Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်စိတ် – BurmeseHearts

မိခင်စိတ်

မိခင်မဖြစ်သေးသူတွေ ၊ မိခင်နေရာ မရောက်သေးသူတွေက မိခင်စိတ်ဆိုတာကို အတိအကျ နားလည်ခံစားနိုင်ဖို့ ခဲယဉ်းပါတယ်။ ကျွန်မငယ်စဉ်ကတည်းက ကလေးချစ်တတ်ခဲ့ပေမယ့် အဲဒီချစ်စိတ်နဲ့ မိခင်နေရာရောက်လာတော့ မိမိသားသမီးကို ချစ်စိတ်ဟာ မတူပါဘူး။ ခံစားမှုတွေပိုလေးနက်လာသလို တာဝန်တွေလည်း ပိုရှိလာတာပါ။ ကျွန်မရဲ့မူရင်းစိတ်ဟာ ကြိုမပူတတ်ပေမယ့် ကြိုပြင်ဆင်တတ်တဲ့အကျင့်ကြောင့် အပူလည်း နည်းသူပါ။ ဒါပေမယ့် မိခင်နေရာရောက်လာတော့ အရင်နဲ့မတူ စိုးရိမ်ပူပင်မှုတွေရှိလာပါတယ်။ သားသမီးအတွက် ကြိုတွေးပူတတ်လာတာပါ။

ကိုယ်ဝန်စလွယ်ထားရတာ သိကတည်းက ကလေးဟာ ပုံမှန်ကျန်းမာရေးကောင်းစွာ မွေးဖွားလာဖို့ ဆန္ဒနဲ့ကုသိုလ်တွေ ပြုရပြီ။ မီးဖွားစဉ် မတော်လို့ ကိုယ်ချွတ်ချော်သွားရင်ဆိုတာလည်း တွေးပူတတ်လာခဲ့တယ်။ ဘယ်တုန်းကမှ ရွှေကို မခုံမင်တတ်တဲ့ကျွန်မ အဲဒီကတည်းက ရွှေတွေစစုကျင့်ရခဲ့ပါတယ်။ ရွှေဆိုတာမျိုးက ရှိရင်တန်ဆာ ၊ မရှိရင်ဝမ်းစာ လုပ်လို့ရတယ်လေ။ ကိုယ်မလိုတဲ့အချိန် ထုခွဲရောင်းချလို့ရတာမို့ ငွေပိုငွေလျှံလေးရှိတိုင်း သမီးလေးလည်း ဝတ်ချင် ဝတ်ဖို့အဆင်သင့်ရှိအောင် ၊ နောင် အဆင်မပြေတဲ့အခါ ဒါတွေထုတ်သုံးနိုင်ဖို့ တွေးခေါ်ပြီး စစုတတ်လာတာပါ။

သမီးလေးမီးဖွားပြီးစ ကိုယ်လက်အင်္ဂါနဲ့ ကျန်းမာရေးပုံမှန် ဖြစ်တယ်လို့ကြားရမှ ကိုယ်ဝန်ဆောင်စဉ်တလျောက် ပူပင်ခဲ့ရတဲ့စိတ်တွေ လျော့ကျခဲ့တာပါ။ အဲဒီအချိန်ကစလို့ အရိပ်တကြည့်ကြည့် ချစ်ရတယ်ဆိုတဲ့ မေတ္တာကို ပိုနားလည်လာတယ်။ ဆေးရုံကဆင်းပြီး နောက်တရက်မှာ အသားဝါဝင်လာတဲ့ကလေးကို ဆေးခန်းမှာသွားပြတော့ ကလေးသွေးဖောက်စစ်တယ်။ သွေးဖောက်လိုက်တာနဲ့ အောင်ငိုတဲ့ကလေးငိုသံကြောင့် ပထမဆုံးအကြိမ် မိခင်စိတ်နဲ့ ရင်တွေနာကျင်ခဲ့ရတယ်။ သူ့အစား ကိုယ်ဝင်ခံလိုက်ချင်တဲ့ သနားစိတ်ကလေးပါ။

