Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရင်ထဲကဆူး – BurmeseHearts

ရင်ထဲကဆူး

0

ဘဝမှာ မကြားချင်ဆုံးစကားတွေထဲက တစ်ခွန်းဟာ ” ကွေကွင်းမှု ” ပါ။ ချစ်သူဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ခွဲခွါရမယ်ဆို အသည်းနှလုံးတွေ အရှင်လတ်လတ် နှုတ်ယူလိုက်တာကမှ ခံသာဦးမယ်လို့ တွေးကြတယ်။ သူနဲ့သာခွဲရရင် နောက်ရက်တွေကို ဘယ်လို အသက်ဆက်ရမလဲဆိုတဲ့ အတွေးတွေကို မတွေးချင်ဆုံးပဲ။ ငယ်ရင် ငယ်သေးသလောက် ခံစားချက်တွေက နုနယ်တယ်လေ။ ချစ်ရင် ချစ်သလောက်လည်း ခံစားမှုတွေ နက်ရှိုင်းတယ်။

အိမ်ထောင်ရေးခြေလှမ်းကို ကျွံခဲ့ကြပြန်တော့ နှစ်ဖက်မိဘ ၊ နှစ်ဖက်အသိုင်းအဝန်း ၊ ကိုယ့်သားသမီးစတဲ့ မျက်နှာတွေကို ထောက်ရှုလိုက်တဲ့အခါ ကိုယ့်ခံစားချက်ဟာ အမျိုးသမီးတွေအဖို့ နောက်ရောက်သွားတတ်ကြတယ်။ ဒီလိုနဲ့ ရင်ထဲကဆူးကို နာလျက်ကပဲ ဖက်တွယ်ရင်း နေ့စဉ် စိတ်ဆင်းရဲမှုတွေ ၊ မပျော်ရွှင်မှုတွေ ပိုက်ထွေးပြီး ရှေ့ဆက်နေရတယ်။ ပြောချင်တဲ့စကားလုံးတွေကို မျိုချပြီး ၊ ထောက်ထားရမယ့်မျက်နှာတွေ ငဲ့ညှာပြီး စွန့်ထွက်သွားလိုက်ချင်စိတ်တွေကို မနည်းချိုးနှိမ်ထားရတယ်။ သူတို့တွေမှာ အိမ်ထောင့်သုခဆိုတာ မရှိပါဘူး။ အိမ်ထောင့်ဒုက္ခတွေကို ရင်းစည်းခံလို့ မပျော်ရွှင်တဲ့ဘဝကို မသေမချင်း (ဝဋ်ရှိသရွေ့) ရှေ့ဆက်သွားမယ်လို့ ဆုံးဖြတ်နေထိုင်သွားသူတွေလည်း ရှိပါတယ်။

ဘဝမှာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားစေတဲ့ အကြောင်းရင်းတချက်ကတော့ “တွေဝေတွန့်ဆုတ်နေမှု” ပါ။ လူဆိုတာ ကိုယ့်ရဲ့ခိုင်နိုင်ရည်အတိုင်းအတာကို ကိုယ်တိုင် သိထားသင့်တယ်။ တသက်တာ ပျော်ရွှင်စွာနေထိုင်သွားချင်တယ်ဆိုရင် တဘဝစာအရေးတွေကို ခံနိုင်ရည်ထက်ကျော်လွန်ပြီး မထမ်းပိုးမိပါစေနဲ့။ မနိုင်တဲ့ဝန်ထမ်းရင် ဝန်ပိပြီး တဘဝလုံးသေနိုင်တယ်။ ဒီနေရာမှာ ကျွန်မဆိုလိုတဲ့ မနိုင်တဲ့ဝန်ဆိုတာ ကိုယ့်စိတ်ခံစားနိုင်မှု ၊ ကိုယ့်သည်းခံနိုင်မှုရဲ့ ဘောင်ကိုကျော်လွန်ပြီး ကိုယ်ရောစိတ်ပါ တဘဝစာ မနာကျင် ၊ မခံစားပါစေနဲ့လို့ ဆိုလိုပါတယ်။ ပျော်ရွှင်မှုတွေ သေဆုံးသွားရင် ဘဝသေသွားသလို ခံစားရတတ်တယ်။

