Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်အား တရားဖြင့် ကျေးဇူးဆပ်ခြင်း – BurmeseHearts

မိခင်အား တရားဖြင့် ကျေးဇူးဆပ်ခြင်း

0

ကျေးဇူးဆပ်ခြင်းတွေထဲမှာ တရားမသိတဲ့မိဘကို တရားသိအောင် လမ်းကြောင်းတာ ၊ ပံ့ပိုးတာ ၊ လမ်းပြပေးတာတွေဟာ အကောင်းဆုံးသော ကျေးဇူးဆပ်ခြင်းလို့ ကျွန်မကတော့ ခံယူတယ်။ ဒီလိုကျေးဇူးဆပ်ခွင့်ရရင် သားသမီးအတွက်လည်းကောင်းတယ် ၊ မိဘအတွက်လည်းကောင်းတယ် ၊ ဗုဒ္ဓဘာသာအယူအဆအရ နောင်သံသရာအတွက်လည်း ကောင်းပါတယ်။

ဒီလိုကျေးဇူးဆပ်ခွင့်ရဖို့ဆိုတာလည်း အကြောင်း ၊ အကျိုး တိုက်ဆိုင်ဦးမှဖြစ်မှာပါ။ ကျွန်မအတွေ့အကြုံအရ ဘယ်လို အကြောင်း ၊ အကျိုး တိုက်ဆိုင်ရမလဲ ပြောရမယ်ဆိုရင်

(၁) မိဘဟာ သားသမီးစကားကို နားထောင်လိုရမယ်။

(၂)မိဘဟာ သားသမီးပြောတဲ့ ကိုးကွယ်ရာဘာသာနဲ့ဆိုင်တဲ့စကားကို ယုံကြည်စိတ်လည်း ရှိရမယ်။

(၃)မိဘဟာ သားသမီးပြောတဲ့ ကိုးကွယ်ရာဘာသာနဲ့ဆိုင်တဲ့စကားရဲ့ အဓိပ္ပါယ်ကို ပိုမိုသိရှိအောင် စူးစမ်းလိုစိတ်ရှိရမယ်။

(၄)ဒီလိုစူးစမ်းလိုစိတ်ရှိရုံနဲ့ မရပ်လိုက်ဘဲ ကိုယ်တိုင်လည်း အားထုတ်ကြည့်လိုစိတ်ရှိရမယ်။

(၅)အားထုတ်လာတဲ့မိဘကို သားသမီးက စဉ်ဆက်မပြတ် ထောက်ပံ့ ၊ အားပေးမှုမျိုးလည်း ရှိရမယ်။

ဒီအချက်ငါးချက်ပြည့်စုံပြီဆိုရင်တော့ သားသမီးဟာ မိဘကို တရားနဲ့ ကျေးဇူးဆပ်ခွင့်ရတာပေါ့။ ဒီလိုကျေးဇူးဆပ်ခွင့်ရလို့ မိဘဟာ တရားထူး ၊ တရားမြတ် ရသွားလိမ့်မယ်လို့ ကျွန်မ မဆိုလိုပါဘူး။

တရားထူး ၊ တရားမြတ်ရဖို့ဆိုတာဟာ တရားအားထုတ်တဲ့သူနဲ့သာ တိုက်ရိုက်သက်ဆိုင်တာပါ။ သူ့ကြိုးစားအားထုတ်မှုဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်က အားထုတ်မှုမျိုးဖြစ်ရမယ်။ တရားထူး ၊ တရားမြတ်ရတဲ့အထိလည်း အားထုတ်လိုစိတ်ရှိရမယ်။ လမ်းတဝက်က လက်လျှော့သွားတာမျိုး မဖြစ်သင့်သလို တရားထူး ၊ တရားမြတ်မရခင် လမ်းတဝက်မှာ ကျေနပ်စိတ်တွေနဲ့ ဒီလောက်သိ တော်ပြီလို့ ရပ်တန့်လိုက်တာမျိုးလည်း မဖြစ်ရဘူး။ တရားထူး ၊ တရားမြတ်ရဖို့ဆိုတာ သင့်တင့်မျှတတဲ့စိတ်ကို တကယ်ပဲ နှလုံးသွင်းနိုင်မှ ပန်းတိုင်အထိ လှမ်းနိုင်မှာဖြစ်ပါတယ်။

