Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လျှာဖျားအောက် လမ်းဆုံးသွားခဲ့ရသော ဘဝများ – BurmeseHearts

လျှာဖျားအောက် လမ်းဆုံးသွားခဲ့ရသော ဘဝများ

0

မြန်မာလူမှုဝန်းကျင်မှာ အပျို  ၊ လူပျိုတွေဆို နှုတ်ဆက်ရင်း ပြောတတ်တဲ့စကား “ဘယ်တော့ စားရမှာလဲ” တဲ့ ။ စကားရဲ့ မူရင်းအဓိပ္ပါယ်ဟာ စားလိုချင်စိတ် ရှေ့တန်းတင်တာမဟုတ်ဘဲ “ဘယ်တော့ အိမ်ထောင်ပြုမလဲ ၊ မစွံသေးဘူးလား” မေးတာပါ။ ဒီစကားဟာ ပေါ့ရွှတ်ရွှတ်လေး ပျော်စေ ၊ ပျက်စေ စနောက်နှုတ်ဆက်ရင်း ထွက်သွားတာပေမယ့် အချစ်ရေးကံခေတဲ့ အပျိုကြီး ၊ လူပျိုကြီးတွေကို ကလိ ကလိ ရိနေသလိုပါပဲ။ မယူချင်လို့ မယူတာဆို ဘာမှ မခံစားရဘူးလေ။ ယူချင်ပါလျက် မစွံလို့ မကြည်လင်ရတဲ့အထဲ ဒီစကားဟာ လူကိုအခံရခက်စေတာ ပြောတဲ့သူမသိဘူး ။

ချစ်သူရည်းစား တွဲနေတာတော့ရှိပါရဲ့။ အချစ်ရေးအဆင်မပြေရင် ၊ လက်ထပ်လိုပါလျက် အကြောင်းကြောင်းကြောင့် လက်မထပ်နိုင်ပါရင် ဒီမေးခွန်းဟာ အဖြေရခက်တဲ့ အောင့်သက်သက်မေးခွန်းပါ။ ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ရလို့ မီးခဲပြာဖုံး အပူလုပ်ဟန်လုပ်ပြုံးပြီး ဒီဒဏ်ရာကို ကုစားနေရချိန် ဒီမေးခွန်းနဲ့ဆုံမိရင် အမေးခံရတဲ့သူဟာ အတော် မခံချိမခံသာ ဖြစ်နေမှာပါ။ မဖြေချင်တဲ့ မေးခွန်းလည်း ဖြစ်နေမှာပါ။

တွဲသက်ရှည်လာတဲ့ ရည်းစားတွေ နှစ်စဉ် အမေးခံရပါများလို့ ၊ အပေါင်းအသင်းလဲသိ ၊ နှစ်ဖက်မိဘလည်းသိလို့ နောင်လဲ ယူမယ့်အတူတူ မထူးဘူး ယူမိသူတွေလည်းရှိမယ်။ ချစ်လို့ ၊ နှစ်ကိုယ်တူဘဝ ထူထောင်ချင်လို့ ယူလိုက်တာ ဘာအရေးလဲ။ ဖြစ်သမျှအကြောင်း ကိုယ်တွေအကြောင်းပေါ့။ ဘေးကလှော်လို့ ၊ အဆင်းဘီးတပ်သူတွေနဲ့တွေ့လို့ ခိုးရာလိုက်ဖြစ်သွားတာ ၊ အလည်လွန်ရင်း ပတ်ဝန်းကျင်နဲ့ အိမ်ကသိသွားလို့ မထူးတော့ဘဲ ယူလိုက်ရတာ ၊ အများဖိအားတွေကြောင့် ၊ မိဘဖိအားတွေကြောင့် ယူလိုက်ရတာတော့ မဖြစ်သင့်ဘူးနော်။ ဘာကြောင့်မဖြစ်သင့်သလဲ။

ဒီလူတွေကြောင့် ယူလိုက်ရရင် တချိန် ကိုယ်လင်မယားနှစ်ယောက် အဆင်မပြေတဲ့အခါ ဒီလူတွေက ဘာလုပ်ပေးနိုင်မလဲ။ စိတ်မကောင်းဘူးဆိုတဲ့ စကားတခွန်းကလွဲရင် ကိုယ်တွေနှစ်ယောက်ပဲ စိတ်ထိခိုက်နာကျင် ဒဏ်ရာရကြမှာပါ။ အထူးသဖြင့် အမျိုးသမီးတွေက ပိုပြီး စိတ်ထိခိုက်ဒဏ်ရာရတတ်ကြတယ်။ မြန်မာအသိုင်းအဝန်းက အိမ်ထောင်ပျက်ချင်းအတူတူ အမျိုးသမီးတွေကို ဖိနှိမ်တတ်ကြတယ်လေ။ ဒါကြောင့် ကိုယ်တိုင်က မသေချာရင် ဘယ်သူပြောပြော ၊ ဘယ်သူ့ဖိအား ဘယ်လောက်များများ ၊ နောက်ဆုံး လက်ရှိရည်းစားရဲ့ ဖိအားများပစေဦး သူနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးမှ ဆုံးဖြတ်လက်ထပ်ပါ။ ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်ရမလဲ။

