Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အစာသစ်မိတ်ဆက်တဲ့ ကလေးငယ်တစ်ဦး၏ တနေ့တာ – BurmeseHearts

အစာသစ်မိတ်ဆက်တဲ့ ကလေးငယ်တစ်ဦး၏ တနေ့တာ

0

ကလေးငယ်တွေကို အစာသစ်မိတ်ဆက်တဲ့အခါ အတွေ့အကြုံမရှိတဲ့ သားဦးမိခင်တွေအတွက်ကတော့ မသိတာတွေ အတော်များပါတယ်။ ဘယ်လိုအစာကို ဘယ်အရွယ်မှာ ဘယ်လောက်ပမာဏ ဘယ်လိုလုပ်ကျွေးရမလဲ ဆိုတာကနေ ကလေးစားချင်အောင် ဘယ်လိုဆွဲဆောင်ကျွေးရမလဲဆိုတာတွေလည်း သိဖို့လိုအပ်နေတယ်မဟုတ်လား။

ရှေ့ကပို့စ်တွေမှာ နေထိုင်ကြီးပြင်းရာဒေသအစာကို မိတ်ဆက်ပြီးမှ ကိုယ်လိုရာမိတ်ဆက်ပါလို့ဖော်ပြခဲ့ဖူးပါတယ်။ အခုဖော်ပြမှာကတော့ ကလေးငယ်တွေ အစာကို လိုလိုချင်ချင် ၊ ခုံခုံမင်မင်းစာတတ်လာဖို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ဆိုရင် အထူးသဖြင့် ကလေးကိုပုံမှန်အစာကျွေးတတ်တဲ့ မိခင် သို့မဟုတ် လူကြီးတွေက ပါးနပ်စွာ ဆွဲဆောင်ကျွေးတတ်ဖို့ လိုပါတယ်။

ပထမဦးစွာ ကလေးငယ်ကို နို့လိုမပျစ်မကျဲ အရည်လေးကနေစတင်ကျွေးမွေးရမှာဖြစ်ပါတယ်။ ဒါဟာ ထမင်းရည် ကနေ စွပ်ပြုတ်အထွေထွေတွေကို လူကြီးစားတဲ့ စတီးဇွန်း တဝက်လောက်ကနေ စတင်မိတ်ဆက်ရမှာပါ။ ဘယ်အစာမဆို လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ အမျိုးတူအစာကို အနည်းဆုံးနှစ်ရက် မိတ်ဆက်ကျွေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့ကအစာကို ဒီနေ့နွေးကျွေးတာမျိုး မလုပ်ရပါဘူး။ နို့မဟုတ်တဲ့ အစာသစ်ဖြစ်နေတယ် ကလေးရဲ့ ခံတွင်းနဲ့ အစာချေဖျက်စနစ်အတွက် လတ်လတ်ဆတ်ဆတ်ချက်တာမှ ပိုသင့်တော်နေပါတယ်။ ကလေး မစားချင်ရင် အတင်းမကျွေးဘဲ သူစားနိုင်တဲ့ ပမာဏကိုပဲကျွေးပါ။ အစာပမာဏကို ရက်သတ္တပတ်ခြားတစ်ကြိမ် တိုးကျွေးတာမျိုး ၊ အကြိမ်အရေအတွက် တိုးကျွေးတာမျိုးဟာလည်း ကလေးရဲ့ တုန့်ပြန်မှုအလိုက် လူကြီးက အလိုက်သင့်ကလေး တိုးကျွေးသွားရမှာဖြစ်ပါတယ်။

BurmeseHearts Blog

အထူးသတိထားရမှာက ကလေးကို အစာသစ်စမိတ်ဆက်ချိန်မှာ စိတ်ဖိစီးမှုမဖြစ်စေရပါဘူး။ အရသာသစ် စခံစားချိန်မို့ လျှာကလေးနဲ့ပြန်ထိုးထုတ်ပြီး လက်မခံသလို လုပ်တတ်ပေမယ့် ဖျော်ဖြေရေးတပိုင်းနဲ့ စိတ်ရှည်ရှည် ကျွေးရမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးတပိုင်းဆိုလို့ ဖုန်း ၊ အင်တာနက် ၊ တီဗွီ ၊ ရေဒီယိုကအစ သီချင်းအဆုံး ကလေးအစာကျွေးမွေးချိန်မှာ မဖွင့်ထားပါနဲ့။ အဲဒီဘက်တွေအပေါ် ကလေး စိတ်မပျံ့သွားစေဘဲ ကလေးရဲ့အာရုံအကုန်လုံး အစာဆီမှာ စိတ်ရောက်နေအောင်ဖြစ်ပါတယ်။