မိဘဟာ သားသမီးစကားကို အဟုတ်လုပ်ပြီး နားထောင်လိုစိတ်မရှိဘဲ ငါမွေးလို့ လူဖြစ်လာတဲ့သူက ငါ့လာပြန်သင်နေတယ်ဆိုတဲ့စိတ်ဖြစ်နေရင် သားသမီးက ဘယ်လောက်တိုက်တွန်းပါစေ မဖြစ်နိုင်ပါဘူး။

သားသမီးက ဒါကို ဒီကိုလုပ်ကြည့်ပါလားဆိုတဲ့ အကြံဥာဏ်စကားကို အယုံအကြည်မရှိရင် ဘယ်တော့မှ စမ်းသပ်ဖြစ်မှာမဟုတ်လို့ သားသမီးက ဘယ်လောက်တိုက်တွန်းပါစေ မဖြစ်နိုင်ပါဘူး။

သူပြောတာ ဖြစ်နိုင်သလား ၊ ဖြစ်နိုင်တာပဲဆိုတဲ့ ခံယူချက်နဲ့ စူးစမ်းလိုစိတ်မျိုးမရှိရင် ဒါ မှန် ၊ မမှန် စမ်းသပ်လုပ်ကိုင်လိုစိတ်လည်း မရှိနိုင်တဲ့အတွက် စမ်းသပ်လုပ်ကိုင်ဖို့ စူးစမ်းလိုစိတ်ဟာလည်း အထူးလိုအပ်ပါတယ်။

ထားလိုက်ပါတော့။ သားသမီးပြောတာ မှန် ၊ မမှန် သိချင်လို့ စူးစမ်းဖတ်ရှုတာမျိုး ၊ နားထောင်တာမျိုး ၊ ကြည့်ရှုတာမျိုးတွေလုပ်သည့်တိုင် ဒါငါ့အတွက်မဖြစ်နိုင်ဘူးဆိုပြီး စမ်းသပ်လုပ်ကိုင်လိုစိတ်မရှိရင်လည်း သားသမီးက ဘယ်လောက်တိုက်တွန်းပါစေ မဖြစ်နိုင်ပါဘူး။

မိဘတရားအားထုတ်ပြီဆိုရင် တရားအားထုတ်တဲ့မိဘ နောက်ဆံမတင်းရအောင် ၊ စားချိန်တန်စား ၊ သွားချိန်တန်သွား ၊ သုံးစရာရှိတာသုံးပြီး စိတ်လက်ချမ်းသာစွာ တရားအားထုတ်နိုင်ဖို့ သားသမီးက မိဘကို စဉ်ဆက်မပြတ် ထောက်ပံ့ ၊ အားပေးမှုမျိုးရှိမှ မိဘဟာ တရားထူး ၊ တရားမြတ်ရတဲ့အထိ ဆက်အားထုတ်နိုင်မှာပါ။ အမေရေ အိမ်မှာ ဘယ်လိုတော့ဖြစ်နေပြီ ၊ အဖေရေ အိမ်မှာ ဘယ်ဟာတော့ ဖြစ်ပျက်သွားပြီဆို တရားအားထုတ်တဲ့မိဘက စိတ်ဖြောင့်ဖြောင့် တရားအားထုတ်နိုင်ပါ့မလား။

BurmeseHearts Blog

ကျွန်မ (၁၇)နှစ်ကတည်းကသိခဲ့တဲ့ ဘာသာတရားရဲ့ အေးမြမှုဆိုတာကို မိဘကိုလည်း ခံစားစေချင်ခဲ့တယ်။ ဒါတောင်ကျွန်မက တရားထူး ၊ တရားမြတ် သိနေတာမဟုတ်ပါဘူး။ တရားရိပ်သာမှာ အပေးအယူ မရှိသလောက်နည်းတယ်။ တချို့ယောဂီယောင်တွေရဲ့ အလှူ ခံစကားတွေ ၊ ငွေတောင်းတာတွေကို ရှောင်နိုင်ရင်တော့ ဘိုးတော် ၊ မယ်တော် ၊ သိုက်ကလာသူတွေပါဆိုပြီး လိမ်ညာတောင်းတာတွေလည်း မရှိဘူး။ ဒါကိုက အေးငြိမ်းနေတာမဟုတ်လား။