အချိန်အတိုင်းအတာတခုအလျောက် ချစ်တတ်တဲ့ခံစားချက်တွေ သေရင်သေပါစေ။ ဘဝတော့ မသေပါစေနဲ့။ ဒီလိုဆိုရတာက ချစ်တတ်တဲ့ခံစားချက်ဆိုတာ လူမှန် ၊ နေရာမှန် ၊ ဖြစ်သင့်တဲ့အချိန်ရောက်ရင် အသစ်တဖန် ပြန်မွေးဖွားလာတတ်တယ်။ ဟိုတုန်းကထက်ကောင်းတယ် ၊ ဟိုတုန်းကလောက်မကောင်းဘူးဆိုတာ အဲဒီအချိန်မှ ဆုံးဖြတ်ရမှာပါ။ ခုလောလောဆယ်မှာတော့ ကိုယ့်ဘဝနဲ့ ကိုယ့်နေ့ရက်တွေထဲမှာ မျက်ရည်တွေ စွန်းထင်းမနေဖို့လိုတယ်လေ။ တဘဝမှာ တခါပဲရှင်သန်ရတာမို့ ကိုယ့်ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာရှင်သန်လိုက်ပါ။

မနေ့ကလည်းငိုခဲ့ရတယ် ။ ဒီနေ့လည်းငိုနေရတယ် ။ မနက်ဖန်လည်း ဒီလိုပဲ ငိုနေရနိုင်တယ်လို့ စိတ်ထဲထင့်နေပြီဆို ကိုယ့်ကို ငိုအောင်လုပ်တဲ့သူအနား ရှိမနေနိုင်အောင် အကောင်းဆုံးနည်းနဲ့ ကြိုးစားရုန်းထွက်ရမှာပေါ့။ ဒီလိုမှမဟုတ်ဘဲ ကံကိုပုံချလို့ လူကရုန်းထွက်ဖို့မကြိုးစားရင် မနေ့ကလည်း စိတ်ဆင်းရဲခဲ့တယ် ။ ဒီနေ့လည်း စိတ်ဆင်းရဲရတယ်။ မနက်ဖန်တွေမှာလည်း စိတ်ဆင်းရဲနေနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်နေသူနဲ့ အတူရှိနေလို့ဖြစ်ပါတယ်။

ဝဋ်ဆင်းရဲက မကျွတ်နိုင်ဘူးဆိုတဲ့ လူတွေထဲမှာ အများစုက ဒီဝဋ်ဆင်းရဲကကျွတ်အောင် လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုးမလုပ်ဘဲ ဖြစ်လေသမျှ ကံကိုပုံချတတ်တဲ့သူတွေ ဖြစ်နေလို့ပါ။ ငွေချမ်းသာချင်ရင် ကြီးပွားချမ်းသာနိုင်မယ့် အကြောင်းအရင်းတွေကို လုပ်ကိုင်ရမှာဖြစ်ပြီး ငွေဆုံးရှုံးစေတဲ့လုပ်ရပ်မျိုးတွေကို ရှောင်ရမယ်။ စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာစေတဲ့ အကြောင်းရင်းတွေ လုပ်ကိုင်ဖြစ်အောင် မကြိုးစားနိုင်သေးရင်တောင် ကိုယ့်ကို စိတ်ဆင်းရဲရအောင် ၊ မျက်ရည်ကျအောင် လုပ်တဲ့သူတွေနဲ့ အတူရှိမနေအောင် အားထုတ်ကြိုးစားသင့်တယ်။

