Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အတိတ်ခြေရာ – BurmeseHearts

အတိတ်ခြေရာ

0

နေဝင်မိုးချုပ် အလုပ်ရှုပ်နေတတ်တဲ့ ကျွန်မတစ်ယောက် ဒီနေ့ ဘာရယ်မဟုတ် ပြက္ခဒိန်ပေါ်ကို မျက်လုံးရောက်လိုက်တော့ ယနေ့ရက်စွဲအား သတိထားမိတာမို့ မျက်ခုံးပင့်တက်သွားသည်။

“သြော်  ဒီနေ့ ဂျူလိုင်(၁၀)ရက်တောင် ဖြစ်ပါပေါ့ ။ ဒါဆို ဂျူလိုင်(၆)ရက်နေ့ဆိုတာ ကျော်သွားခဲ့ပြီပဲ။ ” ဟု ဘာသာတွေးမိသည်။

အတွေးရဲ့နောက်မှာ နင့်မွေးနေ့တောင် ငါမေ့နေပြီပဲဟု အံ့သြဝမ်းသာ ပျော်သွားမိသည်။ အပျော်ရဲ့နောက်မှာ ထပ်ဆင့်လို့ နှစ်လိုဖွယ်ပြုံးရင်း ဒီလိုမေ့နိုင်ဖို့ အတော်ကြိုးစားခဲ့ရလေခြင်းဟု ကိုယ့်ကြိုးစားမှုအပေါ် ပီတိဖြစ်မိသည်။

ပီတိဖြစ်လို့မှ မဆုံး။ “တကယ်မေ့နေရင် ဒီလို နင့်မွေးနေ့ကို အမှတ်ရတော့မှာတောင် မဟုတ်ဘူး” ဟု ဆန့်ကျင်ဘက် အတွေးက ပေါ်လာပြီး စိတ်ညစ်ငြူးသွားသည်။ သေချာတာကတော့ ငါ့မျက်လုံးတွေ မှုန်မှိုင်းသွားမှာပဲ။ ငါနင့်ကို အခုထိ မမေ့နိုင်သေးပါလား။

နင့်မွေးနေ့တောင် ကျော်သွားခဲ့ပြီ ။ ဒါဆို ငါတို့ ချစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့က နင့်မွေးနေ့မရောက်ခင် တစ်လအလိုဆိုတော့ အခု နင်ဘယ်နှစ်နှစ်ပြည့်လို့ တို့နှစ်ပတ်လည်က ဘယ်နှစ်နှစ် ပြည့်ခဲ့ပါလိမ့်ဆိုတဲ့ အတွေးနဲ့ နှစ်တွေတွက်ရင်း အလုပ်ရှုပ်သွားခဲ့ပြန်သည်။

“ကိုယ့်စိတ်ကိုယ် အရှုပ်တွေ လုပ်နေပြန်ပြီ” ဟု သတိပေးမိမှ တွက်ချက်တာတွေ ရပ်လိုက်ကာ “ငါဘယ်တော့များမှ နင့်ကို အပြီးမေ့မှာလဲ” ဟု သက်ပြင်းမောတစ်ခု ချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် တွေးမိမှတော့ ဒီခဏလေး ဆုံးအောင်တွေးလိုက်မယ်။ နင့်အတွက် နောက်ကျ မွေးနေ့လက်ဆောင်ပေါ့” ဟု ဘာသာ အားပေးပြီး အတွေးဆက်နေဖြစ်တော့သည်။

“နင်နဲ့ Online မှာ Chatting လုပ်တာကို ငါ့ရည်းစားက မကြိုက်ဘူး” ဆိုတဲ့

နောက်ဆုံးစကားနဲ့ ငါ Online ရောက်ရောက်ချင်း နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ နင့်အပေါ် ခံပြင်းလှစွာ

“ဒါဆိုလဲ Delete လုပ်လိုက်လေ” လို့ အငေါ်တူးခဲ့တဲ့ ငါ့ Account ကို နင်တကယ် Delete လုပ်ခဲ့တဲ့နောက်ပိုင်း နင့်အကြောင်း ငါမသိရတော့သလို ငါ့အကြောင်းလဲ နင့်ပြောမယ့်သူရှိမှာ မဟုတ်တော့ဘူးနော်။

