Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပင်ကိုယ်အရည်အသွေး ပျောက်ဆုံးသွားရသည့်အကြောင်း – BurmeseHearts

ပင်ကိုယ်အရည်အသွေး ပျောက်ဆုံးသွားရသည့်အကြောင်း

0

လူတိုင်းမှာ မွေးဖွားကတည်းက ပင်ကိုယ်အရည်အသွေးဆိုတာ ပါလာတတ်တယ်။ ဒီပင်ကိုယ်အရည်အသွေးဟာ ကလေးရဲ့ ဗီဇက ပါလာတာဖြစ်နိုင်သလို မျိုးရိုးဗီဇကသော်လည်းကောင်း ၊ သူ့စိတ်ဝိဥာဉ်ပျော်ရွှင်မှုအရသော်လည်းကောင်း သူ့ရဲ့ပင်ကိုယ်အရည်အသွေးဟာ ဖြစ်ပေါ်နေတာပါ။ လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတဲ့စကားကိုယုံရင် လူတိုင်းမှာ ပင်ကိုယ်အရည်အသွေး ကိုယ်စီရှိကြတယ်ဆိုတာကိုလည်း ယုံရမှာပါပဲ။

လူတစ်ယောက် သူ့ဘာသာ သတိမထားမိတဲ့အလှ ၊ ဖုံးကွယ်နေတဲ့အလှကို သတိထားမိတဲ့သူက သတိပေး ဖော်ထုတ်ပေးလို့ရသလို မပေါ်လွင်တဲ့ ရှိပြီးသားရုပ်အလှကို မိတ်ကပ်ပညာရှင်တွေက ထင်ရှားလာအောင် ဖော်ထုတ်ပေးလို့ရပါတယ်။ ဒါပေမယ့် လူတိုင်း မျက်စိနဲ့မမြင်နိုင်တဲ့ လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးကို သူငယ်စဉ်ကတည်းက သတိထား သိရှိတာမျိုးမရှိရင် ၊ သူ့ပင်ကိုယ်အရည်အသွေးဆိုတာကို ပံ့ပိုးပေးတာမျိုးမရှိရင် ၊ သူ့ပင်ကိုယ်အရည်အသွေးအပေါ် အခြားပြင်ပ စိတ်ခံစားမှုနဲ့ အသိပညာ ၊ အတတ်ပညာတွေက ဖုံးလွှမ်းသွားခဲ့ရင် သူ့ရဲ့ပင်ကိုယ်အရည်အသွေးဟာ တိမ်မြုပ်နေတတ်ပါတယ်။

တိမ်မြုပ်သွားခဲ့တဲ့ ဒီလူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးကို သူကိုယ်တိုင်လည်း မသိရှိ ၊ သူ့အနားမှာရှိနေတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း မသိရှိ ၊ သူ့ဘဝဖော်ကလည်း မသိရှိဘူးဆိုရင် သိပ်ကိုအဖိုးတန်လှတဲ့ လူတစ်ယောက်ရဲ့ မွေးရာပါပင်ကိုယ်အရည်အသွေးတွေဟာ သူ့နောက်ဆုံးထွက်သက်အထိ ဖော်ထုတ် အသုံးပြုခွင့် မရနိုင်တော့ပါဘူး။ ဒါဟာ လူ့ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တစ်ခုပေါ့။

လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးဆိုတာကို ဘယ်အချိန်က စသိရှိနိုင်သလဲ။ တစ်နှစ်အောက်အရွယ်ကနေ လေး ၊ ငါး ၊ ခြောက်နှစ်အထိ (တနည်းအားဖြင့် သူ့အရည်အသွေးကို ပြင်ပအာရုံတွေ မဖုံးလွှမ်းခင်အထိ) သတိထား ဖော်ထုတ်ပေးနိုင်ပါတယ်။

ဘယ်သူတွေက သတိထားဖော်ထုတ်ပေးရမလဲဆိုရင် ဒီကလေးရဲ့ အုပ်ထိန်းသူ လူကြီးမိဘတွေနဲ့ ကလေးအနားမှာ အချိန်များများရှိသူတွေက သူ့ပင်ကိုယ်အရည်အသွေးကို သတိထားဖော်ထုတ်ပေးရမှာပါ။ ဒီလိုဖော်ထုတ်ပေးနိုင်တဲ့ အရည်အချင်းရှိဖို့ဟာ ကလေးရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေအပေါ် မျက်ခြည်မပြတ် အကဲဖြတ်တဲ့စိတ်နဲ့ စောင့်ကြည့်သတိထားတဲ့ အကျင့်ရှိနေဖို့တော့ လိုတယ်လေ။