စိတ်ဆင်းရဲမှုတွေ မရှိဘူးဆိုတဲ့ နောက်ရက်တွေမှာ စိတ်ချမ်းသာအောင် လုပ်လို့ရသေးတယ်။ ကိုယ့်ခံစားချက်တွေမှာ စိတ်ဆင်းရဲမှုတွေက အရင်နေရာယူထားရင် ဘယ်လိုနည်းနဲ့ စိတ်ချမ်းသာအောင် နေနိုင်ပါ့မလဲ။ မနက်ဖန်တွေမှာ တကယ်စိတ်ချမ်းသာချင်ရင် လက်ရှိမျက်မှောက်အချိန်မှာ စိတ်ဆင်းရဲမှုတွေရှိမနေနိုင်အောင် အရင်တိုက်ထုတ်ပစ်ရမယ်။ နောက်တဆင့်က စိတ်ချမ်းသာအောင် နေထိုင်လုပ်ကိုင်ရမှာ။

ကိုယ့်ကိုဒုက္ခပေးသူတွေထဲမှာ ကိုယ့်ဘဝလက်တွဲဖော်က ဒုက္ခပေးတာ အဆိုးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုရင် သူ့ကိုလက်တွဲထားနေသမျှ ကိုယ်ဟာ ဒုက္ခတွေ ခံစားနေရဦးမှာမို့လို့ပါ။ ဒီလိုပြောလို့ လက်တွဲဖော်တွေဆိုတာ အေးအတူပူအမျှ သာရင်လည်းအတူတူ ၊ နာရင်လည်းအတူတူ ရှိနေသင့်တာ မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။

ကျွန်မပြောတဲ့ဒုက္ခဟာ ဒီလိုသာတူညီမျှအတူယူတဲ့ ဒုက္ခမျိုးကို ပြောတာမဟုတ်ဘဲ သူကျတော့အသာစံပြီး ကိုယ့်ကျတော့ ဒုက္ခခံခိုင်းတာကိုပြောတာ။ သူစိတ်ချမ်းသာဖို့အတွက် ကိုယ်စိတ်ဆင်းရဲပေးရတဲ့ဒုက္ခကိုပြောတာ။ သူလုပ်ချင်တာလုပ်ဖို့အတွက် ကိုယ့်ဆန္ဒတွေ နောက်ဆုတ်ပေးရတာကိုပြောတာ။ သူ့အတ္တတွေ အရောင်သွေးပေးဖို့ ကိုယ့်ပျော်ရွှင်မှုတွေ ချနင်းပေးထားရတာကိုပြောတာ။  ကိုယ့်ကို တန်ဖိုးမထားသူအတွက် ကိုယ့်ဘဝ စတေးပေးရတာကို ပြောတာ။ ကိုယ့်ခံစားချက် မငဲ့ကွက်တတ်သူအတွက် ကိုယ့်အချစ်တွေ အလဟဿ        ဖြစ်သွားတာကိုပြောတာ။ ဒီလောက်ဆို ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူဟာ ဘယ်လိုလူမျိုးလဲလို့ သိလောက်ပါပြီ။

ကျွန်မကိုယ်တိုင်လည်း ဘယ်လိုမှ မခွဲနိုင်ဘူးဆိုတဲ့ အချစ်ဆုံးချစ်သူကို ရင်အနာခံပြီး လက်လွှတ်ပေးလိုက်တဲ့အချိန် ကြုံခဲ့ဖူးတယ်။ သူနဲ့ သဘောထားမတိုက်ဆိုင်တိုင်း ကိုယ်အလျှော့ပေးလိုက်ရတာချည်းပဲ။ ကိုယ့်စိတ်ဆန္ဒအတိုင်းလုပ်ဖို့ထက် သူ့စိတ်ဆန္ဒအတိုင်း လုပ်ကိုင်သွားဖို့ကိုပဲ ဆုံးဖြတ်လုပ်ကိုင်ဖြစ်ခဲ့တာ။ ကိုယ်က လိုက်လျောအလျှော့ပေးတာတွေ များလွန်းတော့ အနိုင်ယူမှုမှာ အသားကျသွားတဲ့သူဟာ ကျွန်မခံစားချက်တွေကို ထောက်ထားငဲ့ကွက်နေစရာ မလိုဘူးလို့ သူယုံကြည်သွားတဲ့အထိ ကျွန်မ လိုက်လျောချစ်ခဲ့ဖူးတယ်။ တဘဝလုံး လိုက်လျော ချစ်သွားမယ်လို့လည်း ဆုံးဖြတ်ခဲ့ဖူးတယ်။

