Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖခင်တစ်ဦး၏ ချစ်မေတ္တာ – BurmeseHearts

ဖခင်တစ်ဦး၏ ချစ်မေတ္တာ

0

မိခင်မေတ္တာကို စာစီကုံးလို့ အဖွဲ့များတာတွေကြောင့် ဖခင်မေတ္တာဟာ မှေးမှိန်နေသလိုပဲနော်။ အလုပ်များလွန်းတဲ့ ကျွန်မရဲ့ဖခင်နဲ့ ကျွန်မငယ်စဉ်ကလေးဘဝက အနေဝေးတယ်။ လက်ပွန်းတတီးမရှိလှဘူး ။ ကျွန်မဆယ်ကျော်သက်ကူးစအရွယ်မှာ ဖခင်ဆုံးသွားခဲ့တော့ ဖခင်ရဲ့ မေတ္တာကို ပြောပလောက်အောင် မသိခဲ့ဘူးဆိုတာ ဝန်ခံပါရစေ။ ဖခင်မေတ္တာကို ရေးဖွဲ့ချင်လွန်းလို့ အနီးဆုံးရှိနေ ၊ မြင်နေရတဲ့ ကျွန်မရဲ့ခင်ပွန်း သူ့သမီးဖြစ်တဲ့ ကျွန်မရဲ့သမီးလေးအပေါ် ထားရှိတဲ့မေတ္တာကို ဝေမျှပါရစေ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ ဖခင်တိုင်း ဒီလိုရှိနိုင်တယ်လို့ ကျွန်မ မဆိုလိုပါဘူး။ ဖခင်ကောင်းတိုင်းကတော့ ဒီ့ထက်မပိုတောင် ဒီ့ထက်မလျော့သော ချစ်ခြင်းမေတ္တာတွေနဲ့ သားသမီးတွေကို ချစ်မှာပါ။

“မကိုခင်မှ ဥကိုမင်တယ်” ဆိုတဲ့စကားလို ကျွန်မခင်ပွန်းဟာ ကျွန်မလွယ်မွေးမယ့်ကလေးကို စောင့်မျှော်နေခဲ့သူပါ။ ကလေးကို မတောင့်မတ ၊ မကြောင့်မကြ ဘဝမျိုးထားမယ်ဆိုတဲ့ ကျွန်မတို့ ရည်မှန်းချက်အတိုင်း အိမ်ထောင်သက်(၅)နှစ်တိုင်တိုင် ငွေစုဆောင်းခဲ့ကြတယ်။ နှစ်ဦးလက်ထပ်မယ်ဆိုကတည်းက ကိုယ့်ငွေနဲ့ကိုယ် ခက်ခက်ခဲခဲ ရပ်တည်ခဲ့ကြတဲ့ ကျွန်မတို့ဇနီးမောင်နှံဟာ တကယ်ဆို မရသေးတဲ့ သားသမီးအတွက်ရည်ရွယ်လို့ ချွေတာပြီး စုဆောင်းခဲ့ကြတယ်ဆို ပိုမှန်ပါလိမ့်မယ်။ ကိုယ့်သားသမီးကို ကိုယ်ကြုံခဲ့တဲ့ ခက်ခဲတဲ့ဘဝမျိုး မခံစားစေချင်ဘူးလေ။

မကြုံစဖူး စာဖတ်ရင်း ငိုက်မြည်းတတ်တဲ့ ကျွန်မဟာ ဆီးစစ်ကိရိယာ အမျိုးမျိုးနဲ့ မနက်ဆီးကို စမ်းကြည့်တော့ နှစ်ကြောင်းပေါ်ပြီး ကိုယ်ဝန်ရှိကြောင်း သိခဲ့ရတာပါ။ ခင်ပွန်းကို ဆီးစစ်ကိရိယာပြပြီး ကိုယ်ဝန်ရှိနေပြီလို့ပြောတော့ အံ့သြဒွိဟဖြစ်ပုံနဲ့ သေချာရဲ့လား ၊ ဆရာဝန်နဲ့ စစ်ကြည့်ပါဦးတဲ့။ သေချာတယ် ဒီမှာ ဘယ်နှစ်ခုစစ်စစ် နှစ်ကြောင်းပေါ်နေမှပြောတာ ဘယ်လိုခံစားရလဲ မပျော်ဘူးလားမေးတော့ တည်ငြိမ်တဲ့သူက စကားတစ်ခွန်းပြောတယ်။ ပိုပြီးတာဝန်ရှိလာတယ်လို့ ခံစားရတယ်ဆိုပြီး ကျွန်မကို သူပြန်ဖြေခဲ့ပါတယ်။ ရုပ်ရှင်တွေထဲကလို ပျော်သွားတဲ့မျက်နှာ ၊ အူလှိုက်သဲလှိုက်ရယ်တာမျိုး ၊ လူဖြစ်ပြီကွလို့ အော်တာမျိုး ၊ ကြွားဝါတာမျိုးတွေမရှိတော့ စိတ်ထဲမှာ လိုချင်တုန်းကလည်းသူပဲ ၊ ရတော့လည်း မပျော်သလိုနဲ့လို့ ဖြစ်ခဲ့မိသေးတယ်။

