Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖန်ဆင်းရှင်နှင့် ကံ ကံ၏ အကျိုး – BurmeseHearts

ဖန်ဆင်းရှင်နှင့် ကံ ကံ၏ အကျိုး

0

ကွဲပြားစွာ သိလာတာကတော့ ဖန်ဆင်းရှင်နဲ့ ကံ ကံ၏ အကျိုး ဆိုတာပါပဲ။ ပိုပြီးရှင်းလင်းအောင်ပြောရမယ်ဆို တခြား ဘာသာကြီးနှစ်ခုက သူတို့ဘုရားရှင်ဟာ ဖန်ဆင်းရှင်ဖြစ်တယ် ၊ ကယ်တင်ရှင်ဖြစ်တယ်လို့ လေးလေးနက်နက် ယုံကြည်ကြပါတယ်။

ဗုဒ္ဓဘာသာမှာက ကိုယ်လုပ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ “ကံ ကံ၏အကျိုး” ကို အခြေခံထားပါတယ်။ ကိုယ်မကောင်းတာလုပ်ရင် ဘုရားက ကိုယ့်အစား ဝင်မခံပေးဘဲ ယခုမဟုတ်ရင် နောင်သံသရာမှာ ဒီမကောင်းမှုကို ပြန်ခံရမယ်။ တနည်းအားဖြင့် ဝဋ်လည်မယ်ပေါ့။ ကိုယ်ကောင်းတာလုပ်ရင်လည်း ကောင်းကျိုးကို ကိုယ်ကခံစားရပြီး သံသရာမပြတ်လို့ ကျင်လည်ရသေးတယ်ဆို ဘယ်ဘုံဘဝရောက်ရောက် ချမ်းသာသုခကို ခံစားရမယ်လို့ သိခဲ့တာပါ။

ဒီလိုသိလာခဲ့တော့ ဗုဒ္ဓဘာသာရဲ့ အနှစ်ကို နားမလည်သေးတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အမြင် ၊ အတွေးအခေါ်ထဲမှာ လူငယ်ပီပီ ကိုယ်ကအပြစ်လုပ်ပြီး ကိုယ့်အပြစ်ကို အစားဝင်ခံမှာကို ပိုသဘောကျမိတယ်။ ပြီးတော့ ဘုရားကျောင်းရောက်တဲ့အခါ ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းတဲ့ ဓမ္မတေးသံတွေကို တူရိယာတွေနဲ့ သံပြိုင်ဆိုရတာကိုလည်း သီချင်းစဆိုနေရသလို သဘောကျစိတ်ဝင်စားမိတယ်။

နောက်ထပ်သဘောအကျဆုံးတစ်ချက်ကို ကျွန်မသူငယ်ချင်း ခရစ်ယာန်မိသားစုမှာ သွားတွေ့ရတယ်။ အဲဒါကတော့ သူတို့ ထမင်းချက်တဲ့အခါတိုင်း ဆန်လက်တဆုပ်ကို ဘုရားကျောင်းကို လှူမယ့်အိတ်ကလေးထဲ သပ်သပ်ဖယ်ထားတယ်။ အိတ်ပြည့်သွားရင် ဘုရားကျောင်းကို သွားလှူတယ်။ ဘုရားကျောင်းက နွမ်းပါးတဲ့မိသားစုတွေကို အဲဒီဆန်အိတ်ပြန်လှူ ပေးတာကို တွေ့ရတာပါပဲ။

ကျွန်မတို့လည်း ဆန်ခံတဲ့ ဆရာလေး ၊ ဆရာကြီးတွေကို လှူတာပါပဲ။ ဒါပေမယ့် ဒါတွေဟာ သူတို့ဆွမ်းဖြစ်ရင်ဖြစ် ၊ မဟုတ်ရင် အဲဒီဆန်တွေကိုပြန်ရောင်းပြီး တခြားလိုအပ်တဲ့ စားသောက်ကုန်နဲ့ အိမ်သုံးဆေးဝါး ၊ ဗာဟီရတွေ ဝယ်ကြတယ်လို့ သိရတယ်။ တလွဲသုံးကြတဲ့အခါမှာတော့ အလှူခံငွေတွေကို ငွေတိုးချေးစားတာ ၊ ချဲထိုးတာ ၊ ရင်းနှီးမြှုပ်နှံတာတွေအထိ ဘာသာ ၊ သာသနာနဲ့ မဆိုင်တာတွေ လုပ်ကြတာကိုလည်း လေ့လာတဲ့သူမို့ မြင်တွေ့သိခဲ့ရတာတွေရှိတယ်။