မနက်ခင်း အရုဏ်ဆွမ်းခံကြွတဲ့ရဟန်းတော်တွေကို ဆွမ်းလောင်းစဉ် ခံစားရတဲ့ငြိမ်းချမ်းမှုထက် တရားစခန်းကနေ ဆွမ်းခံသွား ၊ ဆွမ်းခံပြန်တဲ့ ကိုယ်တော်တွေကို ဖူးတွေ့ရတာက ပိုငြိမ်းချမ်းပြီး ဗုဒ္ခတရားတွေ ဒီကိုယ်တော်တွေဆီ အသက်ဝင်နေသလို ခံစားရတယ်။ စားငြိမ်ငြိမ် ၊ သွားငြိမ်ငြိမ်နဲ့ ဆိတ်ငြိမ်တဲ့ တကယ့်တရားအရိပ် ငြိမ်းချမ်းမှုဆိုတာကို ကျွန်မခံစားခဲ့ရတော့ အမေ့ကို ဒါတွေ ခံစားစေချင်လို့ ကျွန်မပြောလာခဲ့တာ ကျွန်မအသက် (၂၁)နှစ်အထိပဲ။ အဖေကတော့ ကျွန်မ တရားရဲ့ အေးရိပ်မသိခင်ကတည်းက ဆုံးပါးပြီးဖြစ်တာမို့ တရားနဲ့ ကျေးဇူးဆပ်ခွင့်မကြုံခဲ့ဘူး။

ကျွန်မအသက်(၂၁)နှစ်မှာတော့ အခါအခွင့်သင့်တိုင်း သီလစောင့်တည်ခြင်း ၊ တရားကျင့်ခြင်းဆိုတဲ့ ငြိမ်းအေးမှု အမေ့ကို စတင်မိတ်ဆက်ပေးခွင့်ရခဲ့ပါတယ်။ ဒါလည်း သင်္ကြန်ပိတ်ရက်ရှည်ကြီးမှာပါ။ အမေနဲ့ကျွန်မ နှစ်ဦးတည်းကျန်ခဲ့တဲ့အိမ်မှာ တရားစခန်းကို လုံးလုံးဝင်လိုက်ဖို့ မရဲသေးတဲ့အမေ တရားထိုင်ဖြစ်အောင်ဆိုပြီး သင်္ကြန်အကြိုနေ့ကနေစလို့ နှစ်ဆန်းတစ်ရက်နေ့အထိ မနက်ပို့ ညနေကြို ပြင်ပယောဂီအနေနဲ့ အမေ့ကို နီးစပ်ရာတရားစခန်းမှာ အပ်နှံခွင့်ရခဲ့တယ်။

ဒီကမှတဆင့် ဥပုသ်သီတင်းစောင့်ဖော် ၊ တရားနာဖော် ၊ တရားထိုက်ဖက် ယောဂီအပေါင်းအသင်းတွေ အမေရလာခဲ့ပြီး လပြည့် ၊ လကွယ်နေ့တွေမှာ အမေက တနေကုန် တရားစခန်းနေ ကျွန်မကအိမ်စောင့် လုပ်ပေးခဲ့တာ ကျွန်မအသက် (၂၃)နှစ်အထိပဲ။ ကျွန်မအသက်(၂၄)နှစ်မှာ အမေ့ကို အဖော်လုပ်ပြီး သားအမိနှစ်ယောက်လုံး အိမ်တံခါးပိတ်ပြီး မဟာစည်သာသနာ့ရိပ်သာ (ဗဟန်း)မှာ ယောဂီတွေအနေနဲ့ ဆယ်ရက်တရားစခန်း ဝင်ခဲ့တယ်။ ဒါလည်း သင်္ကြန်တွင်းပါပဲ။ အတူတရားစခန်းဝင်ပေမယ့် အမေနဲ့အတူမနေဘဲ ကျွန်မနဲ့မတူတဲ့ အဆောင်မှာ အမေ့ကို သပ်သပ်နေစေခဲ့တယ်။ သားသမီးသံယောဇဉ်နဲ့ အိမ်မှာနေသလို တရားကို ဂရုတစိုက် အားမထုတ်ဖြစ်တာမျိုး ဖြစ်နေမှာစိုးလို့ပါ။