ဆက်စပ်မှုမရှိတဲ့ ငါတို့နှစ်ယောက်ရဲ့ အသိုင်းအဝန်းကြားထဲ ဆက်ပြီးရင်း ဆက်နေမိခဲ့တဲ့ ငါ့မပြတ်သားမှုကြောင့်ပဲ ဒီ့မတိုင်မီအထိ ငါတို့ ပတ်သက်မှုရှိခဲ့ကြတာပဲ။

“လူငယ်သဘာဝ နီးစပ်မှုကြောင့် ဖြစ်ခဲ့ကြတာပါ” လို့ လက်လွတ်စပယ် ပြောခဲ့ဖူးတဲ့နင့်ကို တဘဝလုံးစာ ချစ်ခဲ့တဲ့ ငါ့အချစ်တွေနဲ့ ငါသက်သေပြချင်လိုက်တာ။

ဒါပေမယ့် ဝေးကွာနေသူ နှစ်ဦးအကြားက တစ်ဦးရဲ့လွမ်းဆွေးမှုဆိုတာကို နောက်တစ်ဦးယုံကြည်လာအောင် ထုတ်ပြောရုံအပြင် အခြားသက်သေပြစရာ ဘာရှိနိုင်ဦးမလဲ ငါမသိဘူး။

နင်ပြောသလို နီးစပ်မှုကြောင့် ချစ်သူဖြစ်ခဲ့ကြတဲ့ တို့နှစ်ယောက်မှာ နင်က ငါ့ကိုထားခဲ့ပြီး လမ်းခွဲထွက်သွားချိန်ကတည်းက ဘာလိုလိုနဲ့ ငါတို့ဝေးသွားခဲ့တာပဲ။

အနီးကပ်ရှိချိန်မှာ နီးစပ်မှုကြောင့်ဖြစ်ခဲ့ကြတာလို့ လွယ်လွယ်ပြောခဲ့တဲ့နင့်ကို ဝေးသွားရင် ငါ့တန်ဖိုးသိမှာပဲလို့ ထင်ခဲ့တာ ငါ့ကိုယ်ငါ အထင်ကြီးလွန်းသွားမှန်း နင်လုံးဝပြတ်စဲလိုက်မှ သိခဲ့ရတယ်။

သူငယ်ချင်းဆိုတဲ့ မျက်နှာဖုံးပါးပါးအောက်မှာ နင့်ကိုလိုက်ပတ်သက်လို့ အောက်ချဆက်ဆံရင်း နင့်သတင်းတွေ ရိုးတိုးရိပ်တိတ် ငါရတဲ့အခါ ရင်နာရရုံအပြင် ငါ့လွမ်းဆွတ်မှုတွေပါပြေလေတော့ ဒီပတ်သက်မှုလေးကိုပဲ လွတ်ထွက်မသွားအောင် ငါဖက်တွယ်ထားမိတယ်။

ဘယ်လိုမှ လူချင်းမဆုံနိုင်တော့တဲ့ အကွာအဝေးအကြီးကြီးကြားမှာ နင့်ကို Online မှာမြင်ရင် အလိုလို ပျော်လာတဲ့ ငါ့စိတ်ကို ငါပြန်လိမ်လို့ မရခဲ့ဘူး။

နင်ကလဲ ငါ့ဘက်ကမရိုးသားနိုင်သေးဘူးဆိုတာ သိချင်သိနိုင်တာပဲ။ တကယ်ဆို မဆုံနိုင်တဲ့ အကွာအဝေးဆိုတာလဲ မဆုံချင်တဲ့ နင့်ကြောင့်ဆို ပိုမှန်လေမလား။

နင်ရှိရာအရပ် ဘယ်လိုမှ လာလို့မရတဲ့ငါ ၊ ငါရှိရာအရပ်ကိုလည်း တစ်ခါမှတောင် နင်ပြန်မလာခဲ့ဖူးဘူး။ “နဂိုကတည်းက ထားခဲ့ချင်လို့ ထွက်သွားပါတယ်ဆိုမှ ပြန်လာဖို့မျှော်နေသေးလား ငတုံးမရဲ့” လို့ နင့်ရဲ့ စိမ်းစိမ်းကားကား စကားတွေအောက်မှာ ငါ့စိတ်ငါ မနာနာအောင် ဆွဲလိမ်လိုက်မိတယ်။