ကလေးငယ်တွေရဲ့ ယေဘူယျ တူညီချက်တွေက ခုန်ပေါက်ပြေးလွှားဆော့ကစားမယ် ၊ သီချင်းသံကြားရင် ကမယ် ၊ ဆိုတတ်တဲ့အရွယ်မှာ ဆိုမယ် ၊ သမီးမိန်းကလေးတွေဆို မှန်ရှေ့ရောက်ရင် အိုက်တင်လုပ်မယ် ၊ သားယောကျာ်းလေးတွေက တိုက်ခိုက်ရတဲ့ ကစားနည်းတွေမှာ ဝါသနာပါမယ် ၊ ရေးခြစ်တတ်တဲ့အရွယ်မှာ ရေးခြစ်မယ်ပေါ့။ ဒီယေဘူယျအကျင့်တွေထက်ပိုတဲ့ အရည်အချင်းတွေကို မြင်လာရင် ၊ ကလေးဟာ ဒါကို စွဲစွဲမြဲမြဲလုပ်လိုပြီး သူလုပ်လိုက်တဲ့အခါ အခြားကလေးတွေလိုမဟုတ်ဘဲ တမူထူးခြားလို့ ဆွဲဆောင်မှုရှိနေရင် ၊ စိတ်ဝင်စားဖွယ် ကောင်းနေရင် ၊ ပိုပြီးထူးချွန်နေရင် သူဟာ ဒီဘက်မှာ ပင်ကိုယ်အရည်အသွေးပါလာတဲ့သူပါ။ ဒီအရည်အသွေးကို ကိုယ်က ပံ့ပိုးမြှင့်တင်လို့ မြေတောင်မြှောက်ပေးလိုက်မယ်ဆိုရင် သူ့ပင်ကိုယ်အရည်အသွေးဟာ သူ့ဝါသနာအပေါ် အခြေခံဖြစ်တည်တာမို့ သူဘာဝါသနာပါသလဲ တွေးစရာမလိုတော့ဘူး ၊ သူ့ဘဝကို ဘယ်လိုအသက်မွေးဝမ်းကျောင်းမှုနဲ့ ရပ်တည်မလဲ ပူစရာမလိုတော့ဘူး ၊ သူ့ရဲ့လမ်းကြောင်းကို ပဲ့ပြင်ရွေးချယ်ပေးစရာမလိုတော့ဘူး။

သူ့အရည်အချင်း ၊ သူ့ဝါသနာနဲ့ ဒီလမ်းကြောင်းပေါ်ရောက်သွားပြီး ဒီလမ်းကြောင်းပေါ်မှာ အောင်မြင်နေပြီမို့ သူဝါသနာပါရာလုပ်ကိုင်နေရတဲ့ကလေး (တချိန်လူကြီးဖြစ်လာမယ့်သူ)ဟာ အများသူငါတွေလို လမ်းကြောင်းကွေ့ကောက်လို့ လမ်းပျောက်နေမှာ ၊ ဝေဝါးနေမှာ မပူရတော့ဘူးလေ။ ဒါဟာ ပင်ကိုယ်အရည်အသွေးနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေရဲ့ ထူးခြားချက်ပါ။ သူတို့ဟာ အောင်မြင်သူတွေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

BurmeseHearts Blog

လူတိုင်းမှာရှိနေတဲ့ ပင်ကိုယ်အရည်အသွေးတွေဟာ ဘာကြောင့် ပျောက်ကွယ်သွားသလဲ တွေးစရာရှိတယ်နော် ။ လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးဆိုတာ မြေဇာတွေဖုံးနေတဲ့ အဖိုးအထိုက်တန်ဆုံး စိန်ရိုင်းတုံးကြီးတစ်လုံးလိုပါပဲ။ ဟိုးအောက်မှာ စိန်သိုက်ကြီးရှိနေတဲ့မြေပေါ် မြေဇာတွေ တောင်လိုပုံထားလိုက်ရင် ဒီစိန်သိုက်ကို တွေ့ရှိဖော်ထုတ်နိုင်ဖို့ဆိုတာ ပိုနည်းသွားတာပေါ့။

