Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘဝထဲခေါ်လာခဲ့သူများ – BurmeseHearts

ဘဝထဲခေါ်လာခဲ့သူများ

0

ဘဝထဲ အရေးအကြီးဆုံးသူတွေကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်မှာလဲ။ ကိုယ့်ကို ပျော်ရွှင်စေသူတွေလား ၊ ကိုယ့်ကို မျက်နှာသာပေးတဲ့သူတွေလား ၊ ကိုယ့်ကို အစစ အကူအညီပေးတတ်သူတွေလား ၊ ကိုယ့်ရဲ့ပြိုင်ဘက်တွေလား ၊ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေလား ၊ ကိုယ့်မိတ်ဆွေအပေါင်းအသင်းလား ၊ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းတွေလား။

အရေးအကြီးဆုံးသူတွေဆိုတာ ကိုယ်ပတ်သက်ဆက်ဆံနေရတဲ့ လူတိုင်းတော့မဖြစ်နိုင်ဘူး။ အရေးအကြီးဆုံးဆိုတာကို ကိုယ့်ခံယူချက်နဲ့ အမျိုးမျိုး သတ်မှတ်နေကြတာပါ။ ကိုယ့်ခံစားချက်တွေ ၊ ကိုယ့်အတွေ့အကြုံတွေနဲ့ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံးသူတွေကို ဘယ်လိုအချက်တွေနဲ့ဖြစ်ဖြစ် အရေးကြီးသူတွေလို့ ကိုယ့်ဘာသာ သတ်မှတ်ထားပေမယ့်လည်း လူတိုင်းအတွက် ဘဝမှာအရေးအကြီးဆုံးပုဂ္ဂိုလ်တွေက ကိုယ့်ကိုဘဝထဲခေါ်လာခဲ့သူများနဲ့ ကိုယ်က ဘဝထဲခေါ်လာခဲ့သူများဖြစ်ပါတယ်။

ပိုရှင်းအောင်ပြောရရင် ကိုယ့်ကိုလူ့လောကထဲ အရောက်ခေါ်လာခဲ့တဲ့ ကိုယ့်မိဘပါပဲ။ ဘယ်လိုအကြောင်းနဲ့ ခံစားချက်တွေက ရှေ့မှာရှိနေနေ သူတို့သာကိုယ့်ကို လူ့လောကထဲ ဆွဲသွင်းမလာခဲ့ရင် ယနေ့မှာ ဒီအမည်နဲ့ ဒီကိုယ်ခန္ဓာကိုရယူထားတဲ့ကိုယ် ရှိနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့သွေးသားတော်စပ်တဲ့ မိဘနှစ်ပါးဟာ ကိုယ့်အတွက် ထာဝရအရေးအကြီးဆုံးသူများ ဖြစ်သင့်ပါတယ်။

ကိုယ်က ဘဝထဲဆွဲခေါ်လာခဲ့သူတွေဟာလည်း ကိုယ့်ဘဝအတွက် အရေးအကြီးဆုံးသူများ ဖြစ်သင့်ပါတယ်။ သူတို့နဲ့ လက်ကျန်ဘဝခရီးအတူရှေ့ဆက်မယ်လို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ သူတို့ကို ကိုယ့်ဘဝထဲဆွဲခေါ်လာခဲ့တာမဟုတ်လား။ ကိုယ်က ကိုယ့်ဘဝထဲဆွဲခေါ်လာခဲ့တဲ့ အနီးစပ်ဆုံးသူတွေဟာ ဘယ်သူဖြစ်မလဲ မိမိမိအိမ်ထောင်ဖက် ၊ မိမိရဲ့ရင်သွေးလေးတွေ ဖြစ်ပါတယ်။ 

လောကသဘာဝကိုက ပျော်ရွှင်မှုချည်းဘဲ မရနိုင်တာမို့ မိဘကပဲဖြစ်ဖြစ် ကိုယ်တည်ထောင်ထားခဲ့တဲ့ အိမ်ထောင်ထဲက မိသားစုဝင်တွေက ကိုယ့်ကို ချိုတဲ့စကားကိုဆိုစေ ၊ ခါးတဲ့စကားကိုဆိုစေ ၊ စိတ်ပျော်ရွှင်မှုပေးသည်ဖြစ်စေ ၊ စိတ်ဆင်းရဲမှုပေးသည်ဖြစ်စေ ၊ စိတ်ပေါ့ပါးမှုကိုပေးသည်ဖြစ်စေ ၊ စိတ်ဖိစီးမှုကိုပေးသည်ဖြစ်စေ သူတို့ဟာ ပထမဦးစားပေးနေရာမှာ ရှိနေရမယ့်သူတွေပါ။