သူဟာ အခုလို မယူခင်အချိန်မှာ ဘယ်လိုဝင်ငွေ ၊ ဘယ်လိုသုံးဖြုန်းပြီး ဘယ်လိုစုဆောင်းတတ်သလဲ။ ဘယ်လောက်စုဆောင်းမိပြီလဲ။ မိဘအပေါ် မှီခိုရတုန်းလား ။ သူ့မိဘမောင်နှမတွေဟာ သူထောက်ပံ့မှ ရပ်တည်နေရသလား။ သူ့အနာဂါတ်ရည်ရွယ်ချက်က ဘာလဲ။ ဒါတွေ အကောင်အထည်ဖော်နိုင်ဖို့ သူဘာတွေ ကြိုးစားနေလဲ စသဖြင့်သော တဘဝလုံးဆိုင်ရာ မေးခွန်းအထွေထွေရဲ့ အဖြေကို နှိုက်နှုက်ချွတ်ချွတ် လေ့လာပါ။ ဒီအဖြေရလဒ်တွေဟာ ယေဘူယျသာဖြစ်ပြီး တဘဝတာ လက်တွဲသွားရာမှာ ဒီ့ထက်ဆိုးတဲ့ရလဒ်ထွက်လာနိုင်သလို ကောင်းတဲ့ရလဒ်လည်း ထွက်လာနိုင်ပါတယ်။ ဒီရလဒ်တွေဟာ မိမိရဲ့ အိမ်ထောင်ဘက်အပေါ် ထိန်းသိမ်းနိုင်မှု အရည်အချင်းနဲ့သာမက ကံတရားနဲ့လည်း ဆက်စပ်နေပါတယ်။

ဒါပေမယ့် မယူခင်ကတည်းက မိသားစုထောက်ပံ့နေရသူကို ယူခဲ့ပြီးမှ ကိုယ့်လက်ထဲ သူ့ဝင်ငွေ အကုန်ရချင်ရင် သူလွန်သလား ၊ ကိုယ်လွန်သလား ။ စကားတွေ ၊ အခြင်းအရာတွေ ကုလားဖန်ထိုးတတ်တဲ့ အမျိုးသမီးကို ယူခဲ့မှန်း သတိမထားမိသူဟာ ဒီအမျိုးသမီးကြောင့် မိဘ ၊ မောင်နှမတွေကို စော်ကားမိကောင်းမှန်းမသိ စော်ကားမိနိုင်တယ်။

မဖျက်ရင် ပြည်တောင်ပျက်တတ်သေးတာမို့ ကိုယ်ယူတဲ့ အိမ်ထောင်ရှင်မ မကောင်းရင်လည်း ကိုယ်ပါပျက်နိုင်ပါတယ်။ ခင်ပွန်းကောင်း ရွေးမယူနိုင်ပဲနဲ့ နောင်မှ ခင်ပွန်းမကောင်းကြောင်း လိုက်ပြောနေရင် ခင်ပွန်းကောင်း ရလာမှာတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးကို အိမ်ထောင်မပြုခင်ကတည်းက ခြုံငုံသုံးသပ်ရမှာပါ။ ကျွန်မပြောခဲ့ဖူးသလို အိမ်ထောင်ရေးခြေလှမ်း ကျွံသွားပြီဆိုရင် ပြန်နှုတ်ထွက် နောက်ဆုတ်တဲ့အခါ တခုလပ်ဆိုတဲ့ နာမည်ပျက်နဲ့ ထွက်ရတာမို့ အပျိုကြီး ၊ လူပျိုကြီးဂုဏ်က တခုလပ်ဂုဏ်ထက်တော့ အသာကြီး သာတယ်လေ။

ယူပြီးသွားတဲ့လူတွေကို စသလို နောက်သလိုနဲ့ မေးတတ်ကြတဲ့စကား “မစုမိကြသေးဘူးလား” တဲ့။ သူတို့ဆိုလိုတာ ငွေစုမိသလားကို မေးတာမျိုးမဟုတ်ဘဲ “ကလေးမရသေးဘူးလား” “လူမဖြစ်သေးဘူးလား”လို့ သွယ်ဝိုက်မေးတာပါ။ လင်မယားအဆင်မပြေရင်လည်း ကလေးယူဖို့ တိုက်တွန်းတယ် ။ နှစ်ဖက်မိဘကလည်း မြေးချီချင်လှချည်ရဲ့ ဖိအားပေးတယ်။