ဒီ့နောက်ပိုင်းမှာ သူဟာ ကျွန်မကို အရင်ကထက် ပိုပြီး အရမ်းဂရုစိုက်ခဲ့တယ်။ ကျွန်မအိပ်ပျော်နေချိန်မှာ ဘယ်အချိန် ဘယ်လို အလုပ်ထသွားမှန်းမသိအောင်ကို ပိုပြီး နူးညံ့ညင်သာတတ်လာတယ်။ ကျွန်မလန့်နိုးလို့ ဗိုက်ထဲက ကလေး လန့်သွားမှာ သူစိုးရိမ်တယ်လေ။ သူ့ဖုန်းထဲမှာ ကိုယ်ဝန်စောင့်ရှောက်နည်းတွေ အမြဲဒေါင်းထားပြီး အလုပ်သွားချိန် ပြန်ချိန်တွေမှာ ရထားပေါ်ဖတ်တာ ၊ နားထောင်တာ ၊ ကျွန်မကို ပြန်ပြောပြတာတွေ လုပ်တတ်တယ်။

ကျွန်မက သည်းထိတ်ရင်ဖိုကားတွေ ကြိုက်တတ်သူမို့ ဒီကားတွေကြည့်ဖို့ အာသီသရှိပေမယ့် သူက ဗိုက်ထဲက ကလေးလန့်သွားမယ်ဆိုပြီး ပေးမကြည့်ပါဘူး။ ဒီလိုနဲ့ အစားအသောက်ပျက်တဲ့ကာလ ရောက်လာတော့ အရင်ကတည်းက အစားအသောက်ခုံမင်လှတဲ့ကျွန်မ နေ့စဉ်ရက်ဆက်ဆိုသလို စားသောက်ချင်စိတ်ရှိပြီး မစားမသောက်နိုင် ၊ တနေကုန် ညနေစောင်းအထိ အစာမြင်တိုင်း ပျို့အန်တာ ၊ အနံ့မခံနိုင်တာတွေ ဖြစ်လာပါလေရော။

ဒီလိုအချိန်တွေမှာ သူက အဖော်လုပ်ပေးပြီး ဘာစားချင်လဲ ၊ စားချင်တာမှန်သမျှ ဝေးဝေးနီးနီး စားချင်တဲ့ဆိုင်မှာ နေ့နေ့ညည အချိန်မရွေး လိုက်ကျွေးတယ်။ ကိုယ်ဝန်ဆောင်သည်ဆိုတာ ညသန်းခေါင်လည်း ဆာတတ်တာမျိုးဆိုတော့ အိမ်မှာ ညအစာပြေစားဖို့ အစားအစာတွေ အကုန်ဖြည့်ပေးထားတယ်။ ဒီလိုမှမဟုတ်ဘဲ စားချင်တာထွက်စားဖို့ အဆင်မပြေရင် (အဝေးကအစာမှ အချိန်မတော် ညသန်းခေါင် ဓါတ်ကျနေရင်) အဲဒီဆိုင်မှာ ကိုယ်တိုင် သွားဝယ်ပေးတယ်။ စားချင်စိတ်ရှိပြီး မစားနိုင်တော့ အချိန်ကုန် ၊ ငွေကုန် ၊ လူပန်းခံပြီး ဝယ်ထားတဲ့ အစာတွေကို သူလဲမစားနိုင်ဘဲ ပစ်ရပါလေရော။ နှမြောတတ်တဲ့ကျွန်မက ပစ်ရတဲ့အစာတွေကိုကြည့်ပြီး စားချင်ပေမယ့် ကျိတ်ဖြေတာတွေလုပ်လာပါလေရော။ စားချင်ပေမယ့် စားမှ မစားနိုင်တာလေ။ ဘယ်သူမှမစားဘဲ ပစ်ရတာ နှမြောတာပေါ့။

