Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သားဦးမိခင်၏ မွေးကင်းစကလေးပြုစုမှု ကိုယ်တွေ့အခက်အခဲ – BurmeseHearts

သားဦးမိခင်၏ မွေးကင်းစကလေးပြုစုမှု ကိုယ်တွေ့အခက်အခဲ

0

ကျွန်မက ရိုးရိုးမီးဖွားခဲ့တာကြောင့် ဗိုက်နာတယ်ဆိုတဲ့ နာကျင်မှုကိုခံစားရင်း မွေးဖွားချိန် (၁၁)နာရီကျော် ကြာပါတယ်။ မွေးသွားပြီလို့ ပြောပြီးပြီးချင်း ကျွန်မက ဆရာဝန်ကြီးကို အရင် နာရီလှမ်းမေးမိတယ်။ ခင်ပွန်းသည်ကိုတော့ ကိုယ်အင်္ဂါသာမန်ဟုတ် မဟုတ်စစ်ကြည့်ပေးဖို့ တောင်းဆိုမိတယ်။

မွေးပြီးလို့မိနစ်အနည်းငယ်အတွင်း ကလေးကိုယ်လက် သန့်စင်မှုပြီးသွားခဲ့တာမို့ ကျွန်မရင်ခွင်ထဲရောက်လာတဲ့ ပြာတာတာ ရွှဲရွှဲစိုနေတဲ့ မွေးကင်းစကလေးကိုကြည့်ရင်း အံသြခြင်း ၊ ဝမ်းသာခြင်း ၊ ကျေနပ်ခြင်း ပီတိအစုံကို ခံစားလိုက်မိတယ်။ အဲဒါကပဲ မိခင်ရဲ့ ချစ်ခြင်းမေတ္တာလို့ ခေါ်ဆိုနိုင်မလားမသိဘူးနော်။

မွေးခန်းထဲ ဟိုဒီလိုက်ကြည့်နေတဲ့ စာရေးသူ၏သမီး
မွေးခန်းထဲ ဟိုဒီလိုက်ကြည့်နေတဲ့ စာရေးသူ၏သမီး

မွေးကုတင်ပေါ်မှာပဲ ပထမဆုံးအကြိမ် နို့ချိုတိုက်ကျွေးမှုကို မွေးဖွားပြီးလို့ နာရီဝက်ခန့်အတွင်းကို စခဲ့တာပါ။ နို့စို့နေတဲ့သမီးလေးကိုကြည့်ရင်း သမီးလေးရဲ့ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်ခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ ကလေးမွေးဖွားပြီး ပထမဆုံးအကြိမ် ကျေနပ်မိတယ်။ တချို့သောမိခင်များဟာ အကြောင်းကြောင်းကြောင့် ဒီလိုတိုက်ကျွေးခွင့် မရခဲ့ဘူး မဟုတ်လား။

သမီးကလေးဟာ အစားပုတ်လေးပါ။ ဆေးရုံပေါ် ပထမဆုံး နေခဲ့တဲ့(၂၄)နာရီလုံး နာ့စ်ကလေးလာတောင်းတိုင်း သူက နို့စို့နေတာနဲ့ချည်း ကြုံနေတော့ သမီးလေးဟာ ကလေးသီးသန့်အဆောင်မှာ နေရတဲ့အချိန် ရှားပါးပြီး စစ်ဆေးစမ်းသပ်စရာရှိတဲ့ မဖြစ်မနေအခြေအနေကလွဲလို့ ကျွန်မဘေးနား သမီးလေးရှိနေခဲ့တာ။

ကျွန်မက အိပ်နေတဲ့ ကလေးလေးရဲ့ အရပ်ကို ထွာကြည့်တော့ ကျွန်မရဲ့ လက်တံတဝက်ပဲ အရပ်ရှိသေးတဲ့ နီတြာတြာသမီးလေးပါ။ လက်ချောင်းလေးတွေဆိုလည်း အသည်းယားလွန်းလို့ ဖျစ်မိရင်တောင် ကျိုးလေမလားမသိ။ အဲဒီကစပြီး မထိရက် မတို့ရက်ဆိုတဲ့စကားကို ကျွန်မ လေးလေးနက်နက် သိလာတယ်။