ကိုယ့်ဘာသာ စိတ်အဆင်းရဲခံလို့ သူ့ကိုမလွတ်တမ်း တွယ်ဖက်ခဲ့ဖူးတယ်။ သူကျောခိုင်းသွားသည့်တိုင် သူနဲ့ဝေးရမှာကို မခံစားနိုင်ဘဲ အတင်းတွယ်ကပ်ထားဖို့ ကြိုးစားခဲ့သေးတယ်။ ဒါဟာ ချစ်လို့ဆိုတာ မမြင်နိုင်တဲ့သူကြောင့် အကြိမ်ကြိမ်ရင်နာခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကို အရမ်းသတိထားတဲ့ကျွန်မက ဒီလိုနေ့တွေမှာ ရှေ့မဆက်ချင်တော့တာကို လက်ခံတဲ့အသိကတစ်မျိုး ၊ သူနဲ့ခွဲရမှာ သေမလောက်ကြောက်တဲ့ အသိကတစ်မျိုး အသိနှစ်မျိုးနဲ့ ကိုယ့်ကိုယ်ကို အလိုမကျဘဲ ရှင်သန်ခဲ့တဲ့နှစ်တွေ ဆယ်စုနှစ်နီးနီး ရှိခဲ့ဖူးတယ်။

သူဟာ ကျွန်မရင်ထဲက ဆူးတစ်ချောင်းပါ။ သူ့ကိုချစ်ခဲ့ကတည်းက အဲဒီဆူးကို ကျွန်မကိုယ်တိုင် ကျေကျေနပ်နပ် စူးစေခဲ့တာ။ အဲဒီဆူး ရင်ထဲမှာ တစစ်စစ်နဲ့ အချိန်နဲ့အမျှ နာနေတာကို ကျွန်မသိရက်နဲ့ မနှုတ်ခဲ့ဘူး။ မနှုတ်ရက်ဘူး။ နာကျင်လွန်းတဲ့အခါ ညည်းညူမိသလိုမျိုး သူနဲ့ပြတ်စဲဖို့ အခါခါကျွန်မကြိုးစားခဲ့ဖူးတယ်။ ပြတ်စဲမယ်ပြောခဲ့ဖူးတာလည်း ကျွန်မဖြစ်သလို မပြတ်စဲနိုင်တာလည်း ကျွန်မပါပဲ။ ဒီလို စိတ်နှစ်ခွကြောင့် သူနဲ့အဆင်မပြေတိုင်း စိတ်ဆင်းရဲ ၊ မပြတ်စဲနိုင်တဲ့စိတ်ကြောင့်လည်း စိတ်ဆင်းရဲ ၊ သူနဲ့ပြတ်စဲသွားမှာ လက်မခံနိုင်လို့လည်း စိတ်ဆင်းရဲ ဆယ်စုနှစ်နီးပါးလောက် အချစ်ကြောင့် ကျွန်မ စိတ်ဆင်းရဲခဲ့ဖူးတယ်။

