Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘယ်သူ့အပြစ်တင်ရမလဲ – BurmeseHearts

ဘယ်သူ့အပြစ်တင်ရမလဲ

0

ကိစ္စတစ်ခုမှားသွားတယ်၊ ဒါမှမဟုတ် ကျရှုံးသွားတယ်၊ ဒါမှမဟုတ် ဆုံးရှုံးသွားရင် ပထမဆုံး ဒီကိစ္စမှာ ဘယ်သူတာဝန်ရှိလဲ၊ ဘယ်သူအပြစ်ရှိလဲ၊ ဘယ်သူတရားခံလဲ၊ ဘယ်လိုအပြစ်ပေးရမလဲလို့ တွေးမိတတ်တယ်။ တရားခံလို့ထင်တဲ့သူ၊ သို့မဟုတ်လဲ အပြစ်ရှိတယ်လို့ ထင်မြင်ယုံကြည်ရသူကို အပြစ်ပြောတယ်၊ အပြစ်ဝန်ခံခိုင်းမယ် ဒါမှမဟုတ်လဲ အပြစ်ပေးမယ်။

ကျွန်မတို့ လူအများစုရဲ့ အကျင့်က ကိုယ့်မှာအပြစ်ရှိခဲ့ရင်၊ ကိုယ်သာအပြစ်လုပ်ခဲ့ရင် အဲဒီအပြစ်ကို၊ အဲဒီအမှားကို ဖော့ပြောတတ်ကြပေမယ့် သူများအပြစ်ရှိရင်၊ သူများအမှားလုပ်ခဲ့ရင် အဲဒီအမှားကိုနင်းပြီး ဖိပြောတတ်ကြ၊ အပြစ်တင်တတ်ကြတယ်။

ကိစ္စတစ်ခုမှာ ကောင်းတဲ့ရလာဒ်ဖြစ်ခဲ့ရင် ငါ့ကြောင့်၊ ငါလုပ်ခဲ့လို့ စသဖြင့် မျက်နှာဝင်ယူပြီး ရှေ့ထွက်ရပ်ပြချင်ကြတယ်။ တချို့က ကိုယ်မလုပ်ခဲ့ဘဲနဲ့တောင် ၀င်ပဏ္ဍာယူပြီး ဟုတ်သယောင်နဲ့ အသားလွတ် မျက်နှာဝင်ယူတတ်ကြတယ်။ ဒီလိုမဟုတ်ဘဲ ကိစ္စတစ်ခု ဖြစ်ပျက်လို့ အဆိုးဘက်ရောက်သွားရင်ဖြင့် ကိုယ်ဝင်ပါခဲ့ဦးတော့ မသိယောင်ဆောင်ပြီး ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ မသိဘူး စသဖြင့် တခြားသူ လက်ညှိုးထိုးရင်ထိုး ဒါမှမဟုတ် လက်ရှောင်သွားတတ်ကြတယ်။ ဒါတွေက နေရာတိုင်း ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေပါ။

ကိုယ်သာ ဆုံးရှုံးသွားခဲ့တဲ့သူထဲက တစ်ယောက်ဆိုရင် အဲဒီအပြစ်ရှိသူကို အပြစ်တွေပြော၊ အပြစ်တွေဖို့၊ အပြစ်တွေပေးလို့ ဆက်ဆံရေးတွေပျက်ပြီး တခါတလေ မုန်းတီးသွားတတ်ကြသေးတယ်။ တခါတလေ ကိုယ့်အပြစ်ကိုယ်သိရင် နောက်တစ်ခါ ကောင်းအောင်လုပ်ဆိုပြီး သဘောထားကြီးကြီး ထားသယောင်နဲ့ နောက်ထပ်အခွင့်အရေးတွေပေး၊ ထပ်မှားရင် အပြစ်တင်၊ အပြစ်ပေးနဲ့ သံသရာလည်နေတတ်ကြတယ်။ ဒါဟာလဲ အမြဲတွေ့မြင်နေရတဲ့ အကြောင်းတရားတွေပါပဲ။

ကျွန်မတို့အများစုဟာ ငါလဲအပြစ်မရှိခဲ့ဘူးလားလို့ တွေးဖို့သတိမရခဲ့ကြပါဘူး။ သူများကို အပြစ်တင်၊ အပြစ်ဖို့ဘို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ ဘယ်သူတရားခံလဲ အဖြေရှာနေရတာနဲ့တင် ငါလဲအပြစ်မရှိခဲ့ဘူးလားလို့ မတွေးမိခဲ့ဘူး။ အပြစ်မြင်စိတ်နဲ့ အပြစ်ရှာနေရင် အပြစ်မဲ့သူအပေါ်မှာလဲ အပြစ်ဆိုတာ တွေ့နေမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရှာနေတာက အပြစ်ဖြစ်နေလို့ပါ။