တချို့မိဘတွေက ကလေးအစာဝင်အောင်ဆိုပြီး တီဗွီရှေ့ကျွေးတာ ၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် အီလက်ထရောနစ် ပစ္စည်းတွေသုံးလို့ ကာကွန်းကြည့်ရင်း အစာခွံ့ကျွေးတာ ၊ သီချင်းကြည့်ရင်း ၊ နားထောင်ရင်း အစာစားစေတာဟာ ကလေးအတွက်တင်မက မိဘအတွက်ပါ ရေရှည် မကောင်းပါဘူး။ ကလေးအတွက် မကောင်းတာက ကလေးဟာ စားတဲ့အစာအပေါ် စိတ်မရောက်တော့ဘဲ ဖွင့်ထားတဲ့အရာအပေါ် စိတ်ရောက်နေတဲ့အခါ အရသာလဲမသိ ၊ ဝ မဝ ဆိုတာလည်း မသိတဲ့အပြင် ရေရှည်မှာ လူကြီးမိဘက မခွံ့ကျွေးရင် မစားဘဲနေတဲ့အတွက် အရွယ်ကြီးတာနဲ့အမျှ ပိန်လှီလာတာ ၊ ကိုယ်ခံအားနည်းတာ ၊ ကိုယ်ခံအားနည်းတော့ ရောဂါ အဝင်လွယ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာ အချိန်ပေး ခွံ့မကျွေးချင်တော့တဲ့ လူကြီးမိဘဟာ အရွယ်ကြီးလာတဲ့ကလေး သူ့ဘာသာသူ မစားလို့ ၊ အစာချေးများလို့ ဆိုတာတွေလည်း ကြုံရတော့မှာပါ။

တချို့ကလေးကျတော့ ဖွင့်ထားတာတွေကြည့်ရင်း လူကြီးမိဘကျွေးသမျှ ဒိုင်ခံစားတယ်။ ဒီလိုကလေးတွေကျတော့ အဝလွန်ကလေးတွေ ဖြစ်လာနိုင်ပါတယ်။ ငယ်စဉ်မှာ မိခင်နို့ရည်အာဟာရနဲ့ ဝဝကစ်ကစ်ကလေး ဖြစ်နေတဲ့ လသား ၊ တစ်နှစ် ၊ နှစ်နှစ် အရွယ်ကလေးတွေဟာ ချစ်စရာကောင်းပေမယ့် ကျောင်းတက်တဲ့အရွယ်မှာ ဖက်တီးလို့ အခေါ်ခံရတဲ့ ဝဝကစ်ကစ်ကလေးတွေကတော့ ရေရှည်မှာ ကိုယ်အလေးချိန် လျော့ချသွားဖို့ရာ ခက်နေပါတော့မယ်။ အတန်းထဲမှာ အစ ၊ အနောက်ခံရတဲ့ အဝလွန်ကလေးတွေဟာ အပေါင်းအသင်းနည်း ၊ သိမ်ငယ်စိတ်တွေလည်း ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးဆို ဝမှကောင်းတယ်ဆိုတဲ့ လူကြီးမိဘတွေဟာ ဒီအချက်ကို သတိထားရမှာဖြစ်ပါတယ်။

ကျွန်မကလေးကို အရည်ကလေးစကျွေးတုန်းက အစာသစ် မိတ်ဆက်မှုကြောင့် မစားချင်တဲ့ စိတ်ဖိစီးမှု ဖြစ်လာနိုင်တာမို့ ကိုယ်တိုင်ဟာသလုပ် ၊ ကပြ ၊ ခုန်ပြ ၊ ပြောင်ပြ ၊ စားပြရင်း အစာတလုပ် ဘယ်လိုဝင်သွားမှန်း မသိအောင်လည်း ကျွေးပါတယ်။