လူငယ်အနေနဲ့ ပြန်တွေးတော့ ဘာသာအမျိုးမျိုးထဲမှာ မတူညီဘဲ နှစ်ခြိုက်မိတဲ့ ကိုယ့်ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတရား နှစ်ခုမှာ စိတ်ခံစားမှုလွတ်လပ်ခြင်းအရသာဟာ ခရစ်ယာန်ဘာသာမှာ ပိုအားသာနေတယ်။ သူတို့က ဘုရားသခင်ကို လုံးဝယုံကြည်စိတ်ချထားပြီး မိမိဘဝကို ထာဝရဘုရားမှာ အပ်နှံထားဖို့ ၊ ဒီ့ထက်တတ်နိုင်ရင် ကျမ်းစာအုပ်ထဲကအတိုင်း လိုက်နာကျင့်သုံးဖို့ အဓိကထားရတာပါ။ စောင့်ထိန်းရတဲ့အရာတွေ ရှိပေမယ့် ဗုဒ္ဓဘာသာလောက်မတင်းကျပ်ဘူးလို့ ခံစားခဲ့ရတယ်။

ဗုဒ္ဓဘာသာမှာတော့ ဘုရားပေါ်တက်ပြီး ဘုရားဖူးရင် ဘယ်လိုမဝတ်ရလို့ ကန့်သတ်တာမျိုး ၊ ဘုန်းကြီးကျောင်းပရဝုဏ်မှာ မဖြစ်မနေ ဖိနပ်ချွတ်ရမှာကအစ ဘုန်းကြီးရှေ့ ဘယ်လိုမထိုင်ရဘူး ၊ ဘုန်းကြီးနဲ့ အပြန်အလှန် စကားပြောရင် လူလို သာမာန်ပြောလို့မရတဲ့ စကားအသုံးအနှုန်းတွေကအစ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း ၊ ဓလေ့ထုံးထမ်းနဲ့ ကန့်သတ်ချက်တွေ များတယ်လို့ ခံစားခဲ့ရတယ်။

ဒါဟာ ကျွန်မက ဗုဒ္ဓဘာသာကို စော်ကားတာမျိုးမဟုတ်ဘဲ ဗုဒ္ဓဘာသာကို အခြားဘာသာတွေနဲ့ နှိုင်းယှဉ်လေ့လာတဲ့ လေ့လာသူတစ်ဦးအနေနဲ့ ခံစားရတာကို ပြောတာပါ။ လေ့လာသူဆိုတာ စိတ်နှလုံးကို ဖွင့်ထားပြီး လေ့လာရရှိတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်သုံးသပ်နေတာမျိုး ဖြစ်ပါတယ်။ ကျွန်မ လေ့လာနေစဉ် ခံစားရတဲ့ ဒီစိတ်တင်းကျပ်မှုတွေကိုလည်း ဗုဒ္ဓဘာသာလေ့လာနေသူတွေက မလွဲမသွေ ခံစားရမှာပါပဲ။
ဒီ့ထက်တင်းကျပ်တဲ့ ဘာသာတွေရှိပေမယ့် ကျွန်မပြောချင်တာက ကျွန်မလေ့လာနေစဉ် ခံစားသိရှိခဲ့တဲ့ ဗုဒ္ဓဘာသာအကြောင်းပါ။

BurmeseHearts Blog

အမှန်တကယ်ဆိုရရင် စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ သိရှိ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေက များပြားလှပါတယ်။ လူနဲ့ဘုန်းကြီး တန်းတူမနေရဘူး ၊ ဘုန်းကြီးအထက်မနေရဘူး ၊ ဘုန်းကြီးအရိပ်မနင်းရဘူးကအစ သာသနာ့ဝင်တွေဖြစ်တဲ့ ဘုန်းကြီးနဲ့ သီလရင်တောင်မှ အနီးကပ်မရှိရဘူးရယ်လို့ ကန်သတ်ချက်တွေ အံ့သြစရာသိခဲ့ရပါတယ်။