ကိုယ့်မှာအပြစ်ရှိခဲ့ရင် ကိုယ်တိုင်တော့ အပြစ်ဖိပြောမှာမဟုတ်လို့ ကိစ္စတစ်ခုမှားသွားရင်၊ ဆုံးရှုံးသွားရင်၊ မှန်းထားတဲ့အတိုင်း ဖြစ်မလာရင်၊ ရလာဒ်မကောင်းခဲ့ရင် ဒီကိစ္စမှာ ငါရောအပြစ်မရှိခဲ့ဘူးလားလို့ သူများအပြစ်တွေကို မမြင်ခင်၊ သူများကို အပြစ်မတင်ခင် အရင်စဉ်းစား ဆန်းစစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သူများအပြစ်ကိုအရင်မြင်၊ သူများကို အပြစ်တင်ပြီး ကိုယ့်အပြစ်ကိုယ် ပြန်မမြင်နိုင်တဲ့ အတ္တတွေ ဖုံးသွားတတ်ပါတယ်။ တစ်ခါတစ်လေ တစ်ချို့ဖြစ်ရပ်မှာ အပြစ်ရှိသူဟာ တစ်ယောက်တည်း အမြဲမဟုတ်ပါဘူး။ သူတင်မက ကိုယ်လဲပါနေတတ်တယ်။ တခြားသူတွေလဲ ပါနေတတ်တယ်။ အကုန်မှားသွားကြတာလဲ ဖြစ်နိုင်ပါတယ်။

အမှားမရှိရင် အမှန်ဆိုတာ မသိသာနိုင်ပါဘူး။ အပြစ်မရှိခဲ့ရင်လဲ စိတ်ဓာတ်ကြံ့ခိုင်ဖို့ ခဲယဉ်းပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူအများစုဟာ အမှားတို့၊ အပြစ်တို့ ကြုံဖူးကြပါတယ်။ ဒါတွေကို စိတ်ဓာတ်ကျမနေဘဲ ကြံ့ကြံ့ခိုင်ကျော်လွှားရင်း စိတ်ဓာတ်ကြံ့ခိုင်တဲ့သူရယ်လို့ ဖြစ်လာကြတာပါ။ ဒီလိုမှားရင်းပြင်ရင်း၊ အပြစ်ရှိလိုက် ပြန်ကြိုးစားလိုက်နဲ့ အပြစ်နည်းပြီး အမှားနည်းလာတာပါ။

ကိုယ့်အပြစ်ကိုယ် ရင်မဆိုင်ရဲသူတွေက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေပါ။ သူတို့တွေဟာ ကိုယ့်မှာအပြစ်ရှိတာ မလုံလေ၊ သူများကို အပြစ်တင်ဖို့ ချောင်းနေလေပါပဲ။ ဒါကြောင့် အပြစ်များများတင်တတ်သူတွေဟာ သူတို့ကိုယ်တိုင် အပြစ်များများ လုပ်မိခဲ့လို့ဆိုတာ မိမိကိုယ်မိမိ ပြန်ဆန်းစစ်ရမှာပါ။ ကျွန်မဆိုလိုတာက ကိုယ့်ဘာသာအပြစ်တင်ပြီး စိတ်ဓာတ်ကျနေဖို့ မဟုတ်ပါဘူး။ သူများကို အပြစ်တွေတင်ပြီး သူများတွေ စိတ်ဓာတ်မကျစေချင်တာပါ။

ကိုယ့်မှာအပြစ်ရှိခဲ့လားလို့ ပြန်တွေးရင် ရှိခဲ့တယ်ဆိုတဲ့ အဖြေရမှာပါ။ ကိုယ်အပြစ်မရှိဘဲ ပစ်သွားတဲ့ရည်းစားကို ရွေးချယ်မိခဲ့တဲ့ကိုယ်က အပြစ်ရှိခဲ့တာပါ။ မကောင်းတဲ့ခင်ပွန်း၊ ဖောက်ပြန်တတ်တဲ့သူကို လက်တွဲမိခဲ့တဲ့ ကိုယ်က အပြစ်လုပ်ခဲ့သူပါ။ မကောင်းတဲ့သားသမီးကို နည်းမှန်လမ်းမှန် မဆုံးမမိခဲ့တဲ့ ကိုယ်က အပြစ်လုပ်ခဲ့သူပါ။ မယုံကြည်ရတဲ့သူကို ယုံကြည်မိခဲ့တဲ့ ကိုယ်တိုင်က အပြစ်လုပ်ခဲ့သူပါ။ ဆိုးတဲ့သူကို အကောင်းထင်ခဲ့မိတဲ့ ကိုယ်တိုင်က အပြစ်လုပ်ခဲ့သူပါ။

