံစားရတော့ နွေးထွေးပျော်ရွှင်တဲ့ ခံစားချက်ကို မခံစားရတာပါ။ အထီးကျန်စိတ်ဝေဒနာဟာ ငွေကြေးဂုဏ်ဒြပ်တွေနဲ့ အစားထိုးပေးလို့ ၊ အတုအယောင်တွေနဲ့ ခံစားစေလို့ ပျောက်သွားတာမျိုးမဟုတ်ဘဲ မေတ္တာတရားကို ခံစားရမှ ပျောက်ကင်းသွားတတ်တာပါ။ ကလေးငယ်တွေ အထီးကျန်စိတ်ဝေဒနာက ကင်းလွတ်ကြပါစေလေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like