အဲဒီတော့ အစ်မအိမ်မှာနေတဲ့ အမေနဲ့ အမျိုးသားတိုင်ပင်ပြီး အစားအသောက်တွေ မပစ်ရဘူး။ သူတို့ဒိုင်ခံစားပေးမယ် ဆိုလာပါလေရော။ မပစ်ရရင် မနှမြောဘူး။ စားချင်တာ ရှာပုံတော်ဖွင့်မယ်ဆိုပြီး ကိုယ်က ဆိုင်တကာစေ့ကြည့် ၊ စားချင်တဲ့ဟာ မှာ ၊ စားပွဲပေါ်ရောက်လို့ မစားနိုင်ရင် ကျွန်မက ဝေးဝေးသွားပျို့နေ ၊ သူတို့နှစ်ယောက်က ဒိုင်ခံစားနဲ့ ရယ်တော့ရယ်ရသား။ ဒီလိုနဲ့ ဟင်းပွဲအလိုက်ချပေးတဲ့ အသားမပါ ကြက်ပြုတ်ရည်ကြည်လေးနဲ့ ဓါတ်တည့်သွားခဲ့တယ်။ ဒါကျတော့ မအန်ဘဲ သောက်လို့ရခဲ့တယ်။ ဒီ့မတိုင်ခင် ကျွန်မ စားနိုင်တာမတွေ့မချင်း ဗိုက်ကားအောင်စားပြီး ဒုက္ခခံပေးခဲ့တဲ့ အမေနဲ့ ခင်ပွန်းရဲ့ကျေးဇူးကို အခုထိ မမေ့သေးဘူး။

BurmeseHearts Blog

ဗိုက်ကလေးထွက်လာတော့ ဗိုက်ထဲက ဟိုဖုဒီဖုလုပ်တဲ့ကလေးနဲ့ ကျွန်မက ဆော့နေလေ့ရှိတယ်။ သူဖုတဲ့နေရာကို ကိုယ်ကလက်ကလေးဖိထိုး ၊ ကိုယ်ထိုးတဲ့နေရာကို သူကလိုက်ဖုနဲ့ တခစ်ခစ် ရယ်ပြီး ကစားလေ့ရှိပေမယ့် ခင်ပွန်းရှိနေရင် ဒီလို မဆော့ခိုင်းဘူး။ ကျွန်မက လက်နဲ့လိုက်ထိုးနေလို့ အထဲက ကလေးစိတ်ဖိစီးမှာစိုးလို့တဲ့။ အဲလို သဲတာ။

စားနိုင်သောက်နိုင်လာတော့ အစပ်ကြိုက်တဲ့ကျွန်မ ဗူးလိုက်ဝယ်ထားတဲ့ ငါးပိချက်ကြော် ကျွန်မအပြင် အိမ်မှာ စားတဲ့သူမရှိဘဲ လျော့လျော့သွားပါတယ်မှတ်တာ သူက တနေ့တဇွန်း ဘေစင်ထဲသွန် ဆေးချနေတာကိုး။ များများရှိလို့ များများစားရင် ကလေးထိမှာစိုးလို့တဲ့။ ကျွန်မကို အစပ်မစားဖို့ပြောမရတော့ ဗိုက်ပြတဲ့အချိန်မှာ ဆရာဝန်ကြီးနဲ့ အစပ်တွေစားတယ်လို့ တိုင်ပါလေရော။ ဆရာဝန်ကြီးက ရယ်တယ်။ သူစားချင်တာ စားပါစေတဲ့ ။ တချို့တွေက ဒီလိုပဲ စားတတ်ကြတယ်တဲ့ ။ ကလေးကို မထိခိုက်ဘူးလို့လည်းပြောရော ကျွန်မက အောင်နိုင်သူအပြုံးနဲ့ မိန့်မိန့်ကြီးသူ့ကို မေးငေါ့လိုက်တာပေါ့။

ကိုယ်ဝန်(၆)လလောက်ကစပြီး ချဉ်ခြင်းတပ်တဲ့ ကျွန်မရဲ့အာသီသက ရိုးရှင်းတယ် ၊ ရယ်ရတယ်။ တနေကုန် ရေခဲတွေ ထိုင်ဝါးတာပဲဗျိုး …. ရေခဲအလျဉ်မပြတ်အောင် သူက ခွက်အထွေထွေနဲ့ အမြဲ ဖြည့်ပေးတတ်သလို အပြင်ထွက်စားရင်လည်း ရေခဲပိုတောင်းတာ ၊ ပိုဝယ်ပေးတာတွေ အမြဲဖြည့်ဆည်းပေးတယ်။ အဲဒီတုန်းက ရေခဲကို အဆက်မပြတ်ဝါးတာ မွေးတဲ့အထိပဲ။ မွေးပြီးတော့ အဲဒီလို ရေခဲဝါးကြည့်တာ သွားတွေ ကျဉ်လိုက်တာ။ အဲဒီတုန်းကတော့ ကျွန်မ ရေခဲဝါးချက်က ပဲကြီးလှော်ဝါးတာတောင် ကြာနေဦးမယ်။