နောက်ပိုင်းမှာ ကလေးဖျားရင် ကိုယ်ပါစိတ်ဖိစီးပြီး ဖျားတဲ့အထိ ဖြစ်ခဲ့တယ်။ အလွန်ရွံရှာတတ်တဲ့ကျွန်မကို မိခင်စိတ်ဟာ ပြောင်းလဲခဲ့ပါတယ်။ သူများရဲ့ ချွေး ၊ တံတွေး ၊ အပေါ့ ၊ အလေးတွေကို အနံ့မခံနိုင် အလွန်ရွံရှာတတ်ခဲ့တဲ့ကျွန်မ ကိုယ့်သမီးနဲ့ပတ်သက်လာတော့ ရွံစရာလို့ကို မမြင်တော့ပါဘူး။ အရင်တုန်းက အရမ်းရွံတတ်တဲ့ကျွန်မမှ ဟုတ်ပါလေစလို့ အိမ်သားတွေ သတိထားမိတဲ့အထိ ကလေးနဲ့ပတ်သက်ရင် အံဖတ်တွေကအစ မစင်အဆုံး ဘာမှမရွံတတ်ခဲ့ဘူး။

ကိုယ့်သားသမီးအတွက် အဝတ်အစား ၊ အသုံးအဆောင်တွေကို ဘယ်တော့မှ နှမျောတွန့်တိုမှုမရှိ ပိုပိုလျှံလျှံအမြဲရှိစေခဲ့တဲ့ကျွန်မ ကိုယ့်အတွက်များဆို တော်ရိလျော်ရိတွေပဲ မဖြစ်မနေ ဝယ်သုံးဖြစ်တော့တယ်။ ဒီနေရာမှာ ငါဒါလေးသုံးလိုက်မယ့်အစား ကိုယ့်သမီးလေးအတွက် ဒါလေးဝယ်ပေးလိုက်ရင် သူတော်တော် ပျော်သွားမှာပဲဆိုတဲ့အတွေး အမြဲစိုးမိုးနေတော့ ကိုယ့်အတွက်ကိုယ် မသုံးဖြစ်တော့ဘူး။ ကိုယ့်အတွက်ခြိုးခြံလို့ ခင်ပွန်းနဲ့ သမီးအတွက်ပဲ တွေးနေဖြစ်တာ ကျွန်မတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိခင်စိတ်ပြင်းထန်တဲ့ အိမ်ရှင်မတိုင်းလိုလို ဒီလိုတွေးတာပါ။

အစားအစာဆိုလည်း ပိုပိုလိုလို ချက်ထား ၊ ဝယ်ထားပါလျက် ဒါလေးတော့ ငါ့သမီးလေးကြိုက်တယ်။ သူစားချင်တဲ့အချိန် မရှိမှာစိုးလို့ ကိုယ်ကမစားဖြစ်တော့တဲ့ အကြိမ်တွေ ကလေးရပြီးကတည်းက များသထက်များလာပါတယ်။ ဒါလေးကတော့ ငါ့ခင်ပွန်းကြိုက်တယ်။ သူပိုမှငါစားမယ်ဆိုတဲ့စိတ်လည်း ကြီးစိုးခဲ့တယ်။ ဒါကို ကျွန်မခင်ပွန်းနဲ့ သမီးလေးက သိနားလည်ကြတော့ သူတို့စားတိုင်း ကျွန်မပါးစပ်ထဲ အတင်းလာခွံ့လေ့ရှိတယ်။ အဲဒီတော့မှပဲ ကိုယ်စားဖြစ်တဲ့အထိ သူတို့ကြိုက်တတ်တာလေးတွေကို ကိုယ်မစားဖြစ်ဘဲ ချန်ထားတတ်ကျင့်လည်း ဖြစ်လာခဲ့တယ်။

အစားအသောက်နဲ့ အသုံးအဆောင်တွေတင် မိသားစုအတွက် ငဲ့သလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့အချိန်တွေကိုလည်း ကျွန်မအတွက် မသုံးဖြစ်တော့ပဲ သူတို့အတွက် လုံးဝကို ပေးအပ်ထားတာပါ။ အိမ်အလုပ်တွေ ၊ ကလေးအလုပ်တွေ ၊ စီးပွားရေးတွေနဲ့ ရှုပ်ရှက်ခတ်နေလို့ ကိုယ်အနားယူချင်တဲ့အချိန်မှာ အနားမယူဖြစ်ဘဲ ကိုယ့်သမီးအတွက် ၊ ကိုယ့်ခင်ပွန်းအတွက် အချိန်တွေသုံးဖြစ်ခဲ့တော့ ကလေးအိပ်မှ စာဖတ်တာ ၊ စာရေးတာတွေ လုပ်ဖြစ်ရင်း ကိုယ့်ကိုယ်ပိုင်အချိန်ဆိုတာ ရှားလာပါတယ်။

