Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သံသရာ ရှည်ရခြင်းအကြောင်း – BurmeseHearts

သံသရာ ရှည်ရခြင်းအကြောင်း

0

တကယ်တော့ ဖြောင့်ဖြောင့်သွားရင် နီးနီးလေးပါ။
တကယ်တော့ ဖြောင့်ဖြောင့်သွားရင် နီးနီးလေးပါ။

ကျွန်မတို့ ဘဝတွေမြောက်များစွာကို အစုန် ၊ အဆန် ဖြတ်သန်းနေပြီး ဘာကြောင့် သံသရာရှည်နေကြရသလဲ (နိဗ္ဗာန်မရောက်နိုင်ကြသလဲ) ဆိုတဲ့အဖြေကို သေချာစဉ်းစား အဖြေထုတ်မယ်ဆို ကိုယ်တိုင်က သံသရာရှည်အောင် ပြုနေမိလို့ တဝဲလည်လည်နဲ့ သံသရာရှည်နေကြရတာပါ။ ဒါကို ဘုန်းဘုန်းတွေ ဟောပြောဖူးကြမှာပါ။ ကျွန်မကတော့ တရားထိုင်ရင်း သိမြင်လာတဲ့ သံသရာရှည်ရခြင်းအကြောင်းကို လိုရင်းတိုရှင်း မျှဝေချင်တာပါ။

အထက်မှာဆွဲထားတဲ့ပုံက သံသရာခရီး ဘာကြောင့်ရှည်လျားနေရလဲဆိုတာကို သိစေချင်လို့ ကျွန်မဘာသာ ဆွဲချင်သလိုဆွဲထားတဲ့ပုံပါ။ အဲဒီပုံကို ကမ္ဘာလုံးတခုလို သံသရာစက်ဝိုင်းတခုအနေနဲ့ ပုံဖော်ကြည့်လိုက်မယ်ဆိုရင် ဝင်ရိုးကြောင်းဟာ ဖြောင့်ဖြောင့်မတ်မတ် တည့်တည့်သွားနေတာပါ။ အဲဒီဝင်ရိုးကြောင်းအတိုင်း (ဝိပဿ      နာလမ်းစဉ်အတိုင်း) ခရီးဆက်လိုက်ရင် လူ့ဘဝကနေ နိဗ္ဗာန်ကို တန်းရောက်နိုင်ပါတယ်။ ဘာကြောင့်တန်းမရောက်နိုင်ကြသလဲဆိုရင် ဒီလမ်းအတိုင်း ဖြောင့်ဖြောင့်မသွားကြလို့ပါပဲ။ ဒီလမ်းစဉ်အတိုင်း အစဉ်တစိုက် ဖြောင့်ဖြောင့်ကျင့်ကြံခြင်း မပြုနိုင်ကြလို့ပါပဲ။

ဒီ့ထက်ပိုရှင်းအောင် ပြောရမယ်ဆိုပါရင် လူတွေဟာ တွယ်တာတက်မက်တဲ့စိတ်တွေ ကပ်ငြိနေသမျှ ဒီသံယောဇဉ်တွေနဲ့ တဝဲလည်လည်ရှိနေပြီး ရှေ့ဆက် ခရီးမရောက်တော့တာပါ။ ငါ့ကိုယ် ၊ ငါ့ရုပ် ၊ ငါ့ခန္ဓာ ၊ ငါ့မိဘ ၊ ငါ့လူ ၊ ငါ့မယား ၊ ငါ့လင် ၊ ငါ့ရည်းစား ၊ ငါ့ဥစ္စာ ၊ ငါ့သား ၊ ငါ့သမီး ၊ ငါ့နေရာ စသဖြင့် ငါဆိုတဲ့အစွဲတွေနဲ့ တဏှာကပ်ငြိနေသမျှ ဒီအနားမှာ ဒါတွေနဲ့ တဝဲလည်လည် သံရာဆက်ရှည်နေဦးမှာပါ။