အစာသစ်စတင်မိတ်ဆက်တဲ့ အမှတ်တရနေ့

အပေါ်ပုံက သူ့ကို အစာသစ် မိတ်ဆက်ကျွေးခဲ့ချိန်မှာ အမှတ်တရ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ ကျွန်မပုံက အရူးတစ်ယောက်လို ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ကလေးဟာ စိတ်ဖိစီးမှုမရှိ ၊ ပော်ျပျော်ရွှင်ရွှင်နဲ့ အစာသစ်ကို စားခဲ့တယ်လေ။ ဒါကိုက ရလဒ်ကောင်းတစ်ခုပဲမဟုတ်လား။ ကလေးကို ဒါဟာကောင်းတယ်လို့ ပါးစပ်ကပြောပြီး အတင်းလုပ်ခိုင်းတာထက် ကိုယ်တိုင်လုပ်ပြပြီး သူ့ကိုပါလုပ်ချင်လာအောင် ဆွဲဆောင်တာက အကောင်းဆုံးဖြစ်ပါတယ်။

အစာပျစ်ပျစ်ကျွေးတဲ့အခါ ဘေးမှာမြင်ရသလို ကလေးပါးစပ်နဲ့ ပေကျံတာတွေ သုတ်ပေးဖို့ တစ်ရှူးစို ၊ လက်ကိုင်ပုဝါအခြောက် ၊ ရေဗူးနဲ့ အစာကျွေးတဲ့ခွက်လေး အဆင်သင့်ထားရပါမယ်။ ကူးစက်ရောဂါမရှိတဲ့သူနဲ့ ခံတွင်းရောဂါ မရှိတဲ့သူတွေက ကလေးကို အစာဝါးကျွေးနိုင်ပါတယ်။ ကျွန်မကလေးက ပူပူနွေးနွေးစားရမှ ကျေနပ်တဲ့ကလေးမို့ ကျိတ်ပြီးကျွေးရင် အစပိုင်းပဲစားပြီး အေးသွားရင်မစားတော့ဘူးလေ။ ရေနွေးရောလို့ ကျဲသွားပြန်ရင်လည်း မစားတော့ဘူး။ ဒီတော့ ဝါးခွံ့ခဲ့ရတယ်။

အစာကျွေးတဲ့အခါ ပက်လက်ကျွေးရင် ကလေးအစာနင် ၊ ရေသီးဖို့ ရာခိုင်နှုန်းများတာမို့ ထိုင်လျက်ကလေး ကျွေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ တပုလ္လင်ခွေထားတဲ့ ပေါင်ပေါ်မှာ မထိုင်နိုင်သေးတဲ့  ကလေးငယ်တွေကိုတင်ပြီး ကျွေးတဲ့အချိန်မှာတော့ ကလေး ခေါင်းပိုင်းရောက်နေတဲ့ပေါင်မြှင့်လိုက်ရင် ကလေးကို နည်းနည်းမတ်ကျွေးသလိုဖြစ်သွားတယ်။ ကလေးမြိုချပြီးမှ ဒူးပြန်ချ ၊ ရေတိုက်လည်း ဒီအတိုင်း လုပ်ပေးသင့်ပါတယ်။ ထမင်းတလုတ် ရေတမုတ်ထက် ၊ ထမင်း နှစ်လုတ် ၊ သုံးလုတ် ရေတမုတ်ဆိုရင် ကလေးက ထမင်း ပိုစားတယ်လေ။