လူကြီးမိဘတွေက ကလေးရဲ့ ပင်ကိုယ်အရည်အသွေးဆိုတာကို ရှာဖွေဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးဖို့ သတိမထားနိုင်ဘဲ ပတ်ဝန်းကျင်မှာ မြင်တွေ့ရတာတွေနဲ့ နှိုင်းယှဉ်လို့ ကိုယ့်ကလေးကို ပုံသွင်းမယ်ဆိုရင် စိန်သိုက်ရှိနေတဲ့မြေပေါ် မြေဇာတွေ တစထက် တစ ပုံနေသလိုမျိုးပါပဲ။ မိဘတွေ ကောင်နိုးရာရာ ပဲ့ပြင်ပုံသွင်းရာကို လိုက်လုပ်ရင်း ကလေးဟာ သူ့မှာတကယ်ရှိနေတဲ့ ပင်ကိုယ်အရည်အသွေးနဲ့ အရည်အချင်းတွေ ၊ သူ့ဝါသနာနဲ့ သူစိတ်ဝိဥာဉ်စေရာတွေကို လုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါတော့မလား။

ကလေးဟာ သူကိုယ်တိုင်တောင်မသိဘဲ စိန်သိုက်ရှိတဲ့မြေပေါ် မြေဇာတွေ ထပ်ပုံနေသလို အချိန်နဲ့အမျှ ကလေးကြီးလာလေ အာရုံတွေ ဝေဝါးလေ ၊ လမ်းကြောင်းတွေ ထွေပြားလေဖြစ်လာမှာပါ။ ဒီမှာမိဘက ဒီလမ်းပဲသွား ၊ ဒါသူနဲ့ အသင့်တော်ဆုံးလို့ လမ်းကြောင်းတစ်ခုပေါ်တင်ပေးလိုက်ရင် ဘာလုပ်ရမှန်းမသိတဲ့ကလေးဟာ တခြားလုပ်ချင်စရာလည်း ရေရေရာရာမတွေ့ရင် လူကြီးတွေတင်ပေးလိုက်တဲ့ လမ်းကြောင်းပေါ်မှာ အသက်မွေးဝမ်းကျောင်းမှုပြုရင်း ဒါမှမဟုတ် လတ်တလော သူစိတ်သန်ရာမှာ အသက်မွေးဝမ်းကျောင်းမှုပြုရင်း သူ့ပင်ကိုယ်အရည်အသွေးတွေကို အသုံးပြုခွင့်မရ ၊ ကိုယ်တိုင်မသိရှိဘဲ အဆင်ပြေသလို ဖြစ်နေမှာပါ။

လူကြီးမိဘတွေက လူကြီးအချင်းချင်းပြိုင်လို့ပဲဖြစ်ဖြစ် ၊ ကလေးအချင်းချင်း ပြိုင်ချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ကလေးကို သူများကလေးနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုလုပ်ကိုင်ခိုင်းတွေဟာလည်း သူ့ပင်ကိုယ်အရည်အသွေး ဖော်ထုတ်ခွင့်မရနိုင်တဲ့ အကြောင်းတွေထဲကတစ်ခုပါပဲ။ ကလေးရဲ့အာရုံဟာ လူကြီးစေရာရောက်ရှိလို့ သူမှီခိုနေရတဲ့ လူကြီးစိတ်တိုင်းကျ ကျေနပ်နိုင်ဖို့ကြိုးစားရင် သူကိုယ်တိုင်က ဘာလုပ်နေရရင် စိတ်ကျေနပ် ပျော်ရွှင်နေတယ်ဆိုတာကို မေ့လျော့ ထွေပြားလာပါတယ်။ ဝါသနာအရ လုပ်ကိုင်ရင်း စိတ်ပျော်ရွှင်ကျေနပ်မှုရနေတယ်ဆိုတာ ကလေးဘာသာဘာဝ ကစားရင်းပျော်နေတာမျိုး မဟုတ်ဘူးနော်။ ပင်ကိုယ်အရည်သွေးနဲ့ ဘာသာဘာဝဆိုတဲ့ အနက်အဓိပ္ပါယ်က အများကြီးကွာပါတယ်။