မှတ်မှတ်ရရ အသက်(၁၇)နှစ်လောက်က တရားစခန်းမှာ သီလရင်ဝတ်တုန်း အရုဏ်ဆွမ်းခံထွက်တဲ့ ဘုန်းကြီးတွေကို ဖိနပ်ကလေးချွတ် ငွေလှူမိလို့ ဆရာကြီးတစ်ယောက်ရဲ့ ကောင်းကောင်းဆူတာကို ခံခဲ့ရသေးတယ်။ အဲဒီတော့မှာ ဘုန်းကြီးအနားကို သီလရင်ဟာ အနီးကပ် ရှိမနေသင့်ဘူး။ သီလရင်မှမဟုတ်ဘဲ ဘုန်းကြီးရဲ့မယ်တော်ကလွဲ၍ ဘယ်ဒကာမမှ (မိန်းမမှန်သမျှ) ကြီးကြီးငယ်ငယ် မကပ်သင့်ဘူး။

ဒါဟာ ဘုန်းကြီးကို သီလပျက်အောင်လုပ်သလို ဖြစ်တယ်ရယ်လို့ သိခဲ့ရတာပါ။ ကိုယ်က သဘောရိုးပေမယ့် ပတ်ဝန်းကျင် အမြင်မသင့်ရာကနေ ဒီဘုန်းကြီး ကိုယ့်ကြောင့် စိတ်ပြစ်မှားပြီး သီလပျက်သွားရင် ကိုယ်ပါငရဲကျတယ်ရယ်လို့ အဲဒီကျမှ ဆရာကြီးအဆုံးအမနဲ့ သိခဲ့ရတယ်။ ဒီ့မတိုင်ခင်က ဒါတွေ နားမလည်ခဲ့ဘူးလေ။

ခရစ်ယာန်ဘုရားကျောင်းမှာ မူကြိုကနေစပြီး အလျဉ်းသင့်သလို ပညာရေး ၊ ဘာသာရေး ၊ ပျော်ရွှင်မှုရေးရာတွေနဲ့ ပံ့ပိုးမှုတွေ ပေးနေချိန်မှာ ကိုယ်ငယ်ငယ်က ဘုန်းကြီးကျောင်းရောက်သွားရင် ပျော်ဖို့ထက် ဘုန်းကြီးကို ပိုကြောက်ခဲ့ရပါလား ၊ အပြောအဆို နဲ့ အနေအထိုင် စိတ်ကျဉ်းကျပ်ခဲ့ပါလားရယ်လို့လည်း နှိုင်းယှဉ်မိခဲ့တယ်။

အမှန်အတိုင်းပြောရရင် အဲဒီအချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်မို့ ၊ ဗုဒ္ဓသာသာကိုလည်း လေ့လာဆဲသူတစ်ယောက်မို့ ၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ဂဂဃဃ မသိသူတစ်ယောက်မို့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ ဘာသာတရားဆိုင်ရာ နေရာတွေကနေ မြေတောင်မြှောက်ပေးမှုတွေမှာ ခရစ်ယာန်ဘာသာက ပိုသာလွန်နေပါလားလို့ တွေးမြင်လာခဲ့တာပါ။။ အဲဒီတုန်းက သီတဂူ ဗုဒ္ဓတက္ကသိုလ်ဆိုတာ မပေါ်သေးဘူးလေ။ သာသနာ့ဘောင်ထဲက ရဟန်းသံဃာတွေနဲ့ ဆရာကြီး ၊ ဆရာလေးတွေ ဘာသာရေးနဲ့မဆိုင်သော ၊ သာသနာရေးနဲ့မဆိုင်သော လူသားအကျိုးပြုမှု ပံ့ပိုးခြင်းတွေဆိုတာ အဲဒီတုန်းက လက်လှမ်းမီသလောက် မကြားခဲ့ရဘူး။

ခရစ်ယာန်ဘာသာဝင်တွေထဲမှာလည်း စေတန်လို့ခေါ်တဲ့ မိစ္ဆာကိုးကွယ်သူတချို့ရှိတယ်လို့ လေ့လာသိရှိခဲ့ရပေမယ့် သူတို့ဘာသာဝင်အချိုးအစားနဲ့ နှိုင်းယှဉ်ရင် ပမာဏနည်းပါးလှပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာတော့ နတ်ကိုးကွယ်သူ ၊ ဘိုးတော်ကိုးကွယ်သူ ၊ မယ်တော်ကိုးကွယ်သူ ၊ အောက်လမ်းကိုးကွယ်မှု စတဲ့အချိုးအစားဟာ ကိုယ့်ဘာသာဝင်တွေထဲမှာ အချိုးအစားချလိုက်ရင် ပမာဏမနည်းပါဘူး။