ဟိုးငယ်ငယ်လေးကတည်းက သူများနဲ့မတူတဲ့အကျင့် ကျွန်မမှာရှိတယ်။ အဲဒါက နဲ့နေတဲ့သွားကို သူများနှုတ်မှာကြောက်တဲ့စိတ်နဲ့ ချောင်တချောင်မှာ ကိုယ့်ဘာသာ အပ်ချည်ကြိုးချည် နှုတ်တတ်တဲ့အကျင့် ၊ ဆူးစူးသွားခဲ့ရင် သူများနှုတ်ပေးလို့ နာကျင်အော်ဟစ်နေရမှာကြောက်လို့ ကိုယ့်ဘာသာအံကြိတ်ပြီး မျက်ရည်တွေကြားထဲက အပ်နဲ့ထိုးကလော်ထုတ်တတ်တဲ့အကျင့်ပါ။ အဲဒီအကျင့်ကြောင့်ပဲ ကိုယ့်ဘာသာ သေချာလာတဲ့တနေ့ ၊ ရှေ့မဆက်တော့မှာ လုံးဝသေချာသွားတဲ့တနေ့ နောက်ပြန်လှည့်မကြည့်ဘဲ ကျောခိုင်းလိုက်တယ်။ ခံတော့ ခံစားရတာပေါ့။ ဒါပေမယ့် တဘဝစာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ မခံစားသွားရတာမို့ ကျေနပ်တယ်။

အပေါ်စီးမှာ အသားကျနေတဲ့သူ့ကို အချစ်တွေနဲ့ထမ်းပိုးထားရင်း သူမထင်မှတ်တဲ့အချိန် လှည့်ထွက်သွားတဲ့ကျွန်မအတွက် သူအကျနာလေမလား ၊ ဘယ်လိုခံစားနေရမလဲ ကျွန်မ စိတ်မဝင်စားတော့ဘူး။ သူ့ကိုကျောခိုင်းဖို့ ကျွန်မအားယူခဲ့တယ်။ နာကျင်စေခဲ့တဲ့ စိတ်ခံစားမှုတွေက သူ့ကျောခိုင်းသွားစေဖို့ ကျွန်မကို လုံလောက်တဲ့ ခွန်အားတွေဖြစ်စေတယ်။ ဆက်လက်နာကျည်းအောင်လုပ်နေတဲ့ သူ့အပြုအမူတွေ ၊ အပြောအဆိုတွေက ကျွန်မ သူ့ကိုစွန့်ခွါသွားဖို့ တွန်းအားဖြစ်စေတယ်။ နောက်ဆုံးမှာ ကျွန်မရဲ့အချစ်တွေကိုတောင် ကျွန်မကျောခိုင်းနိုင်တဲ့အထိ ကျွန်မပြတ်သားလာတယ်။

ကျွန်မရင်ထဲမှာ ဆယ်စုနှစ်နီးပါး စူးနစ်နေခဲ့တဲ့စူးကို ကျွန်မကိုယ်တိုင် ထုတ်ပစ်ခဲ့နိုင်တယ်။ ဘဝစာလုံး ပေးဆပ်ချစ်သွားမယ်လို့ ရည်ရွယ်ထားခဲ့တဲ့သူကို ကျွန်မကျောခိုင်းလိုက်နိုင်တယ်။ သေချာသွားတဲ့တနေ့မှာ ဆုံးဖြတ်ချက်တွေခိုင်မာနေတာမို့ မျက်ရည်တွေလည်း မကျတော့ဘူး။ ဆူးကင်းသွားတဲ့အခါ ပေါ့ပါးသွားသလိုမျိုး ကျွန်စိတ်တွေဟာလည်း လွတ်လပ်ပေါ့ပါးလာခဲ့တယ်။