ပေါ်လာသမျှအာရုံတွေမှာ လိုက်ပါကပ်ငြိခံစားနေသမျှ အဲဒီနောက် ကောက်ကောက်ပါအောင် လိုက်နေတဲ့အတွက် ဒေါသ ၊ မောဟ ၊ လောဘ သံသရာကနေလည်း ဖယ်ခွါနိုင်ခြင်းမရှိသေးဘဲ ရှေ့ဆက် ခရီးမရောက်တော့တာပါ။

ဒါတွေက လွတ်ရာလွတ်ကြောင်း တရားအားထုတ်မိလို့ ငြိမ်းအေးမှုအရသာ စသိပြီဆိုရင်လည်း ဒီငြိမ်းအေးမှုမှာ သာယာနေသမျှ ရှေ့ဆက် ခရီးမဆက်ဖြစ်တာမို့ လိုရာခရီးမရောက်နိုင်တော့ပါ။

လောကီအလိုတွေမှာ လိုက်ပါကျင်လည်နေသမျှ လောကုတ္တရာချမ်းသာကို မခံစားနိုင်တော့တာလည်း သံသရာရှည်စေဖို့ အကြောင်းအရင်းတွေထဲက တချက်ပါပဲ။ တကယ်ဆို လောကီနဲ့လောကုတ္တရာဆိုတာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ လားရာနှစ်ဘက်ဘဲလေ။

ရောက်ရှိရာဘုံဘဝမှာ ချမ်းသာနေလိုသမျှ ချမ်းသာခြင်း ၊ ဆင်းရဲခြင်းကင်းတဲ့ နိဗ္ဗာန်နဲ့ ဝေးနေဦးမှာပါပဲ။ ဒါဟာလည်း သံသရာရှည်စေတဲ့ အကြောင်းအရင်းတွေထဲက တချက်ပါပဲ။

သုခချမ်းသာရရှိခြင်းကိုလည်း ဒုက္ခလို့ မမြင်သမျှ တွယ်မက်စိတ် ဖြစ်တည်ဆဲမို့ ဒါတွေကို လိုလားနေသမျှ ၊ ဖက်တွယ်ထားနေသမျှ ၊ ရရှိဖို့ ကြိုးစားအားထုတ်နေသမျှ သံသရာရှည်စေဖို့ အကြောင်းဖြစ်နေပါတယ်။

လူချမ်းသာ ၊ နတ်ချမ်းသာ ၊ ဗြဟ္မာချမ်းသာ ၊ ဘယ်ဘုံဘဝရောက်ရောက် ချမ်းသာခြင်းတွေရရှိခြင်းဟာ တကယ်တော့ ချမ်းသာအစစ်မဟုတ်ပါဘူး။ ဒါတွေကို ကံကုန်တဲ့တနေ့ ထားပစ်ခဲ့ရဦးမယ်။ ဘယ်ဘုံဘဝမှာ ဘယ်လောက်သြဇာကြီးမားတဲ့ သူဖြစ်နေပါစေ တချိန်တော့ ဒါတွေကို စွန့်ထားခဲ့ရမယ်ဆိုတာကို မမြင်သရွေ့ သံသရာရှည်နေဦးမှာပါပဲ။

ဈာန်တွေ ၊ တန်ခိုးတွေမှာ သာယာနေသမျှလည်း ဒါတွေကို အထူးတလည် ပိုမိုရရှိအောင်ကြိုးစားရင်း ၊ ဒီအပေါ်မှာသာယာရင်း နိဗ္ဗာန်ရောက်အောင် အားမထုတ်နိုင်တော့တာမို့ ဒါတွေနဲ့ သံသရာရှည်ဖို့ဖြစ်လာတာပဲပေါ့။