ဒီအခါ တချို့တွေကပြောကြတယ်။ အိမ်ထောင်ဘက်နဲ့ ကိုယ့်မိဘမတည့်လို့ ၊ ဟိုဘက်ဒီဘက်ကြား ဗျာများရလို့ ၊ ဘယ်သူ့အပေါ် ပိုသွားမိလို့ဆိုတာတွေနဲ့ စိတ်ဒုက္ခရောက်ရတာတွေလည်းရှိတယ်။ ကြွေးဟောင်းလည်းဆပ်ပါ။ ကြွေးသစ်လည်းချပါ။ မိဘကိုလည်း တာဝန်ကျေပါစေ။ မိသားစုအပေါ်လည်း တာဝန်ကျေပါစေ။ ဒါမှ ကိုယ်တိုင်လည်း စိတ်ကျေနပ်စွာနေထိုင်ဖြစ်မှာပါ။

တချို့တွေက ကြွေးဟောင်းမဆပ်ရသေးဘူး ၊ ကြွေးသစ်ကို ကတိခပ်မြန်မြန်ပေးပြီး ယူလိုက်တာပဲ။ ဘယ်သူ့မှာ တာဝန်ပိုလာသလဲ။ ပိုလာတဲ့တာဝန်တွေကို မသိဟန်ဆောင်ပြီး ဝန်ပိလာတဲ့စိတ်ဖိစီးမှုတွေနဲ့ တကိုယ်တော်ရုန်းထွက်ဖို့ ကြိုးစားရင်း နောက်ထပ်ကြွေးသစ်ထပ်ယူပြန်ရော။ ဒီလိုနဲ့ ကြွေးတွေသာပိလာတယ်။ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်လေးစားမှု မရှိနိုင်တော့ဘူး ။ သူများတွေရဲ့ ယုံကြည်လေးစားမှုလည်း မရနိုင်တော့ဘူး။

မိဘကို ကျေးဇူးဆပ်နိုင်ဖို့ ကိုယ့်လစာလေးနဲ့မှ ခြိုးခြံမထောက်ပံ့နိုင်ခင် အိမ်ထောင်ပြုဖို့ တကြွကြွနဲ့ အိမ်ထောင်ပြု ၊ သားသမီးယူ လုပ်ကြတယ်။ တအိမ်ထောင်တာဝန်ဆိုတာတွေကို ကျေပွန်စွာမထမ်းနိုင်တဲ့အချိန် သားသမီးတာဝန်တွေပါ ပိလာတော့ ဒီအိမ်ထောင်ဖက်နဲ့ ဒီသားသမီးတွေအပေါ် ငြူစူအပြစ်ရှာရင်းက ကိုယ့်ဘာသာ တကိုယ်တော်စိတ်ဖြေရင်း နီးစပ်ရာနဲ့ငြိစွန်းသွားပြီး နောက်မီးလင်း ၊ နောက်အိမ်ထောင်ပြုကြတယ်။ အဲဒီအိမ်ထောင်အပေါ်မှာလည်း ပီပြင်စွာ တာဝန်မကျေနိုင်ပြန်တော့ တအိမ်ထောင်ပြီး တအိမ်ထောင်ပြောင်းရင်း အိမ်ထောင်များတဲ့သူအဖြစ် ပတ်ဝန်းကျင်ကလည်းရှုံ့ချ ၊ မိမိတန်ဖိုးလည်းကျ ဖြစ်ရတယ်။