နောက်ပိုင်းမှာတော့ တစ်လ ၊ (၄၅) ရက်စသည်ဖြင့် အလီလီ  အမေ တရားစခန်းဝင်ချင်စိတ်ပေါက်လာခဲ့တယ်။ အမေ တရားစခန်းဝင်တိုင်း ရိပ်သာမှာစာရင်းပေးတာအစ ၊ အဝတ်ပြင်တာကအလယ် ၊ အစားအသောက်တွေ ဝယ်ထည့်ပေးတာအဆုံး ကျွန်မကတာဝန်ယူပြီး နေထိုင်မယ့်အဆောင်အရောက် ပို့ပေးလေ့ရှိတယ်။ လိုရင်ခေါ်ဆိုပြီး ကျွန်မကတော့ တကူးတက သွားတွေ့တာမျိုးမလုပ်ခဲ့ဘူး။ အမေ့ကို အိမ်သံယောဇဉ်နဲ့ သားသမီးသံယောဇဉ်တွေ တတ်နိုင်သမျှ ပြတ်စေချင်လို့ ရက်ပြည့်မှ ပြန်လာကြိုတယ်။

လူဆိုတာ လုပ်တာအရှိန်ရရင် လုပ်ရတာနှစ်ခြိုက်ပြီး လုပ်ဖြစ်နေပေမယ့် အခါအခွင့်သင့်အောင် ကိုယ့်ဘာသာ မဖန်တီးဖြစ်တဲ့အခါမျိုး ၊ အခြေအနေ မပေးတာမျိုး ၊ စိတ်မပါတာမျိုးဆိုတဲ့အချိန်တွေမှာ တရားဟာ မီးဝေးရင်ချိတ်အေးပြီး မလုပ်ဖြစ်တာမျိုးလည်း ကြုံရနိုင်တယ် မဟုတ်လား။ ကျွန်မအသက် (၃၄)နှစ်မှာတော့ အမေ့ကို တစ်လလုံးလုံး တရားစခန်းမှာ သီလရင်ဝတ်ဖြစ်အောင် သိမ်းသွင်းနိုင်ခဲ့တယ်။

အမေဟာ သူသေတဲ့အထိ သီလရင်ဝတ်ဖြစ်မှာမဟုတ်ဘူး ၊ ဒီဘဝ ကံမပါလာဘူးဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ မဝတ်ဖြစ်ခဲ့ပေမယ့် တကယ်ဝတ်ဖြစ်သွားတော့ သီလရင်ဝတ်ရတာဟာ ဒီဆံပင်ထိန်းသိမ်းရခြင်းဒုက္ခ ဘယ်လောက်သက်သာသွားတယ်ဆိုတာ ပိုခံစားသိလာတယ်။ အခုတော့ မနက်နိုးပြီဆိုတာနဲ့ အိပ်ယာမှာလျောင်းလျက် တရားမှတ်ကျင့်ရှိတဲ့အမေဟာ နေ့မှာလည်း တရားခွေလေးနဲ့ တရားနားထောင်လိုက် ၊ တရားမှတ်လိုက် ၊ တနေကုန် တရားနဲ့နေပြီး တရားမှတ်ရင်း အိပ်ကျင့်ရခဲ့ပြီ။ ဥပုသ်လေး ၊ ဥပုပ်ကြီးဆိုပြီး တစ်ပတ်တစ်ကြိမ် ဥပုသ်စောင့် ၊ နေ့စဉ် သူ့တရားလေးနဲ့သူ ပျော်မွေ့နေပြီ။ ကျွန်မ ကျေနပ်တယ်လေ။

သြကာသ (Burmesehearts.com)

You might also like