နုနယ်လွန်းတဲ့ မွေးကင်းစကလေးရဲ့ ခြေလက်တွေ

ဆေးရုံပေါ်မှာ(၂၄)နာရီပဲ ကျွန်မတို့သားအမိနေခဲ့ရတာ။ ဆေးရုံကဆင်းပြီး အိမ်ရောက်တော့ စတွေ့တာပဲ။ ကျွန်မအသည်းယားဆုံးက ကလေးဗိုက်က ချက်ပါပဲ။ အဲဒီချက်တိုင်ကို cord spirit ထည့်ပေးတိုင်း ကျွန်မမှာ ကတုန်ကရင် အသည်းတယားယားပဲ။ ကလေးရေချိုးပေးတော့လဲ ချက်ရေစိုမှာစိုး ၊ အင်္ကျီဝတ်ပေးတော့လဲ ချက်ထိခိုက်မိမှာစိုးနဲ့ ။

လူတစ်ယောက်ရဲ့ လက်ဆိုတာ နေရာတိုင်းကို ထိတွေ့နေကြတာမဟုတ်လား။ ကလေးဟာ နုနယ်လွန်းတော့ လက်ကပိုးမွှားတွေ ကလေးဆီရောက်မှာစိုးလို့ ကျွန်မအပါအဝင် မိသားစုဝင်တွေ ကလေးမချီမီ ဆေးရုံမှာသုံးခဲ့တဲ့ တံဆိပ်နဲ့ hand sanitizer ကို အသုံးပြုပါတယ်။

ဆေးရုံကဆင်းပြီးလို့ အိမ်ရောက်စည (မွေးပြီးလို့ ဒုတိယမြောက်ည) မီးရောင်အောက်မှာ ကလေးရဲ့ မျက်လုံးအိမ်ဟာ အဝါနုနုလေးသန်းနေတာကို ကျွန်မသတိထားမိတယ်။ ဂိုဂယ်လ်မှာ ရှာကြည့်တော့ အသားဝါလက္ခဏာ(Jaundice)လေ။ အဲဒါနဲ့ မနက်မိုးလင်းလင်းချင်းမှာ ဆေးခန်းပြေးပြတော့တာပဲ။

မွေးကင်းစကလေးတွေ ဖြစ်တတ်တဲ့ အနေအထားမို့ သိပ်မစိုးရိမ်ရပေမယ့် ရက်သတ္တပတ် နှစ်ပတ်လုံး နှစ်ရက်တစ်ခါ ဆေးခန်း သွားပြရတယ်။ ကလေးကို သွေးဖောက်စစ်ပြီး သွေးထဲက (bilirubin levels )ကို စစ်ဆေးတယ်လေ။ ပုံမှန်အားဖြင့် နှစ်ပတ်လောက်အတွင်း ပျောက်သွားတတ်သလို အခြေအနေ ပိုဆိုးလာတဲ့ ကလေးတွေလဲ ရှိပါတယ်။ စောင့်ကြည့်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ကျွန်မနဲ့သမီးလေး
ကျွန်မနဲ့သမီးလေး

မနက်ရှစ်နာရီဝန်းကျင်ကနေ ၉နာရီဝန်းကျင် (ကလေးအတွက် နေရောင်ပြင်းမလာချိန်)အထိ (၅)မိနစ် (၁၀)မိနစ်ဝန်းကျင်လောက် ကလေးကို နေပြပေးတဲ့အခါ ကလေးရဲ့အခြေအနေဟာ ခပ်မြန်မြန်လေး အသားဝါတာ ပျောက်သွားတတ်ပါတယ်။ ကလေးမျက်လုံးဖွင့်လာရင် ကလေးမျက်လုံးကို နေရောင်တိုက်ရိုက်မထိအောင် မိခင်က လက်နဲ့ ကာပေးထားရပါတယ်။

နောက်ထပ် ထူးဆန်းထွေလာကတော့ ကလေးရဲ့ဝမ်းပါ။ ငယ်ချေးဆိုတာ ကြားဖူးပြီး တခါမှ မျက်စိနဲ့မမြင်ဖူးတဲ့ကျွန်မဟာ စေးပျစ်ပျစ် မဲသည်းသည်းနဲ့ ခပ်နည်းနည်းသွားတာ ကျွန်မတသက် ပထမဆုံး မြင်ဖူးတာဆိုတော့ အမေ့မေးရ ၊ ဂိုဂယ်လ်တောက်ရနဲ့ပေါ့။ အဲဒီလို ငယ်ချီးပါတာကလည်း အများဆုံး မွေးဖွားပြီး ရက်သတ္တပတ် နှစ်ပတ်လောက်ပါပဲ။