လူကြီးတွေက ကိုယ်မဖြစ်ခဲ့တာတွေကို ကလေးလက်ထက်မှာ ဖြစ်လာအောင် ငယ်ငယ်ကတည်းက ပုံသွင်းပြီး လုပ်စေတာဟာလည်း ကလေးရဲ့ ပင်ကိုယ်အရည်အသွေး မဖော်ထုတ်နိုင်တဲ့ အကြောင်းတွေထဲကတစ်ခုပါပဲ။ ဥပမာ ကိုယ်က ဆရာဝန်ဖြစ်ချင်တာ မဖြစ်ခဲ့ပေမယ့် ကလေးကို ဆရာဝန်ဖြစ်လာဖို့ ငယ်ငယ်ကတည်း ပျိုးထောင်ပြုစုလို့ ဆရာဝန်ဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိလာဖို့ အာရုံစိုက် ပုံသွင်းနေမယ်ဆိုရင် အနုပညာဘက်မှာ ပင်ကိုယ်အရည်အသွေးရှိနေတဲ့ကလေးဟာ သူ့ရဲ့မွေးရာပါ အရည်အသွေးကို သူကိုယ်တိုင် မဖော်ထုတ်နိုင်သရွေ့ ၊ ဖော်ထုတ်ခွင့်မရသရွေ့ လူကြီးမိဘအလိုရှိရာ လုပ်ကိုင်နေရဦးမှာပါ။ ဒါဆိုရင် သူ့ပင်ကိုယ်အရည်အသွေးကို ထွန်းပြောင်သထက် ထွန်းပြောင်အောင် ဖော်ထုတ်ခွင့်ရနိုင်ဖို့ အချိန်တွေဟာ နောက်ကျမှာပေါ့။ ရနေတဲ့ဂုဏ်နဲ့ ဝင်ငွေအပေါ်မှာ ကျေနပ်စိတ်ဝင်သွားရင် လုံးဝ အခွင့်အရေးမရတော့တာလည်း ဖြစ်နိုင်ပါတယ်။

လူကြီးမိဘတွေရဲ့ မျိုးရိုးထိန်းသိမ်းလိုစိတ်ဟာလည်း ကလေးရဲ့ ပင်ကိုယ်အရည်အသွေး ဖော်ထုတ်ခွင့်မရနိုင်တဲ့ အကြောင်းတွေထဲကတစ်ခုပါပဲ။ ဒီမျိုးရိုးရှိလာလို့ ဒီမျိုးရိုးကို ထိန်းသိမ်းစို့ လုပ်နေတာနဲ့ တခြားဘက်မှာပါလာတဲ့ ကလေးရဲ့ ပင်ကိုယ်အရည်အသွေးဟာ ဖော်ထုတ်ခွင့်မရနိုင်တော့တာပါ။ ဒါဟာ ဒီမျိုးရိုးကလာပြီး ဒီဘက်မှာလုပ်ကိုင်နေပေမယ့် ထူးချွန်မလာတဲ့လူတွေက စံပြပဲလေ။ မျိုးရိုးရှိတိုင်း ထူးချွန်တာမျိုးမဟုတ်သလို မျိုးရိုးရှိတိုင်း ဒီဘက်မှာ အောင်မြင်သူတစ်ယောက်အဖြစ် ရေရှည် နာမည်ထိန်းထားနိုင်တာမျိုး မဟုတ်ပါဘူး။

ဥပမာ အနုပညာမျိုးရိုးကလာတယ်။ မျိုးရိုးရှိတဲ့ အနုပညာဘက်မှာပဲ ကလေးကို လမ်းကြောင်းတင်ပေးလိုက်တယ်။ ကလေးဟာ တချိန်လူကြီးဖြစ်လာတဲ့အခါ သူလုပ်နေတဲ့ အလုပ်မှာပျော်ပိုက်ပြီး ဆန်းသစ်တီထွင်နိုင်တယ် ၊ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်တယ်ဆိုရင် သူဟာ ဒီဘက်မှာ ပင်ကိုယ်အရည်အသွေး ပါလာသူတစ်ယောက်ဖြစ်ပါတယ်။ မိဘအရှိန်ကြောင့် အချိန်အတိုင်းအတာတခုအထိ အောင်မြင်နိုင်ခဲ့ပေမယ့် သူဟာဒီလမ်းကြောင်းပေါ်မှာ တသက်လုံးရပ်တည်သွားဖို့ စိတ်မပါဘူး ၊ မရည်တည်လိုဘူး ၊ မဆန်းသစ်နိုင်ဘူးဆိုရင် ကလေးရဲ့ ပင်ကိုယ်အရည်အသွေးဟာ ဒီဘက်မှာမပါလာဘဲ တခြားမှာ ပင်ကိုယ်အရည်အသွေး ရှိနေတဲ့သူဖြစ်နေပါတယ်။ ဒါပေမယ့် မျိုးရိုးရှိတဲ့ဘက်ကို ဦးတည်လိုက်တာမို့ သူဘယ်ဘက်မှာ ပင်ကိုယ်အရည်အသွေးရှိနေသလဲဆိုတာ ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးနည်းသွားပြီ ၊ ဖော်ထုတ်နိုင်ဖို့ အခွင့်အရေး မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။ လမ်းကြောင်းလွဲသွားခဲ့တာပေါ့။