ကစားစရာတွေရှိပြီး ကစားဖော်မရှိတဲ့ ကလေးရဲ့ အထီးကျန်ခံစားမှုကို နားလည်တယ်။ စာအုပ်တွေရှိပြီး ဖတ်ပြ ၊ ရှင်းပြမယ့်သူမရှိတဲ့ ကလေးရဲ့ အထီးကျန်မှုကို နားလည်တယ်။ စားစရာရှိနေပေမယ့် တစ်ဦးတည်း အထီးကျန်ကျန် စားသောက်နေရမယ်ဆို ကလေးတွေမှာ အထီးကျန်စိတ်တွေ ကပ်ငြိသွားနိုင်တာလည်း သိနေတော့ တခါတလေ ကျွန်မ ညတစ်နာရီ ၊ နှစ်နာရီမှ အိပ်ဖြစ်တယ်။ မနက်ဆို (၇)နာရီဆိုတာ ကျွန်မနောက်အကျဆုံးထချိန်ပါ။

ကလေးကျောင်းနေရင် အချိန်ပိုထွက်လာမယ်ဆိုတဲ့ အတွေးဟာ တကယ်တော့ တက်တက်စင်အောင် မှားပါတယ်။ ကျောင်းသွားပြီဆိုတော့ ကလေးကျောင်းစာတွေ ကိုယ်မှ မလေ့ကျင့်ပေးရင် ဘယ်သူလာလေ့ကျင့်ပေးမှာလဲ။ ကလေးမလိုက်နိုင်လောက်တဲ့ ဘာသာတွေမှာ အပြင်ကျူ ရှင်တော့ ထားပါရဲ့။ အိမ်မှာ ပြန်မလေ့ကျင့်ပေးရင် အချိန်ကုန် ၊ ငွေကုန် ၊ ကလေးရော ကိုယ်ပါ ပန်းတာပေါ့။ ကျောင်းတခေါက် ၊ ကျူ ရှင်တခေါက် အသွားအပြန် ကြိုပို့အချိန်ပေးရ ၊ ငွေပေးရတယ်ဆိုတာ အလကား မဖြစ်သင့်ဘူးလေ။

ကိုယ့်ကလေး ဘယ်ဘက်မှာ ထူးချွန်လို့ ဝါသနာပါနေလဲဆိုတာ မိခင်ပီပီ ဆုံးဖြတ်ရသေးတယ်။ သူဝါသနာပါရာလေးကို အသင့်တော်ဆုံးကျောင်းမှာ မှန်မှန်ကန်ကန် လေ့လာခွင့်ရဖို့ လေ့လာအပ်နှံရမယ့်တာဝန်ဟာ မိခင်တွေမှာရှိနေတာပါ။ အများအားဖြင့် မိခင်က ကလေးနဲ့ အနေများတော့ ဒီတာဝန်တွေဟာ မိခင်ဆီမှာ ပုံကျနေတာပါ။ ဖခင်အချို့က ဒါတွေ သတိထား လုပ်ပေးကောင်း လုပ်ပေးမှာဖြစ်ပေမယ့် မိခင်လောက် သားသမီးတွေနဲ့ လက်ပွန်းတတီး မရှိကြတာများပါတယ်။

ကုန်တာချင်းအတူတူ ကလေးပညာရေးအတွက် ကုန်ရတာ ထိုက်တန်ပါတယ်။ ပညာဆိုတာ မျိုးစေ့လေ။ ဝါသနာရယ် ပညာရယ်ပေါင်းစပ်လိုက်တာဟာ မျိုးစေ့ရယ် ၊ မြေသြဇာရယ်ကို လူဆိုတဲ့ မြေကြီးမှာ စိုက်လိုက်သလိုပါပဲ။ သူဝါသနာပါပါ ကြိုးစားလေလေ သူ့ဘဝအတွက် တသက်စာ အကျိုးရှိလေပဲမဟုတ်လား။ သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်ဆိုသလို ကလေးပညာရေးမှာ ရင်းနှီးမြှုပ်နှံလိုက်တာဟာ ကလေးတဘဝစာ ကောင်းစားဖို့အတွက်ပဲ။ ဒါဟာ ပညာအမွေပေးတာပဲပေါ့။