ငယ်ချေး

ဒီအတောအတွင်းမှာ မွေးကင်းစ သမီးမိန်းကလေးဟာ သွေးလို ၊ အချွဲလိုတွေလည်း ကလေးရဲ့မိန်းမကိုယ်က ဟိုတစ ၊ ဒီတစ ဆင်းလာနိုင်ပါတယ်။ စိုးရိမ်စရာမရှိပါ။ အမေ့ဝမ်းထဲကအကျန်တွေ ဆင်းတာဖြစ်ပါတယ်။ နောက်ပိုင်း ရပ်သွားမှာပါ။

အဲဒီကတည်းက ကလေးရဲ့ဝမ်းပုံမှန် ဟုတ် မဟုတ်ဆိုတာ ပုံတွေ ပရင့်ထုတ်ပြီး ကလေးသန့်စင်ပေးတဲ့နေရာနား ကပ်ထားလိုက်တယ်။ နောက်ပိုင်း ကလေးကို ကတောင်းကျိုက်လဲပေးတိုင်း ကလေးဝမ်း သုတေသနကို ပုံနဲ့တိုက် စစ်ဆေးကျင့်ရလာတယ်။ အဲဒါ ကလေးကျန်းမာရေးအတွက် တကယ်ကောင်းတဲ့ အလေ့အကျင့်ပါ။

ကလေးဝမ်းအရောင်ကို ပုံနဲ့တိုက်ခွဲခြားနိုင်ပါတယ်။
ကလေးဝမ်းအရောင်ကို ပုံနဲ့တိုက်ခွဲခြားနိုင်ပါတယ်။

မိခင်စိတ်ပြည့်ဝတဲ့ မိခင်တိုင်းဟာ ကိုယ့်ရင်သွေးက ဖြစ်ပေါ်လာတဲ့ အရာတွေကို မရွံတော့ဘူး။ ရွံရကောင်းမှန်းလည်း မသိတော့ပါဘူး။ ကလေးကျန်းမာပျော်ရွှင်ရေးကိုပဲ ဦးစားပေးမိတယ်။

ကလေးကို ရေချိုးပေးချိန်မှာ ချည်သားတို့ပတ်ကလေး(Nursing Pad) နဲ့ ရေကို စုပ်ညှစ်ချပေးပြီး ညင်ညင်သာသာချိုးပေးတဲ့အခါ ကလေးဟာ ရေမကြောက်တော့ဘူး။ ခေါင်းကိုလျှော်တဲ့အခါလည်း နဖူးစပ်ကနေ နောက်ကို အသာလေး ရေညှစ်ချပေးတဲ့အခါ ကလေးလှုပ်ခါရင်း ရေမွန်းမှာ မပူရတော့ဘူး။

ဆပ်ပြာကိုလည်း အဲဒီ ချည်သားတို့ပတ်လေးနဲ့ ပွတ်ပြီးမှ ကလေးကိုယ်နဲ့ ဆံပင်တွေကို ပွတ်တော့ ကလေးကိုယ်မှာ ဆပ်ပြာရည်တွေ ကပ်မနေတော့ဘူး။ အဲဒီအခါ သန့်စင်ရတာလွယ်သလို ချေးညော်လဲ ပိုပြောင်ပါတယ်။

ရက်သတ္တပတ် တစ်ပတ်ကနေ ဆယ်ရက်အတွင်း ကလေးချက်ကြွေတဲ့အခါ အဲဒီ cord spirit နဲ့ပဲ ချက်လုံးဝ ခြောက်သွေ့သွားသည်အထိ ဆက်လုပ်ပေးခဲ့တာပါ။ ချက်ကြွေသည့်တိုင် ကြွေသွားခဲ့တဲ့နေရာ လုံးဝခြောက်သွေ့ပြီး ပိုးမဝင်ဖို့လိုတယ်လေ။ မဲခြောက်ကျန်ခဲ့တဲ့ ချေးဖတ်အမည်းတွေကိုတော့ ချက်ချင်း ခွါချသန့်စင်တာမျိုးမလုပ်ဘဲ နှစ်ပတ် ၊ သုံးပတ်အရွယ်ရောက်မှ ရေချိုပေးပြီးတိုင်း Cotton Bub ထိပ်မှာ Baby Oil စွတ်ပြီး ဖွဖွလေး မဲနေတဲ့ ချက်ချေးဖတ်တွေမှာ သုတ်ပေးပါတယ်။ နေ့စဉ်သုတ်ပေးတော့ သူ့ဟာသူ နည်းနည်းချင်းစီ ကွာကျလာပါတယ်။ မြန်မြန်ကွာအောင်တော့ အတင်းချွတ်ချတာမျိုးမလုပ်ဘူး။ ကလေးကနုသေးတော့ ချက်မှာ အနာဖြစ်မှာစိုးလို့။