ဒီမှာက အခုမှ အိမ်ထောင်သက်နုနုရယ် ၊ အခုမှ အိမ်ထောင်ရေးဆိုတဲ့စက်ဝန်းမှာ အလျင်မီဖို့ ၊ အပတ်လည်ဖို့ ငွေကြေးဥစ္စာစီမံခန့်ခွဲမှုတွေ ကြိုးစားသင်ယူတုန်း ၊ တစ်ဦးနဲ့တစ်ဦး ပိုနားလည်နိုင်ဖို့ ကြိုးစားနေတုန်း ၊ အခန့်မသင့်မှုတွေ မကြီးထွားရအောင် ချေဖျက်နေရတုန်းအခြေအနေမှာ သူတို့ပေးတဲ့အကြံဥာဏ်က ကလေးယူလိုက်ရင် အားလုံး အဆင်ပြေသွားမယ်တဲ့။ ဟုတ်ယောင်ဟုတ်ငြား ကလေးယူဖို့ အဆင်သင့်မဖြစ်သေးခင် ကလေးယူလိုက်မိရင် ဘာမှမသိဘဲ လူ့လောကရောက်လာတဲ့ ကလေးဟာ စိတ်ဆင်းရဲမှုတွေအလယ် ဓါးစာခံ ဖြစ်နေဦးမယ်။

BurmeseHearts Blog

ကလေးတစ်ယောက်ယူတယ်ဆိုတာ အတိအကျနားလည်ဖို့ အရင်ဆုံး ငွေကြေးကုန်ကျမှုတွေက စပြောမယ်။ ကိုယ်ဝန်စတည်ရာကနေ ကလေးသူ့ခြေထောက်ပေါ် ရပ်နိုင်အောင် ပံ့ပိုးပေးချိန်အထိ အကုန်အကျတွေချည်းပဲ။ ပိုမြင်အောင်ပြောရင် ထွက်ငွေတွေချည်းပဲ။ ဒီကြားထဲ မွေးလာတဲ့ကလေး မကျန်းမာရင် ၊ မလိမ်မာရင် ပိုပြီးထွက်ဦးမယ်။ ဒီတော့ ကလေးယူမယ်မဆုံးဖြတ်ခင် ကိုယ့်ဝင်ငွေအပေါ် ကိုယ်ဝန်အပ်စရိတ် ၊ မွေးစရိတ် ၊ ပညာသင်စရိတ် ၊ တိုးလာမယ့် ကလေးရဲ့ အထွေထွေကုန်ကျစရိတ်တွေ ယေဘူယျနှုတ်ကြည့်လိုက်ပါဦး။ ဒါတွေကာမိတဲ့အထိ စီးပွားတောင့်တင်းတယ်ဆို ကလေးတာဝန်ဝေမျှမှု စဉ်းစားကြရအောင်။

ကလေးမယူခင် နှစ်ဦးဆက်ဆံရေးအခြေအနေဟာ စကားလုံးခနိုးခနဲ့တွေ ၊ ရန်စကားတွေ ၊ စိတ်ဆင်းရဲမှုတွေနဲ့ မပျော်မရွှင်ဖြစ်နေလား။ ရက်သတ္တပတ်တိုင်းလိုလို ရန်ဖြစ်တတ်လား ၊ မျက်နှာချင်းဆိုင်လို့ စကားပြောပြီဆိုတာနဲ့ စကားထများနေပြီလား ။ မျက်နှာကြောမတည့်တဲ့ ဆက်ဆံရေးကို အဆင်ပြေအောင် မချေဖျက်ဘဲနဲ့ ကလေးယူလိုက်လို့ ဒီဆက်ဆံရေးမကြေညက်မှုတွေ ပြေလည်သွားမယ်ထင်ရင် မှားပါမယ်။ အိမ်ထောင်ဖက်ဟာ ကလေးအပေါ်မှာ သံယောဇဉ်ရှိဦးတော့ မိမိအပေါ်မှာ မကြေညက်မှုတွေ ရှိနေရင် တချိန်မဟုတ်တချိန် အိမ်ထောင်ရေး မကြေညက်မှုတွေဟာ ပြန်ပေါ်လာမှာပါပဲ။ ကလေးတာဝန် မျှဝေခွဲယူမှုမှာလည်း အဝေမတည့်တာ ၊ တဦးအပေါ်တဦး အပြစ်တင်နေတာနဲ့ ဒီအိမ်ထောင်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး မဖြစ်နိုင်ဘဲ ကလေးမျက်နှာကြောင့်သာ အောင့်အည်း ပေါင်းသင်းနေရတဲ့ မဖြစ်ညစ်ကျယ် အိမ်ထောင်ရေး ဖြစ်နေမှာပါ။ ဒီတော့ သူများမိသားစုတွေ ပျော်ရွှင်နေချိန်မှာ ကိုယ်ဟာ အိမ်ထောင်ရေးပျော်ရွှင်မှု မခံစားရသူဖြစ်နေမှာပါ။