ငါလိုအရူးမကလဲ တုံးတဲ့အပြင် သွပ်ချာပါဒလိုက်အောင်ကို နင့်ရူးသွပ်ခဲ့တာပါလား။

နှုတ်လဲမချို ၊ ငါ့အပေါ်ဆို စိတ်မလိုနိုင်လွန်းတဲ့ နင့်ကို “လုံးဝ မချစ်နိုင်တော့ဘူးလား”လို့ အရှက်မဲ့လွန်းစွာ မေးမိခဲ့တဲ့ငါ့ကို ဟားတိုက်ပြီး “ဘာလဲ နင်က ဇတ်လမ်းမပြီးနိုင်သေးဘူးလား ။ မျှော်လင့်နေသေးလို့လား” လို့ ပြောရက်ခဲ့တဲ့ နင့်စကားရဲ့အောက်မှာ ငါ့ကိုယ်ငါမုန်းတဲ့စိတ်ဟာ အခုထိ အကင်းမသေသေးဘူး။

အဲဒီကတည်းက ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ နင်မရှိတဲ့ အနာဂါတ်ထဲ ငါရအောင် နေပြရမယ်လို့ ကိုယ့်ဘာသာ တချက်လွတ် အမိန့်ပေးခဲ့တယ်။ ပြောတော့လွယ်တယ် ။ လုပ်ရခက်တယ်ဟာ။

အခုလို (၃)နှစ်နီးပါးအထိ နင့်အကြောင်းတွေးနေဖြစ်သေးရင် နင်မပါတဲ့ ငါ့ဘဝထဲ နေသွားရတော့မယ်ဆိုတာဟာ ငါ့အတွက် တသက်လုံးခြောက်ခြားနေမယ့် အိမ်မက်ဆိုးတစ်ခုလိုပဲ။ ဒါကြောင့်လဲ နင်ငါ့ဆီပြန်လာတယ်လို့ အမြဲ အိမ်မက်နေခဲ့တာထင်တယ်။

ငါ့ဘဝထဲက နင့်သဘောနဲ့နင် ထွက်သွားခဲ့သလို ငါ့အတွေးတွေ ၊ ငါ့အိမ်မက်တွေထဲကလည်း ဘယ်တော့မှ ပြန်မလာစတမ်း နင်ထွက်သွားလိုက်လို့ မရဘူးလား ။

တကြော်ကြော် မခေါ်တော့ပေမယ့် နှင်ဖို့အင်အားမရှိတဲ့ ငါ့ဘဝထဲက အဆုံးတိုင် နင်ထွက်သွားလိုက်ပါ။ “ဒီတစ်ခါ ပြန်ဆုံကြမယ် ။ ကိုယ်ကတိပေးတယ်” ဆိုတဲ့ လေချိုစကား နင်မပြောခဲ့နဲ့နော်။ ငါ့စိတ်ငါ ပြတ်သားချင်လို့ပါ။

ချစ်ဖို့ကျတော့ တခဏလေးနဲ့လွယ်ပြီး မုန်းဖို့ကျတော့ တဘဝစာ ခက်ခဲလိုက်ပုံများ တခါတလေ ဒါ .. ငါ့တစ်ယောက်တည်းများလားဆိုတဲ့ အတွေးတောင်ဝင်တယ် ။ ဒါပေမယ့် ရည်းစားကွဲဖူးတာ တကမ္ဘာလုံးမှာ ငါ့တစ်ယောက်တည်းမှ မဟုတ်တာ ။ သူတို့တွေလည်း ဒီလိုပဲ နေထိုင်သွားကြတာ မဟုတ်လား။

ငါလဲ သူတို့လိုပဲ နင်မပါတဲ့ဘဝမှာ လူအမြင် နိမ့်ကျသူတစ်ယောက်ရယ်လို့  ဖြစ်မနေရအောင် ကြိုးစားနေထိုင်သွားဦးမယ် ။ နင်ပစ်ထားခဲ့တဲ့မိန်းမဟာ အသုံးမဝင်သူတစ်ယောက် မဟုတ်ဘူးဆိုတာ အလုပ်နဲ့ သက်သေပြဦးမယ်။ နင်ပစ်ထားခဲ့လို့လဲ ငါ့ဘဝ ပျက်မသွားတဲ့အပြင် အညွန့်တလူလူ တက်နေဆဲဆိုတာ နင်အသိအမှတ်ပြုလာတဲ့အထိ ငါလုပ်သွားဦးမှာ ။

တကယ်ဆို ငါတစ်ယောက်တည်း သိထားတာကတော့ နင့်စိတ်နဲ့ပဲ ငါအသက်ရှင်သွားဦးမှာလေ။

ဥသြမေ (Burmesehearts.com)

You might also like