ကလေးကိုကျွေးမယ့်ဇွန်းဟာ စတီးဇွန်း ၊ ကြွေဇွန်း မဖြစ်သင့်ပါဘူး။ မတော် ချော်သွားတဲ့အခါ ကလေးသွားဖုံးတွေ နာကျင်နိုင်ပါတယ်။ ကော်ဇွန်းဆိုလည်း မာမာတွေ ၊ ခပ်ကြီးကြီး အရွယ်အစားတွေ မသုံးသင့်ပါဘူး။ ထိပ်ပိုင်းက ပျော့ပျော့လေးဖြစ်နေတဲ့ ဇွန်းဆိုရင် ကလေးရဲ့လျှာအနေအထိုင်းအတိုင်း အလိုက်သင့်ခွံ့ကျွေးနိုင်တယ်။ ကျွေးရင် ဇွန်းအပြည့်ကျွေးတာမျိုးမလုပ်ဘဲ ဇွန်းတဝက်လောက် ခွံ့ရမှာဖြစ်ပါတယ်။ နှစ်ဇွန်းအရံသင့်အနေနဲ့ ကျွေးတဲ့အခါ ခွံ့တဲ့ဇွန်းကို ကလေးကအတင်းဆွဲပြီး သူ့ပါးစပ်ထဲထည့်တာဆိုရင် ပြန်လိုက်လုနေစရာမလိုဘူး။ နောက်တဇွန်းနဲ့ခွံ့ အဲဒီအခါ အရင်ဇွန်းကို သူကပစ်ချ ၊ ဒီဇွန်းကိုယူထည့်စား လုပ်လို့ရတယ်။ တစ်ဇွန်းထဲထားလို့ ကလေးဆီက ပြန်ဆွဲလုရင် ကလေးငိုမှာဖြစ်တဲ့အတွက် ထမင်းစားပျက်သွားနိုင်ပါတယ်။

ထမင်းဝသွားရင် သူ့ရေဗူးလေးကို ပေးစုပ်စေတဲ့အခါ သူလိုသလောက် စို့ယူမှာဖြစ်ပါတယ်။ အစာသစ် စကျွေးပြီဆိုကတည်းက ရေသန့်သန့်ကိုလည်း စတိုက်လို့ရပြီလေ။ ဒါမှ ကလေးဝမ်းပျော့မှာဖြစ်ပါတယ်။ အစာသစ်စားပြီး ရေများများမသောက်တဲ့ကလေးဟာ ဝမ်းချုပ်လာနိုင်တာမို့ ကျွန်မဆို ကလေးနိုးတာနဲ့ နို့တိုက် ၊ ပြီးရင်ရေတိုက် ၊ အစာကျွေးပြီးရင်လည်း ရေတိုက်တဲ့ အကျင့်ကလေး လုပ်ထားလိုက်တယ်။ သူနဲ့မြှူရင်းကစားတဲ့အချိန်မှာလည်း ရံဖန်ရံခါဆိုသလို တစက် ၊ နှစ်စက်ပဲဝင်ဝင် ရေတိုက်ပေးပါတယ်။ ဒါဟာ ကလေးငယ်ကို ရေများများ သောက်ကျင့် မိတ်ဆက်ပေးတာဖြစ်ပါတယ်။ ရေများများသောက်နိုင်တဲ့ကလေးတွေဟာ ပိုကျန်းမာပါတယ်။

စားပြီးရင်တော့ သူကြိုက်တဲ့ကစားစရာလေးပေးပြီး ကစားစေတဲ့အခါမှာ ကိုယ်က သူစားထားတဲ့ ပန်းကန်ခွက်ယောက်တွေ ခပ်မြန်မြန်လေးဆေးဖို့ အချိန်ရတာပေါ့။ အစာသစ် စမိတ်ဆက်ပြီမို့ သူ့ခံတွင်းဟာ ယခင်ကထက် သန့်ရှင်းဖို့ လိုလာပါပြီ။ ရေသောက်ရင်း ခံတွင်းသန့်ရှင်းပေးသလို ဖြစ်သွားပေမယ့် ငါးလကျော် ခြောက်လအရွယ်ဟာ သွားပေါက်နိုင်တဲ့အရွယ်မို့ တစ်နှစ်အောက်သီးသန့် သွားပွတ်တံလေးကိုလည်း ဆောင်ထားရမှာဖြစ်ပါတယ်။