ဘယ်ဘာသာမှာမဆို ဂိုဏ်းကွဲတွေရှိပါတယ်။ ဒါကိုတော့ အကျယ်မဆွေးနွေးလိုတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကံ ကံ၏အကျိုးမဟုတ်ဘဲ တစုံတခုကို ယုံကြည်သက်ဝင်စွာ ကိုးကွယ်ရင် ၊ အဲဒီလူက ကိုယ့်ကိုစောင့်ရှောက်မယ်လို့ ယုံကြည်ပြီးကိုးကွယ်တာဟာ ဖန်ဆင်းရှင်ကို ကိုးကွယ်တာလို့ ကျွန်မမှတ်ယူလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့ နတ်ကိုးကွယ်တာ ၊ ဘိုးတော် ၊ မယ်တော် ၊ သိုက်နန်းရှင် ၊ ရုက္ခစိုး ၊ ဘာဖြူ  ညာဖြူ စတဲ့ တရိစ္ဆာန်အမျိုးအစားဝင်တွေကို တသသနဲ့ယုယ ပသပြီး ကိုးကွယ်သလိုထားနေတာ ၊ ကန်တော့နေတာ ၊ နောက်ဆုံးအောက်လမ်းကို ယုံကြည်သွားခဲ့တာတွေဟာလည်း ဖန်ဆင်းရှင်ဆိုတာကို ယုံကြည်နေသူတွေပါပဲ။ ဒါကို ကိုးကွယ်ရင် ကိုယ်ကိုးကွယ်တာ ၊ ကိုယ်ဆောင်ထားတဲ့အရာတွေက ကိုယ့်ကို ကောင်းကျိုးပေးမယ်လို့ ယုံကြည်နေကြသူတွေဟာ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်နဲ့ လွဲမှားသွားပါပြီ။

ဒါတွေကို ပူဇော်ပသ ထိုင်ရှိခိုးနေရုံနဲ့ အဆင်ပြေသွားမယ် ၊ အဆင်ပြေလာမယ်လို့ ယုံကြည်နေတာဟာ ကိုယ့်ကိုအဆင်ပြေအောင် ဖန်ဆင်းပေးမယ့်သူနဲ့ အရာတွေကို ယုံကြည်နေကြတာမဟုတ်လား။ ဒါဟာ တနည်းအားဖြင့် ဖန်ဆင်းရှင်ဆိုတာကို ယုံကြည်တာပဲပေါ့။ ဗုဒ္ဓဘာသာမှာက ကိုယ်လုပ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ “ကံ ကံ၏အကျိုး” ကို အခြေခံထားတာမဟုတ်လား။

ကိုယ်လုပ်မှကိုယ်ရမယ် ၊ ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်ဆိုတာ “ကံ ကံ၏အကျိုး” ဆိုတာကို ယုံကြည်တာပါ။ တစုံတခုကို ယုံကြည်သက်ဝင်စွာကိုးကွယ်နေရင် အဲဒီအရာက ကိုယ့်ကိုမစပြီး ကိုယ်ဟာ အလိုလို သူများထက်အဆင်ပြေလာမယ်ဆိုတာ ဖန်ဆင်းရှင်လိုအရာကို သက်ဝင်ယုံကြည်နေတာပါ။ ဖန်ဆင်းရှင်ကို ကိုးကွယ်လာတာပါ။ အဆင်ပြေရင်လည်း ပြေလာမှာပေါ့။ ဒါတွေမရှိဘူး ၊ မယုံဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ဘဲ “ကံ ကံ၏အကျိုး” ဆိုတာနဲ့ ဖန်ဆင်းရှင် ကိုးကွယ်မှုဆိုတာကို ခွဲခြားပြလိုတာပါ။

ဒီလိုဆို ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်အမည်ခံပြီး တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လား ၊ ကိုယ့်အမူအကျင့်နဲ့ ကိုးကွယ်မှုတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူဝါဒနဲ့ သဟဇာတဖြစ်ရဲ့လား ၊ လမ်းလွဲသွားပြီလားဆိုတာကို ပြန်လည် သုံးသပ်နိုင်ပြီပေါ့။

သြကာသ (Burmesehearts.com)

You might also like