တာဝန်ဆိုတာဘာလဲ။ ငွေပံ့ပိုးပေးနိုင်တာကိုပဲ တာဝန်လို့ခေါ်တယ်ထင်ရင်မှားပါတယ်။ ပျော်ရွှင်မှု ၊ စိတ်ကျေနပ်မှုတိုင်းဟာ ငွေနဲ့ဖန်တီးလို့ရတာချည်းပဲ မဟုတ်ပါဘူး။ မေတ္တာတရား အစစ်အမှန်ဟာ ငွေပုံပေါ်ကလာတာမဟုတ်ဘဲ ရင်ထဲကလာတာပါ။ ပိုင်ဆိုင်တဲ့ငွေတွေကြောင့် ကြောင့်ကြခဲ့ရဖူးရင် မရရှိတဲ့ မေတ္တာတရားကြောင့် အထီးကျန်ခံစားကြရတယ်ဆိုတာ ယုံကြည်သင့်ပါတယ်။

ဘဝထဲကိုယ်ဆွဲခေါ်လာခဲ့တဲ့ မိဘနဲ့ကိုယ့်မိသားစုဝင်တွေအပေါ် တာဝန်ကျေပြီးရင် ကိုယ့်ရဲ့ဘဝထဲ အရေးကြီးအခန်းကဏ္ဍမှာရှိနေတဲ့ မိတ်ဆွေစစ် ၊ မိတ်ဆွေမှန် ၊ သူငယ်ချင်းအရင်းတွေပေါ်မှာလည်း ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ တာဝန်ကျေရဦးမယ်။ နိုင်သမျှ နှုတ်၏ဆောင်မခြင်း ၊ လက်၏ဆောင်မခြင်း လုပ်ပေးရဦးမယ်။ ကိုယ်တွေကြားရှိနေတဲ့ ရင်းနှီးမှုတွေ ၊ ယုံကြည်မှုတွေ ၊ ချစ်ခင်မှုတွေကိုလည်း တိုးပွားအောင် အချိန်ပေးလုပ်ယူရဦးမယ်။

ခုခေတ် facebook ဆိုတာကြီးပေါ်လာတာ ရပ်ဝေးကသူငယ်ချင်းတွေကို အဆက်အသွယ်မပြတ်ရှိဖို့ ၊ ဝေးကွာသွားခဲ့တာကြာခဲ့သူတွေ ပြန်အဆက်အသွယ်ရဖို့ စတဲ့ အားသာချက်တွေရှိနေပေမယ့် အွန်လိုင်းပေါ်အမြဲတွေ့နေရတာပဲလေ အပြင်မှာတွေ့စရာမလိုဘူးဆိုတဲ့စိတ်တွေ ၊ နှုတ်ဆက်စကားတွေနဲ့ ချီးမြှင့်စကားတွေကိုလည်း အွန်လိုင်းပေါ်မှာ ပေးပို့ကွန်မန့်ပေးလိုက်ရုံပဲ အပြင်မှာ တွေ့ဆုံပြောနေစရာမလိုဘူးဆိုတဲ့စိတ်တွေ ၊ တစ်ဦးနဲ့တစ်ဦး တွေ့မှပြိုင်ဆိုင်တာမျိုးမဟုတ်တော့ဘဲ အွန်လိုင်းပေါ်မှာ အချိန်နဲ့အမျှ ပြိုင်ဆိုင်နေလိုစိတ်တွေ စတဲ့ ဆိုးကျိုးတွေလည်း အများကြီးရှိနေတယ်။

ကြားဝင်လာတဲ့စိတ်တွေနဲ့ စိတ်ထွေသွားတော့ ဘယ်သူတွေဟာ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးလည်းဆိုတာကို မေ့လျော့သွားတော့တယ်။ ဒါကိုမေ့လျော့ပြီဆိုမှတော့ ဒီလူတွေကို အလေးထားတဲ့စိတ်နဲ့ အလေးပေးဖို့အချိန်တွေ ဘယ်ရှိနိုင်တော့မလဲ။ အရေးမပါတဲ့အရာတွေနဲ့ ကိုယ့်ဘဝတခုလုံးစာ အရေးမပါတဲ့လူတွေကို အရာပေးပြီး အရေးပါတဲ့သူတွေကို ဘေးဖယ်ထားမိပြီဆိုရင် ကိုယ်ဟာ ကိုယ့်ဘဝထဲမှာ အရေးအကြီးဆုံးသူများဖြစ်တဲ့ ဘဝထဲခေါ်လာခဲ့သူများကို ပစ်ပယ်ထားခဲ့သူပါ။

ရတု (Burmesehearts.com)

You might also like