ပင်ကိုယ်အရည်အသွေးရှိသူတွေထဲက အောင်မြင်သူတွေကို ပြရမယ်ဆိုရင် လက်ရှိမှာ ကမ္ဘာသိ အောင်မြင်ကျော်ကြားနေတဲ့ Taylor Swift ၊ Beyoncé  ၊ Justin Bieber တချိန်က အောင်မြင်ခဲ့တဲ့ Micheal Jackson ၊ Madonna စတဲ့ မြင်သာထင်သာရှိတဲ့ အနုပညာရှင်တွေကို ပြရမှာပါပဲ။ ပင်ကိုယ်အရည်အသွေးရှိသူတွေဟာ အနုပညာနယ်ထဲမှာပဲ ရှိတာမဟုတ်ဘူးဆိုတာကိုတော့ သတိချပ်ရမှာပါပဲ။ တခြားဘက်မှာ ထူးချွန်သူတွေရဲ့ နာမည်ဆိုရင် စာဖတ်သူတွေ အလွယ်တကူ မသိမြင်မှာစိုးလို့ အောင်မြင်တဲ့ အနုပညာနယ်ထဲက သူတို့တွေကို ဥပမာပေးရတာပါ။ ဒီလူတွေဟာ သူတို့ ပင်ကိုယ်အရည်အသွေးရှိနေတဲ့ အနုပညာကို မဆုတ်မနစ် လုပ်ခဲ့လို့ ၊ လုပ်ကိုင်ခွင့်ရခဲ့လို့ ၊ လူကြီးမိဘတွေက သူတို့ပင်ကိုယ်အရည်အသွေးရှိရာကို မြေတောင်မြှောက်ပေးနိုင်ခဲ့လို့ ဒီနေရာမှာ အောင်မြင်သူတွေအဖြစ် ရေရှည် ရပ်တည်နေနိုင်ခဲ့သူတွေဖြစ်ပါတယ်။

ပင်ကိုယ်အရည်အသွေး ရှိသူတွေထဲက လွဲချော်သွားခဲ့ရတဲ့သူတွေ အများအပြားရှိပေမယ့် ကျွန်မကိုယ် ကျွန်မ ဥပမာပေးရမှာပါ။ အားမနာတမ်း ချပြောပြီး ဥပမာပေးနိုင်တဲ့သူဆိုလို့ ကျွန်မအကြောင်းပဲရှိတယ်လေ။ ကျွန်မတို့မျိုးရိုးမှာ စာရေးသားတဲ့ စာရေးဆရာ/ဆရာမဆိုသူ တစ်ယောက်မှ မပါခဲ့ပါဘူး။ တစ်ယောက်မှ ဒီဘက်မှာ အသက်မွေးဝမ်းကျောင်းပြုသူ ၊ အပျော်ရေးသူ မရှိပါဘူး။ မိဘက တခြားဘက်မှာ လုပ်ကိုင်စားသောက်တဲ့ မျိုးရိုးပါ။ ဒါပေမယ့် ကျွန်မဟာ စာရေးသားမှုမှာ ပင်ကိုယ်အရည်အသွေး ပါခဲ့တယ်ဆိုတာကို ကျွန်မအဖေက ကျွန်မအသက် လေး ၊ ငါးနှစ်အရွယ်ကတည်းက သတိထားမိခဲ့တယ်။ အဲဒီအရွယ်မှာ ကျွန်မကို ကြီးလာရင် စာရေးဆရာမကြီးလုပ်သင့်တယ်။ ထူးချွန်မယ်လို့ ပြောခဲ့ဖူးတယ်။