မွေးတဲ့အချိန် ကျွန်မက ရိုးရိုးမွေးတာဆိုတော့ နာနေတဲ့ကျွန်မမျက်နှာကိုကြည့်ရင်း သူ့မျက်နှာဟာ အိမ်ထောင်သက်တလျောက်မှာ ပထမဆုံးအကြိမ်မြင်ဖူးခဲ့တဲ့ ညှိုးရော်ခြင်းတွေစုပြုံထားသော မျက်နှာငယ်လေးနဲ့လေ။ ကျောရိုးကထိုးမယ့် မနာတဲ့နည်းကို လက်မခံခဲ့တဲ့ကျွန်မ ဗိုက်နာသက်သာဖို့ ဂက်စ်ရှူရင်း မေ့သွားပါလေရော …. မိန်းမနဲ့ ကလေးအတွက် သူဘယ်လောက် ပျာယာခတ်ပြီး စိုးရိမ်လိုက်မလဲနော်။ ကျွန်မသတိပြန်ရချိန်မှာ ကျောကနေ မနာအောင်လုပ်တဲ့နည်းနဲ့ ၊ အောက်ဆီဂျင်နဲ့ သက်တောင့်သက်သာ ဖြစ်နေခဲ့ပြီလေ။

သားဦးဖြစ်တဲ့ ကျွန်မ မွေးဖွားချိန်ဟာ (၁၁)နာရီခွဲကျော် ကြာတဲ့အချိန်တလျောက်လုံး သူက ရေတမုတ်တောင် မသောက်ဘဲ ကျွန်မဘေးမှာ ကျွန်မလက်ကိုကိုင် အားပေးပြီး နေခဲ့သူပါ။ ကျွန်မ အစာစားသည့်တိုင် ကလေးမျက်နှာကြည့်ပြီး သူမဆာဘူးတဲ့။ မယုံမရှိပါနဲ့ ။ မွေးခန်းကနေ ကျွန်မကိုထားတဲ့အဆောင်ရောက်မှ (အချိန် ၁၃နာရီလောက်ကြာမှ) သူဟာ အစာစစားလို့ ဝင်ခဲ့တာပါ။ ကလေးကလည်း ကလေးအဆောင်မှာ စိုးရိမ်စရာမလိုတော့ ၊ မိန်းမကလည်း လူနာဆောင်မှာ စိုးရိမ်စရာမလိုတော့မှ သူဟာ စိတ်ချလက်ချ စားနိုင်ခဲ့တာပါ။

ပြောဖို့မေ့ခဲ့တယ်။ ကျွန်မတို့ အိမ်ထောင်သက်တလျောက်မှာ အရေးပေါ် ဆေးကုသဖို့ အာမခံငွေပဲ ကျွန်မတို့က ဝယ်လေ့ရှိတာ။ ကျွန်မကိုယ်ဝန်စရှိကတည်းက သူဟာ မစွမ်းမသန်အာမခံကြေးနဲ့ အသက်အာမခံကြေးကိုပါ လျှောက်ထားလာတယ်။ ကျွန်မက နှစ်စဉ်ပေးရမယ့်ငွေတွေ နှမြောစရာကြီး ညည်းမိတော့ အကြောင်းကြောင်းကြောင့် သူမစွမ်းမသန်ဖြစ်သွားခဲ့ရင် ကလေးနဲ့ကျွန်မ ဒုက္ခမရောက်အောင် ၊ ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် ရုတ်တရက် သူသေဆုံးဖို့ဖန်လာရင် ကျွန်မတို့သားအမိ ဒီအာမခံကြေးငွေနဲ့ ဘဝရပ်တည်နိုင်အောင် လျှောက်ထားခဲ့တာ ယနေ့အထိပဲ။ တကယ်ဆို သူဟာ ကျွန်မတို့သားအမိထက် ကျွန်မတို့တွေးနိုင်တာထက် ပိုတွေးပူပေးတတ်သူပါ။