စိတ်ဆင်းရဲတဲ့နေ့တွေကို လွန်မြောက်သွားတဲ့အခါ စိတ်ချမ်းသာမှုတွေကို ကိုယ်တိုင်ဖန်တီးလာနိုင်ခဲ့တယ်။ ယနေ့အချိန်မှာတော့ ကျွန်မတို့ မိသားစုကို တွေ့မြင်နေတဲ့သူတိုင်းက စိတ်ချမ်းသာစရာကောင်းတဲ့မိသားစု ၊ အားကျစရာကောင်းတဲ့မိသားစုအဖြစ် ရပ်တည်နေနိုင်ပြီလေ။ ဒါဟာ ဘာကိုသက်သေပြနေသလဲဆိုတော့ စိတ်ဆင်းရဲမှုတွေရဲ့အလွန်မှာ စိတ်ချမ်းသာမှုတွေ လုပ်ယူလို့ရတယ်ဆိုတာကိုပါ။ ကိုယ်တိုင်လုပ်ယူရဲရမယ်လေ။

အခုစာဖတ်နေတဲ့သူတွေရဲ့ရင်ထဲမှာ ဆူးစူးသလို ခံစားချက်မျိုးရှိနေရင် အဲဒီဆူးကို အချိန်မီထုတ်လိုက်ပါ။ ဆူးလွတ်သွားမှ နာကျင်မှုတွေသက်သာပျောက်ကင်းနိုင်တာပါ။ အဲဒီဆူးကို တဘဝစာထားသွားမယ်ဆို ရင်းလာတဲ့တနေ့ အပ်နဲ့ထွင်းရမယ့်အရာ ၊ ပေါက်ဆိန်နဲ့ ပေါက်ထုတ်နေရဦးမယ်။ ဆူးကလေးပဲ ထွင်ထုတ်လိုက်ရမယ့်ကိစ္စမထွင်ဘဲ ဆက်ထားမယ်ဆို လှိုက်စားလို့ဖြတ်တောက်ထုတ်နေရမယ်။ အခုဖြစ်နေတဲ့ စိတ်ဆင်းရဲမှုတွေကို တဘဝစာသိမ်းထားရင် တဘဝစာ စိတ်ဆင်းရဲသွားရမှာပါ။ ကိုယ့်စိတ်ဆင်းရဲအောင်လုပ်နေတဲ့သူကို ဆက်လက်ဖက်တွယ်နေသမျှ စိတ်ချမ်းသာမှုဆိုတာဟာ အိမ်မက်ထဲတောင်အလည်မလာဘူး။ ဒါကြောင့် ပြတ်သားစွာနဲ့ ရင်ထဲကဆူးကို ကိုယ်တိုင်ထွင်ပြီး ထုတ်ပစ်လိုက်ပါ။ တဘဝစာ စိတ်နာကျင်ခံစားမှုတွေကို မခံစားစေနဲ့လေ။

ကျွန်မချစ်ခဲ့ဖူးတဲ့သူဟာ လူဆိုးမဟုတ်ပါဘူး။ စာရိတ္တကော ၊ အပြုအမူပါ အလွန်ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူပါ။ သူနဲ့ကျွန်မကို ပြတ်သွားစေခဲ့တာက သူ့အတ္တတွေပါ။ သူ့အတ္တတွေကြောင့် အဖန်ဖန် ကျွန်မစိတ်ဆင်းရဲခဲ့ရတာပါ။ ဘယ်လောက်တော်ပြီး ဘယ်လောက်ပြည့်စုံတဲ့သူဖြစ်နေပါစေ သူများခံစားချက် ငဲ့မကြည့်တတ်ရင်တော့ တနေ့မှာ ကိုယ့်အတ္တပဲ ကိုယ်တွယ်ဖက်ထားရလိမ့်မယ်။ ကိုယ့်အနားရှိတဲ့ ကိုယ့်အချစ်ဆုံးဆိုတဲ့သူတွေကတောင် ကိုယ့်ကို စွန့်ခွါသွားနိုင်လို့ ဖြစ်ပါတယ်။ ရင်ထဲကဆူး လွတ်ကင်းကြပါစေ။

ရတု (Burmesehearts.com)

You might also like