မိခင်တစ်ဦးဖြစ်လာတာနဲ့ အနားယူတဲ့အချိန် နည်းသထက် နည်းလာပြီး တာဝန်တွေ များသထက် များလာတတ်တယ်ဆိုတာ မိခင်ကောင်းတွေ အသိဆုံးဖြစ်ပါတယ်။ အဲဒီတာဝန်တွေဟာ ကလေးသူ့ခြေထောက်ပေါ် သူမရပ်တည်နိုင်သရွေ့ ပေါ့သွားတယ်ဆိုတာမျိုးမရှိပါဘူး။ တိုးလာတာပဲရှိပါတယ်။

အိမ်သားတွေဖျားနာတော့ ကျွန်မက မနားမနေပြုစုပေးလို့ရတယ်။ ကိုယ်ဖျားနာတဲ့အခါ ပြန်နလန်ထူလာဖို့ ကိုယ့်ဘာသာ အားတင်းနေထိုင်ရတယ်ဆိုတာက များတာပါ။ ကလေးဟာ ကျွန်မပြုစုသလို ကျွန်မကို မပြုစုပေးတတ်သေးဘူးလေ။ ကိုယ့်ခင်ပွန်းက စားကောင်းရာတွေ ဝယ်ပေးလာဦးတော့ အချိန်တန် အလုပ်သွားနေရတာမျိုးမို့ ကလေးဝေယျာဝစ္စနဲ့ အိမ်ဝေယျာဝစ္စတွေဟာ အိမ်ရှင်မနေမကောင်းရင် ပုံနေပါတယ်။ အိမ်ဝေယျာဝစ္စက ခင်ပွန်းလုပ်နိုင်တာတွေလုပ် ၊ မလုပ်နိုင်တာတွေ ကိုယ်နေကောင်းမှ ထလုပ်လို့ရပေမယ့် ကလေးဝေယျာဝစ္စဟာ မလုပ်မဖြစ်တွေပါ။

တခါတလေ ကိုယ်နေမကောင်းလျက်နဲ့ ကလေး ကျောင်းကြို ၊ ကျောင်းပို့ ကိုယ်ပဲလုပ်ရတယ်။ အဖျားကြောင့် ရေထိရင် ချမ်းတုန်ဦးတော့ ကလေးရေချိုးသန့်စင်ပေးရမယ့်တာဝန်ဟာ အိမ်ရှင်မတာဝန်ပဲလေ။ ကိုယ်ဖျားလို့ ကလေးကို ရေမချိုးပေးဘူးလို့ လုပ်လို့မှမရတာ။ ကိုယ်က နေမကောင်းလို့ အရည်လေးသောက် အိပ်ယာထဲဝင်ခွေနေချင်ဦးတော့ ကိုယ့်ကလေးက အချိန်တန်ရင် အခါခါ စားချင်နေတာမျိုးမို့ ကျွေးနေကျအချိန်မှာ သူစားစရာတွေရှိနေအောင် ချက်ပြုတ်ပေးရမယ့်တာဝန်ဟာလည်း မိခင်တွေတာဝန်ပါပဲ။

နေကောင်းစဉ်မှာ တရစပ်လုပ်လာခဲ့တဲ့ ကလေးဝေယျာဝစ္စကို မိမိနေမကောင်းလို့ ခဏမလုပ်ဘဲ နားလိုက်မယ်လို့ မရနိုင်ပါဘူး။ လက်မလွတ်သေးတဲ့ ကလေးအမေဟာ ကိုယ်နေမကောင်းပေမယ့် ကလေးဝေယျာဝစ္စတွေလုပ်ဆောင်မှုက အနားယူချင်လို့မရပါဘူး။ အိမ်အကူမရှိတဲ့ ကလေးမိခင်တွေဟာ နေကောင်းလည်းလုပ် ၊ နေမကောင်းလည်းလုပ်ပါ။ ဘာတွေလုပ်ရတယ်လို့ ပြန်ပြောပြရမှာတောင်မောတယ်။ တကယ်ကို မနားမနေလုပ်နေရသူတွေပါ။