ကလေးတစ်ဦးနဲ့တောင် မနိုင်ရင်ကာဖြစ်နေချိန် ကလေးအဖော်ရအောင် နောက်တယောက်ယူလိုက်ရင် ပိုကောင်းသွားမယ်လို့ အကြံပေးတဲ့သူတွေ ရှိဦးမှာပါပဲ။ ဘေးလူတွေကတော့ တုတ်ထိုးအိုးပေါက် အကြံဥာဏ်တွေ ပေးမှာပဲ။ မှားလည်း သူတို့တာဝန်ယူမှာမဟုတ်သလို မှန်လည်းဘဲ မျက်နှာဝင်ယူရုံပါ။ တကယ့်ရလဒ်ကို ကိုယ်တွေပဲ ခံစားကြရမှာလေ။ သူတို့ပြောလို့ နောက်ထပ်ကလေးတစ်ယောက် ယူလိုက်ပါတယ်။ စီးပွားရေးချွတ်ခြုံကျချိန်မှာ သူတို့က တမိသားစုလုံးကို ရာသက်ပန် အလကားတင်ကျွေးထားမှာလား။ ကလေးတွေရဲ့ ပညာသင်စရိတ် ၊ ကျန်းမာရေးစရိတ် ၊ ဗာဟီရစရိတ်တွေကို ဘယ်သူက ဘာအကုန်ခံမှာကျလို့နော်။ ယုတ်စွအဆုံး ကလေးတာဝန်ဆိုတာကိုလည်း ကလေးမိဘတွေကပဲ ကလေးကြီးတဲ့အထိ ထမ်းသွားရမှာပါ။

တခါတလေ အဖိုးအဖွားတွေကိုယ်တိုင်က သားမွေးတဲ့မြေးနဲ့ သမီးမွေးတဲ့မြေးတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိပါတယ်။ ငွေပံ့ပိုးနိုင်တဲ့ သားသမီးရဲ့မြေးတွေကျ တမျိုး ၊ မပံ့ပိုးနိုင်တဲ့ သားသမီးကျတော့တမျိုး ခွဲခြားဆက်ဆံကြတာလည်း ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ခွဲခြားဆက်ဆံတယ်။ ကျောင်းမှာလည်း ခွဲခြားဆက်ဆံတယ်။ ဒီတော့ မိဘအရိပ်မှာ ပျော်ရွှင်မှုမခံစားရတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ငယ်ဘဝမှာ ပျော်ရွှင်မှုမခံစားရဖို့ ရာခိုင်နှုန်း များနေပါတယ်။ ဒါဆိုပျော်ရွှင်တဲ့ကလေးအဖြစ် ဘယ်လိုကြီးပြင်းနိုင်တော့မလဲ။

ဒီကြားထဲမှာ မိတကွဲ ၊ ဖတကွဲ နေရတာမျိုး ၊ မိဘအိမ်ထောင်ပြိုကွဲတာမျိုးတွေ ဖြစ်လာရင် ၊ ဖောက်ပြန်တဲ့မိဘရှိနေရင် ဒါမှမဟုတ် ရှိနေတဲ့မိဘတွေရဲ့ နွေးထွေးကြင်နာမှုကို မခံစားရရင် အထီးကျန် စိတ်ဒဏ်ရာ ရတဲ့ကလေးတွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။ ဒါတွေဟာ အဆင်းဘီးတပ် အကြံဥာဏ်တွေ ၊ ရောက်တတ်ရာရာ ပါးစပ်လေသေနတ်ပစ်မေးတတ်တဲ့ ဘေးကျပ်နံကျပ် မေးခွန်းတွေက ပေါက်ဖွားလာနိုင်တဲ့ ရလဒ်တွေလေ။ သူများတွေပြောတိုင်း ကိုယ်လိုက်လုပ်စရာမလိုပါဘူး။ သူများ ဘာတွေ ၊ ညာတွေပြောတိုင်းလည်း စိတ်နှစ်ပြီး လိုက်ပါခံစားနေဖို့ မလိုပါဘူး။ ကောင်းရင်ကိုယ်စံ ၊ မကောင်းရင် ကိုယ်ခံရမှာမို့ သူများတွေရဲ့ လျှာဖျားအောက်မှာ လမ်းမဆုံးစေချင်ပါဘူး။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like