ပုံထဲမှာပြထားသလို လူ့ဘဝကနေ ဝိပဿ      နာလမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်သွားမယ်ဆိုရင် နိဗ္ဗာန်ကိုတည့်တည့်ရောက်မှာပါ။ နိဗ္ဗာန်ကိုမရောက်နိုင်သေးဘဲ သံသရာလည်နေသေးတယ်ဆို ဖြောင့်ဖြောင့် မသွားလို့ပါ။

သွားတဲ့လမ်းတလျှောက်မှာ ဘယ်ကို ၊ ညာကို စိတ်ရောက်လို့ စိတ်နောက်တကောက်ကောက် လိုက်ပါသွားမယ်ဆိုရင် မူရင်းလမ်းကြောင်းက သွေဖီပြီး ရှုပ်ထွေးနေတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားတာပေါ့။ ဒီလမ်းကြောင်းတွေဟာ တခုနဲ့တခု ဆက်စပ်ကောင်းဆက်စပ်နိုင်တယ်။ ဆန့်ကျင်ကောင်းလည်း ဆန့်ကျင်နိုင်တယ်။ တူသလိုလိုလည်းရှိနိုင်တယ်။

ဒီလိုအငြင်းပွားစရာတွေအပေါ်မှာ ကိုယ်မှန်ကြောင်း သက်သေပြနိုင်ဖို့ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်က ဒီလမ်းကြောင်းရဲ့ အတိမ်အနက်ကို တကယ် ပိုလေ့လာချင်လို့ပဲဖြစ်ဖြစ် ဒီလမ်းတလျောက် သွားတယ်ဆိုရင် မူရင်းဖြောင့်ဖြောင့်သွားရမယ့် နိဗ္ဗာန်လမ်းကြောင်းကနေ သွေဖီသွားပြီလေ။ ဒီလိုဆို ဒီဝင်္ကပါထဲမှာ သံသရာလည်နေဦးမှာပေါ့။

နိဗ္ဗာန်အထိ ခရီးပေါက်အောင် ရောက်သွားခဲ့ပြီးမှ သတ္တဝါတွေ လမ်းမမှားကြဖို့ သတိပေး ၊ လမ်းပြလိုစိတ်နဲ့ ဒီလိုသွားပါ ၊ ဒီလိုကျင့်ပါ ၊ ဘယ်ကိုတော့စိတ်မရောက်နဲ့ ၊ ဘယ်ကိုရောက်နေရင်ဖြင့် လမ်းလွဲနေပြီ ၊ ဘယ်လိုကျင့်ကြံမှ လမ်းမှန်ရောက်မယ်ရယ်လို့ သတ္တဝါတွေအကျိုးငှါ လမ်းမှန်တည့်မတ်ပေးနိုင်ဖို့ လောကီမှာကျင်လည်ရင်း နေထိုင်နေတဲ့ သူတော်စင်မြတ်တွေလည်းရှိတယ်။

သူတော်စင်မြတ်တွေကို ကြည်ညိုစိတ်နဲ့ ပူဇော်ပသ ၊ ဆည်းကပ်လိုတဲ့ သဒ္ဒါတရားတွေ အလွန်အကျွံဖြစ်ပေါ်နေပြီး သူတော်မြတ်ရဲ့ တရားကိုဆည်းကပ်ရမယ့်အစား ၊ ပုဂ္ဂိုလ်ကို ဆည်းကပ်သလိုမျိုး ဖြစ်နေပြီဆိုရင် နိဗ္ဗာန်နဲ့ဝေးနေဦးမှာဖြစ်ပါတယ်။ အမှန်က သူဟောတဲ့တရားတွေကို ကျင့်ကြံရမှာ။ ဘုရားဟောတဲ့တရားတွေ ၊ သူတော်စင်တွေရဲ့ တရားတွေကို မကျင့်ကြံနိုင်နိုင်သမျှ နိဗ္ဗာန်နဲ့ဝေးပြီး သံသရာရှည်နေဦးမှာဖြစ်ပါတယ်။

သြကာသ (Burmesehearts.com)

You might also like