တစ်နှစ်အောက် ကလေးသွားတိုက်တံ ပုံစံအမျိုးမျိုးနဲ့ တံဆိပ်အမျိုးမျိုးရှိပေမယ့် ကလေးထိုးထည့်ရင် သူ့ပါးစပ်ထဲတဆုံးမဝင်နိုင်မယ့် သွားပွတ်တံမျိုးကို ဦးစားပေးရွေးချယ်ပါ။ ကျွန်မတုန်းက အပေါ်ပုံမှာပြထားတဲ့ သွားပွတ်တံလေးကို ကလေးမအိပ်မီနဲ့ အိပ်ရာနိုးလာရင် ပေးပြီးကစားစေပါတယ်။ သူ့ရဲ့ခံတွင်းလည်းသန့်ရင်းပေါ့။ နေ့လည်နေ့ခင်း အိပ်ရာနိုးလာလို့ အသီးအနှံကျွေးမယ်ဆိုရင် ချေထားတဲ့ အသီးကို ခွံ့ကျွေးနိုင်သလို ကိုက်စားရတာကိုမှ အာသီသရှိတဲ့ကလေးတွေကိုတော့ လူကြီးမျက်စိအောက်မှာ သူ့ပါးစပ်ထဲမဝင်နိုင်တဲ့ အသီးပမာဏကြီးကြီးလှီးပြီး တိုက်ရိုက်ကျွေးတာမျိုး လုပ်နိုင်ပါတယ်။

လူကြီးတစ်ယောက်ယောက် အမြဲစောင့်မကြည့်နိုင်တဲ့ကလေးဆိုရင်တော့ အပေါ်ပုံမှာပြထားသလို ဇကာစစ်လေးပါတဲ့ အသီးစွပ်အိတ်ကလေးနဲ့ ကလေးကို ပေးထားနိုင်ပါတယ်။ သူက ကိုက်ရင်းနဲ့ အချိုရည်တွေကို စုပ်ယူမှာဖြစ်ပါတယ်။ အသီးပဲ့တွေနဲ့ ကလေးလည်မြိုတစ်နေမှာ မပူရတော့ဘူးပေါ့။ ကလေးကိုပေးမယ့် ကစားစရာတွေဟာ ကလေးပါးစပ်ထဲ ပဲ့ပါဝင်မသွားနိုင်မယ့် ကစားစရာမျိုး ၊ ကလေးပါးစပ်ထဲ ထိုးမဝင်သွားနိုင်တဲ့ ကစားစရာမျိုး ဖြစ်ရပါမယ်။

ကလေးဖျားရာကနေ မိခင်ကို ကူးနိုင်သလို မိခင်ဖျားရာကနေလည်း ကလေးကို ကူးနိုင်ပါတယ်။ မိခင်ဖျားတာနဲ့ ကလေးအဖျားကူးမှာစိုးလို့ ကလေးကို နို့မတိုက်တာမျိုး မလုပ်ရပါဘူး။ မိခင်ဖျားလည်း ကလေးကို ဆက်လို့နို့တိုက်ပေးရမှာဖြစ်သလို ဖျားနေတဲ့ကလေးကိုလည်း မိခင်က နို့ပိုတိုက်ပေးတာ ၊ ရေများများ တိုက်ပေးတာတွေ လုပ်ရပါမယ်။ အပူချိန်ကြောင့် ကလေး ရေဓါတ်မခမ်းခြောက်လာအောင်လို့ ဖြစ်ပါတယ်။ အပေါ်ပုံက သားအမိနှစ်ယောက် ဖျားနေပုံနဲ့ လန်းနေပုံလေးတွေပါ။

ကျွန်မကို သားချော ၊ သမီးချောလေးမွေးပါစေလို့ ဆုတောင်းမေတ္တာပေးပို့ကြတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးပါလို့ ဒီနေရာနေပြောရင်း ယခင်က မရည်ရွယ်ထားခဲ့တဲ့ သမီးချောလေးရဲ့ ပုံကို မျှဝေပေးလိုက်ပါတယ်။ အပေါ်ပုံက သမီးလေး လေးလစွန်းစွန်းမှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အားလုံးစိတ်ရွှင်လန်း ၊ ကျန်းမာလို့ ပျော်ရွှင်ကြပါစေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like