အဖေသတိထားမိခဲ့တာက ကျွန်မရေးခဲ့တဲ့ ဒိုင်ယာရီစာတိုလေးကြောင့်ပါ။ စာနှစ်ကြောင်း ၊ သုံးကြောင်း စားလုံးပေါင်း မှန်မှန်မပေါင်းနိုင်တဲ့ ကြောင်ချေးကုတ်လက်ရေးနဲ့ ဘယ်သူကဘာလုပ်လို့ ဘာခံစားရတယ်ဆိုတာကို စာတိုလေးနှစ်ကြောင်း ရေးထားတာပါ။ စာတိုနှစ်ကြောင်းကို ဖတ်တဲ့သူရသမြောက်အောင် ရေးနိုင်လို့ ကျွန်မကို ဒီဘက်မှာ ပင်ကိုယ်အရည်အသွေးပါလာတယ်လို့ သတိထားမိခဲ့တာပါ။ ဒါပေမယ့် ကျွန်မ(၁၃)နှစ်သမီးမှာ အဖေဆုံးသွားခဲ့တယ်။ သူ့အရည်အချင်းနဲ့ ထူးချွန်အောင်မြင်သူတစ်ယောက်ဖြစ်တဲ့ အဖေဆုံးတုန်းက အများကဝိုင်းပြောလို့ ဆောင်းပါးတစ်ပုဒ် ၊ မဂ္ဂဇင်းတစ်ခုမှာ ကျွန်မရေးသားခဲ့ဖူးတယ်။ (၁၃)နှစ်အရွယ်နဲ့ ကျွန်မရေးထားတဲ့ ဆောင်းပါးကို အဖြတ်အတောက် ၊ အပြင်အဆင်မရှိဘဲ မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ အဲဒါ ပထမဆုံးအကြိမ် ကျွန်မ စာရေးသားခဲ့ခြင်းပါ။

ဘယ်သူကမှ တိုက်တွန်းခြင်း ၊ ပျိုးထောင်ပေးခြင်း မရှိခဲ့တော့ ကိုယ်ခံစားရတာတွေ ချရေးဖြစ်တဲ့ ကျွန်မဟာ တခြားသူကို ပေးဖတ်တာတွေ ၊ ဆွေးနွေးတာတွေ မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်မအိမ်ထောင်ကျတော့ ခင်ပွန်းက ကျွန်မ ကဗျာတို ၊ စာတိုနဲ့ ဒိုင်ယာရီ ရေးသားလေ့ရှိတာကို သတိထားမိပြီး ဘာကြောင့် သူများတွေ ဖတ်ခွင့်ရအောင် မချပြဖြစ်တာလဲ ဆွေးနွေးရာကနေ ကျွန်မကို စာရေးဖို့တိုက်တွန်းခဲ့ရာက ကျွန်မရေးတဲ့ ကဗျာတွေ ၊ စာတွေကို စာဖတ်ပရိသတ်တွေဆီအရောက် ချပြနိုင်ခဲ့တာပါ။ တကယ်ကို ကျွန်မခင်ပွန်းက ကျွန်မကို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်လို့ ယုံကြည်မှုရှိဖို့ အားပေးခဲ့တာပါ။ အခုလို ကျွန်မ စာရေးဖြစ်တယ်ဆိုတာ ခင်ပွန်းရဲ့ ပံ့ပိုးမှုတွေ အများကြီးပါနေတယ်။ သူသာ ကျွန်မကို စိတ်ဓါတ်ခွန်အားပေးပြီး ယုံကြည်မှုရှိဖို့ အားမပေးခဲ့ရင် လူအများအကျိုးရှိစေမယ့် ယခုလိုစာတွေကို ကျွန်မရေးသားခြင်း ၊ ဖော်ပြခြင်းတွေဟာ ဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့် လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးဆိုတာကို သူ့အနားရှိသူတွေက သတိထားမိရင် ၊ ကလေးဘဝကတည်းက မြေတောင်မြှောက်ပေးနိုင်ရင် သူဟာ လမ်းကြောင်းမလွဲဘဲ သူဝါသနာပါရာ ၊ သူ့အရည်အချင်းစုဝေးရာ လမ်းကြောင်းပေါ်မှာ ရပ်တည်းရင်း ဘဝမှာ အောင်မြင်သူတစ်ယောက် မဟုတ်ခဲ့ရင်တောင် စိတ်ကျေနပ်စွာ ရပ်တည်သူတစ်ယောက်အဖြစ် တည်ရှိနေနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like