အသေးစိတ်တွေမှာတော့ ကလေးခြင်ကိုက်မှာစိုးလို့ ၊ ချော်ကျမှာစိုးလို့ သူကိုယ်တိုင် ရှင်းလင်း သန့်ရှင်းရေးလုပ်တာတွေ ရှိသလို ကလေးအညစ်အကြေးတွေကို သန့်စင်ပေးဖို့လက်မနှေးတာ ၊ နို့မပြတ်သေးတဲ့ကလေး သူ့လက်ထဲမှာ သီချင်းမညည်း ၊ နို့မဝင်ဘဲ အိပ်ပျော်စေခဲ့သူ ၊ ကလေးနာဖျားမှာကို သူနာဖျားမှာထက်ကြောက်သူ ၊ ကလေးနာဖျားတိုင်း ဆေးရုံအပြေးပို့တတ်သူ ၊ မနက်အလုပ်သွားရမယ့်တိုင်အောင် အကြောင်းကြောင်းနဲ့ ကလေးကြောင့် အအိပ်ပျက်ခဲ့ရင်လည်း ငြိုငြင်လေ့မရှိသူ ၊ ရောက်လေရာက ကလေးနဲ့ မိန်းမအတွက် စားစရာတခုခု ဝယ်လာတတ်သူ ၊ ကလေးရှေ့မှာ ကလေးအထာအတိုင်း ကလေးပျော်အောင် နေထိုင်ကစားတတ်သူ စသဖြင့် တကယ်ဆို သူ့ရဲ့ ဖြည့်ဆည်းပေးနိုင်စွမ်းဟာ မိခင်ဖြစ်တဲ့ ကျွန်မထက်မလျော့သော ဖြည့်ဆည်းပေးခြင်းတွေနဲ့ပါ။ ယခုအချိန်အထိလည်း နေ့စဉ်မပျက်မကွက် နေ့လည် အလုပ်အားလပ်ချိန်မှာ စာတိုနဲ့ဓါတ်ပုံတွေ အပြန်အလှန်ပို့ရင်း မိသားစုပုံတွေ ဖလှယ်တုန်း။ ဒါပေမယ့် သူဟာ ကျွန်မလိုမျိုး ကလေးကို ချစ်လိုက်တာလို့ တဖွဖွ ပြောလေ့တော့ မရှိပါဘူး။

ကလေးကိုကြည့်ရင်း ကလေးလက်ကို ဖွဖွထိတွေ့နေရရုံနဲ့ ကျေနပ်နေတတ်သူ ၊ ကလေးနဲ့ ဒီမိသားစုအတွက် တိုးတက်သထက်တိုးတက်အောင် ၊ ပြည့်စုံသထက်ပြည့်စုံအောင် ဖြည့်ဆည်းပေးချင်ပြီး ဖြည့်ဆည်းပေးနေသူပါ။ ဒါကိုက ဖခင်မေတ္တာလေ။

ဖခင်တွေဟာ မိခင်တွေလောက် သားသမီးကို ချစ်တဲ့အကြောင်း ဖွင့်ထုတ်ပြောလေ့မရှိပါဘူး။ သူတို့က အလုပ်နဲ့ သက်သေပြချင်ကြတဲ့ သဘာဝရှိတယ်လေ။ ချစ်ခြင်းမေတ္တာဆိုတာ ရင်ထဲမှာ သိမ်းထားရတာချည်းမဟုတ်ဘဲ တပါးသူနားလည်အောင် ဖွင့်ထုတ်ပြောရတယ်ဆိုတာ ၊ ယုယကြင်နာမှုတွေနဲ့ ဖွင့်ထုတ်ပြရတယ်ဆိုတာကို သူနားလည်အောင် တဖြည်းဖြည်း သိမ်းသွင်းပြောဆိုရင်း ဒီလိုပြောဆိုလုပ်ကိုင်ခွင့် ပေးလိုက်တဲ့အခါမှာ ကလေးကို လိုလေးသေးမရှိ ပြုစုဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်နေပါတယ်။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားခွင့်ရနေတဲ့ ကျွန်မသမီးလေး ကံကောင်းတာပေါ့။ ဖခင်ရှိတဲ့ ကလေးတိုင်းကိုလည်း ဖခင်မေတ္တာ အပြည့်အဝ ခံစားခွင့်ရစေချင်တာ ကျွန်မရဲ့ စေတနာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses

[appbox googleplay com.burmeseapp.chat]

BurmeseApp on Google Play

You might also like