ဘယ်သူပြောလို့ ဘယ်ဝါပြောလို့ ဘယ်လိုပြောခဲ့လို့ ဆိုတာတွေက နောက်မှာထားပြီး ကိုယ်ကိုယ်တိုင် စိတ်ရောကိုယ်ပါ ယုံကြည်သွားခဲ့လို့ ဒီမကောင်းတဲ့ရလာဒ် ရခဲ့တာလို့ ကိုယ့်ဘာသာ အပြစ်မြင်ခဲ့ရင် ဒီလူမကောင်းလို့ ဒီလိုဖြစ်ရတာဆိုတဲ့ အဆိုးမြင်နေတာ လျော့သွားမှာပါ။

ဘယ်သူမဆို ကိုယ့်မှာအပြစ်ရှိဦးတော့ ကိုယ့်ကို အပြစ်ချည်း စွတ်တင်နေကြမယ်၊ အပြစ်မြင်နေကြတယ်လို့ ခံစားရရင် မကြိုက်ကြပါဘူး။ အပြစ်မယ်မယ်ရရ မရှိခဲ့ဘဲ အပြစ်တင်ခံနေရတဲ့သူဆို ပိုဆိုးပါလိမ့်မယ်။

လူတိုင်းနီးပါးက ကိုယ်လုပ်တာကို အမှန်လို့ သတ်မှတ်ယုံကြည်နေကြတယ်။ မှားသွားတယ်လို့ ကိုယ့်ကိုယ်ကို လက်ခံမိရင်တောင် ရယ်ကြဲကြဲနဲ့ မှားတဲ့အခါလဲမှားပေမပေါ့လို့ ဆိုတတ်ကြသေးတယ်။ တချို့တွေက နောင်မမှားအောင် သင်ခန်းစာယူရမယ်လို့ သမန်ကာလျှံကာပြောပြီး အဲဒီအမှားကို မေ့ပစ်လိုက်ကြတယ်။ တကယ့်အနည်းစုကတော့ အဲဒီအမှားကနေ သင်ခန်းစာယူပြီး နောင်တစ်ခါ ဒီလိုအမှားမျိုးမဖြစ်အောင် သတိကြီးကြီးနဲ့ ကြိုးစားပြင်ဆင်သွားတတ်ကြတယ်။

ကိုယ့်ကို အပြစ်တင်နေရင် ကိုယ်ကလဲ အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ သူများကိုလဲ အပြစ်ရှာကြံတင်မိတော့တာပဲ။ သူ့အပြစ်တင်၊ ကိုယ့်အပြစ်တင်နဲ့ လုံးလည်ချာလည်လိုက်နေတတ်ပါတယ်။

အခုလို ကိုယ့်ဘာသာ အပြစ်မြင်လာခဲ့ရင် သြော်ကိုယ်လည်းမှားခဲ့တာပဲ၊ သူလဲမှားခဲ့မှာပဲ။ ဘယ်သူမဆိုမှားတတ်တာပဲဆိုတဲ့ အမြင်ကောင်းလေး ရလာတတ်လာပါတယ်။ ဒီတော့ နေရတာပိုသက်သာလာတယ်။ သူကြောင့် ဒီလိုဖြစ်ရလေခြင်းဆိုတဲ့ တဖက်သတ် ပူလောင်မှုကြီး မရှိတော့ဘူး။

ကိုယ့်အမှားလေးလဲမြင်လာတော့ ကိုယ့်အပြစ်ကို ဖော့တွေးတတ်တဲ့ လူ့သဘာဝအရ ဒါဟာ ဖြစ်တတ်တဲ့သဘာဝ၊ မှားတတ်တဲ့သဘောလို့ မြင်လာတယ်။ သင်ခန်းစာယူတတ်တဲ့သူဆို သင်ခန်းစာယူပြီး နောင်မမှားအောင် လုပ်မယ်။ သူများကို လက်ညှိုးထိုးပြီး ဇွတ်အပြစ်တင်မနေတဲ့အတွက် သူများလဲ နေရမကြပ်တည်းတော့ဘူး။ ဒီထဲကမှ မှားသွားတဲ့ဘက်ကနေ သင်ခန်းစာယူ၊ ပြင်စရာရှိတာပြင်ပြီး ဆက်လုပ်သွားမယ်ဆို အမှန်ဆိုတာ၊ အောင်မြင်မှုဆိုတာ၊ ကြိုးစားမှုရလာဒ်ဆိုတာ ရလာမှာအမှန်ပါပဲ။

လူအချင်းချင်း အပြစ်တင်ခြင်းကစ အမုန်းပွား၊ အကျိုးယုတ်သွားတဲ့အဖြစ်တွေက ဝေးသွားကြဖို့ရည်ရွယ်ရင်း …..

အမှုန်(Burmesehearts.com)

You might also like