တကယ်မိခင်စိတ် ပြည့်ဝသူတွေက ကိုယ့်သားသမီးဝေယျာဝစ္စကို လုပ်ပေးတဲ့သူရှိဦးတော့ မျက်နှာလွှဲမနေနိုင်အောင် ကိုယ့်သားသမီးအလုပ် ကိုယ်လုပ်မှ စိတ်ချတာဟာလည်း မိခင်ကောင်းတွေပေါ့။ သူတို့ဟာ မိခင်လောက် ဘယ်သူမှ ကိုယ့်သားသမီးအပေါ် စိတ်မရှည်နိုင်တာ ၊ စေတနာမထားနိုင်တာ ၊ မချစ်နိုင်တာကို ကောင်းကောင်း သဘောပေါက် နားလည်နေသူတွေမို့ ကလေးတာဝန်တွေကို ကိုယ်တိုင်ပဲဝင်လုပ်လေ့ရှိကြတယ်။

အိမ်မှာလည်း အိမ်မှာမို့ အပြင်မှာလည်း အပြင်မှာမို့ ကလေးကို ဦးစားပေးလိုက်တဲ့ မိခင်တွေဟာ တဖြည်းဖြည်း ကိုယ်ပိုင်အချိန်တွေ နည်းသထက်နည်းလာတယ်။ မျက်စိဖွင့်လိုက်တဲ့ မနက်ကတည်းကနေ ညအိပ်ရာဝင်တဲ့အထိ သူမအတွက် မိမိသားသမီးဟာ ဦးစားပေးနေရာမှာ ရှိနေတာ မိခင်စိတ်ကြောင့်ပါပဲ။

ကိုယ့်ဆန္ဒထက် ကိုယ့်သားသမီးဆန္ဒကို ရှေ့တန်းတင်ဖြစ်တာ ၊ မိမိကိစ္စတွေထက် သားသမီးကိစ္စတွေကို ဦးစားပေးလုပ်ဖြစ်တာတွေဟာလည်း မိခင်စိတ်ကြောင့်ပါပဲ။ ကလေးနေထိုင်မကောင်းရင် မဖြစ်နိုင်မှန်းသိပေမယ့် အဲဒီဝေဒနာတွေအကုန် ကိုယ့်ဆီဆွဲယူပြီး သားသမီးကို မြန်မြန်ပြန်နေကောင်းစေချင်တာလည်း မိခင်စိတ်ကြောင့်ပါပဲ။

သူ သိသိ ၊ မသိသိ အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ သားသမီးမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးမိတာလည်း မိခင်စိတ်ကြောင့်ပါပဲ။ သားသမီးရယ်မော ပျော်ရွှင်နေရင် အလိုလို ကိုယ်ပါပျော်နေပြီး သားသမီးမျက်နှာမကောင်းရင် ငါဘာလုပ်ပေးနိုင်မလဲ ၊ ငါဘာလုပ်ပေးရမလဲလို့ အတွေးဒေါင်ချာစိုင်းနေတာ မိခင်တွေပါ။

သားသမီး သိတတ်သည်ရှိစေ ၊ မသိတတ်သည်ရှိစေ မိမိမှာရှိတဲ့ ကိုယ်အား ၊ ငွေအားတွေနဲ့ ဖြည့်ဆည်းပေးချင်တာ မိခင်တွေပါ။ ကိုယ့်သားသမီးကိုထိရင် ကိုယ့်ထိတာထက် နာတတ်တာဟာလည်း မိခင်တွေပါပဲ။ ကိုယ့်သားသမီးကို ကာကွယ်ပေးဖို့ဆို ကိုယ့်အရှက်နဲ့ အသက်ကိုလည်း မငဲ့တွက်တတ်တာ မိခင်တွေပါ။ ဒါတွေဟာ မိခင်တွေမှာပဲ ရှိနေနိုင်တဲ့ မိခင်စိတ်ပါ။ ဒါကြောင့်လည်း မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို စာဖွဲ့မကုန်နိုင်တာပဲပေါ့။

မိခင်တိုင်း မိခင်ကောင်းအမူအကျင့်တွေ ရှိနေကြတာမျိုးမဟုတ်ပေမယ့် မိခင်ကောင်းတိုင်းဟာ မိခင်စိတ်အပြည့်ရှိကြပါတယ်။ အဲဒီချစ်ခြင်းမေတ္တာကြောင့်ပဲ သူမဟာ သားသမီးတွေရဲ့ ချစ်ခြင်းမေတ္တာ ၊ လေးစားမှု ၊ အားကိုးမှု ၊ ယုံကြည်မှုဆိုတာတွေကို အပြန်အလှန်ရရှိနေတာပဲပေါ့။ လူသားအပါအဝင် သတ္တဝါအသီးသီးရဲ့မိခင်စိတ်ဟာ စွမ်းအားအကြီးဆုံးဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like

Comments are closed.