BurmeseHearts Blog

မွေးကင်းစကလေးဟာ မရွေ့လျားတတ်ဖူးလို့ ဘယ်သူပြောသလဲ။ ကျွန်မကလေးကတော့လေ မြွေသွား သွားတယ်ခေါ်မလားမသိဘူး။ အခုကလေးတင် နို့တိုက်သိပ်ထားတယ်။ သူနဲ့ခပ်ခွါခွါကလေးနေပြီး မိနစ်ပိုင်းလေးတင် ကိုယ့်အနားပြန်ရောက်လာတတ်တာ။ သူ့ကြည့်တော့ သူမဟုတ်သလို အိပ်နေပုံပဲ။ ဒါကြောင့်မို့လို့ မွေးကင်းစကလေးဟာ ကိုယ်နဲ့တွန်းရွေ့သွားလာတတ်တယ်ဆိုတာ ကျွန်မသိခဲ့ရတာပေါ့။

ကျွန်မကတော့လေ ကလေးခြောက်လအထိ ကိုယ်တိုင်ရေမွှေးမသုံးသလို ကလေးကိုလည်း မွှေးကြိုင်လွန်းတဲ့ ဆပ်ပြာတွေ ၊ ကရင်မ်တွေ ပေးမသုံးပါဘူး။ ကလေးရဲ့အဆုပ်ဟာ ဖွံ့ဖြိုးဆဲမို့လို့ ဓါတုဗေဒပစ္စည်းတွေသုံးပြီး တမင်မွှေးကြိုင်အောင် လုပ်ထားတဲ့ ပစ္စည်းတွေဟာ သဘာဝထက်တော့ ပိုမကောင်းနိုင်ဘူးလေ။

မဖြစ်မနေ ကလေးပေါင်ဒါသုံးခဲ့ရင်တောင် ပေါင်ဒါမှုန့်ကို လူကြီးလက်နဲ့သပ်ပြီး ခါးအောက်ပိုင်းကိုပဲ သုံးစေ့ချင်ပါတယ်။ ပေါင်ဒါမှုန့်တွေ ဖုန်းဖုန်းထအောင် တို့ပတ်နဲ့ရိုက်ပေးတတ်တဲ့ အကျင့်ကိုတော့ ကလေးကျန်းမာရေးအတွက် အထူးရှောင်သင့်တယ်။ တို့ပတ်သုံးတုန်း ကလေးနှာချီခဲ့ရင် အဲဒီအမှုန့်တွေက ကလေးရဲ့အသက်ရှူလမ်းကြောင်းထဲ ရောက်သွားလို့ပါ။

မွေးကင်းစကလေးရဲ့ အရေပြားဟာ ရက်သတ္တပတ်တစ်ပတ်မှ ဆယ်ရက်အတွင်း ကွာကျပြီး လဲလေ့ရှိပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ Baby Oil ကို ရေချိုးပြီးချိန်တိုင်း ၊ ကတောင်းကျိုက်လဲပေးပြီးချိန်တိုင်း ပွတ်လိမ်းပေးတဲ့အခါ သက်သက်သာသာနဲ့ မြန်မြန်လေး သူ့လိုလို ကွာသွားလေ့ရှိပါတယ်။

မျက်နှာပေါ်မှာ အဝါဖတ်ကလေး ဖြစ်နေတာလိုမျိုးတွေကိုလည်း ဂွမ်းစထိပ်ကလေးမှာဖြစ်ဖြစ် ၊ cotton bub ထိပ်ကလေးမှာဖြစ်ဖြစ် Baby Oil အနည်းငယ်ကို စွတ်ပြီး ညင်ညင်သာသာ ပွတ်ပေးတဲ့အခါ ကွာကျသွားတတ်ပါတယ်။

ကလေးကိုယ်ပေါ်က ဖြစ်ပျက်ပြောင်းလဲမှုအစုံကို စစ်ဆေးဖို့အကောင်းဆုံးအချိန်က ရေချိုးပေးချိန်နဲ့ ကတောင်းကျိုက်လဲပေးချိန်မှာပါ။ ကလေးကိုယ်ပေါ်က ဖြစ်ပျက်ပြောင်းလဲမှုကို ကြိုသိတဲ့အခါ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခပ်မြန်မြန်ယူနိုင်တဲ့အတွက် ကလေးရောဂါခံစားရချိန် တိုတောင်းပြီး ရောဂါရင့်လာခြင်းတွေကိုလည်း အချိန်မီ တားဆီးနိုင်ပါတယ်။

ရတု(Burmesehearts.com)
BurmeseHearts Courses

You might also like