Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တာဝန်ကျေနိုင်ပါ့မလား – BurmeseHearts

တာဝန်ကျေနိုင်ပါ့မလား

0

ကျွန်မတို့ လူရယ်လို့ စဖြစ်လာကတည်းက တာဝန်တွေ တနင့်တပိုးကို စတင်လွယ်ပိုးရပါတော့တယ်။ တာဝန်ဆိုတာ မသိသူအတွက် တာဝန်မရှိပါဘူး။ သိနေတတ်သူအတွက် တာဝန်တွေ ပိပြီးရင်းပိနေတတ်ပါတယ်။ ဒီတော့ ယူနိုင်တဲ့ တနိုင်တာဝန်၊ မယူမဖြစ် ယူသင့်တဲ့တာဝန်တွေကိုယူပြီး တစ်ယောက်ချင်းစီက တာဝန်ကျေနိုင်အောင် ကြိုးစားကြရအောင်လား။

ကလေးတစ်ယောက်ရယ်လို့ ဖြစ်လာရင် ကစားနေချင်ရုံနဲ့မရပါဘူး။ စားချိန်စားပြီး နားချိန်လဲနားရပါမယ်။ ပညာသင်ချိန်ရောက်လာရင် အုပ်ထိန်းသူတွေ စိုက်ထုတ်ထားတဲ့ ပညာသင်စရိတ်ထက် ပိုမကြိုးစားနိုင်ပါက စိုက်ထုတ်ထားတဲ့ ပညာသင်စရိတ်နဲ့တန်အောင် ကြိုးစားရမယ့်တာဝန်ရှိပါတယ်။
ဆိုလိုတာက အတန်းထဲမှာ ထိပ်ဆုံးအဆင့်တွေ မချိတ်ခဲ့ရင်တောင်မှ တစ်နှစ်တစ်တန်း မှန်အောင်ကြိုးစားဖို့ တာဝန်ရှိပါတယ်။ တစ်တန်းကျ၊ အတန်းအခါခါ ကျနေတဲ့သူတွေက သားသမီးတာဝန်၊ တပည့်တာဝန်၊ နောက်ဆုံးကိုယ့်တာဝန် ကိုယ်မကျေနိုင်သေးတဲ့သူတွေပါပဲ။
ဒီလိုပညာသင်စဉ်အရွယ်မှာ တာဝန်တွေက မပူမပင်မကြောင့်မကျ ဘ၀မျိုးရနေသူတွေအတွက်က တာဝန်နည်းပါတယ်။ မရှိတဲ့ကြားထဲက ကျောင်းလာတက်ပြီး ပညာသင်ယူနေသူတွေကတော့ ကျောင်းဆင်းတာနဲ့ မိဘစီးပွားကူရပါတယ်။
သူတို့တွေမှာ ကျောင်းစာတစ်ဖက်၊ မိဘကူရတာတစ်ဖက်နဲ့ အရွယ်နဲ့မမျှအောင် ၀န်ပိနေကြတော့ ကျောင်းကပေးလိုက်တဲ့ သင်ခန်းစာဆိုတာကို နောက်တစ်နေ့မှာတောင် မပြီးစီးနိုင်ပါဘူး။ ဒီလိုကလေးတွေကို နားလည်ပေးရမယ့်တာဝန်က ဆရာ၊ ဆရာမတွေမှာ ရှိပါတယ်။
ဒီကလေးတွေ ကျောင်းစာသင်ခန်းကို ကျောခိုင်းမသွားအောင်၊ ဒီကလေးကို သင်ခန်းစာတွေ နားလည်တတ်ကျွမ်းပြီး အနည်းဆုံး တစ်နှစ်တစ်တန်းအောင်တဲ့အထိ သင်ပေးရမယ့်တာဝန်က ဆရာ၊ ဆရာမတွေရဲ့ တာဝန်ပါ။
ဆရာ၊ ဆရာမတွေကို အနန္တော အနန္တငါးပါး ဂုဏ်ကျေးဇူးထဲ ထည့်ထားတာက တပည့်တွေကို ပညာတတ်စေချင်တဲ့ စေတနာရှိကြဖို့ ၊ ကလေးမတတ်နိုင်ရင်တောင်မှ ကိုယ့်အိတ်ထဲက စိုက်ထုတ်အနစ်နာခံတတ်ဖို့ ၊ ၀ါသနာအရင်းခံနဲ့ ကလေးတွေ ပညာတတ်မြောက်နိုင်ဖို့ နာသုံးနာနဲ့ သင်ကြားပေးရမှာ ဆရာ၊ ဆရာမတွေရဲ့ တာဝန်ပါ။ ဒီခေတ်ဆရာ၊ ဆရာမတွေ ဆရာ၊ ဆရာမဆိုတဲ့ ဂုဏ်ကိုယူထားပြီး ဆရာ၊ ဆရာမတွေရဲ့ တာဝန်ကို ကျေပါရဲ့လား။
ဒီကလေးတွေ မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းက ကူနေရင်း သင်ခန်းစာတွေ နားလည်အောင် ပြန်လေ့လာကျက်မှတ်နိုင်တဲ့ အချိန်ပိုမရှိလို့ သင်ခန်းစာတွေ နားမလည်နိုင်ဘဲ မလုပ်နိုင်ခဲ့တဲ့ သင်ခန်းစာ၊ မကျက်နိုင်ခဲ့တဲ့ ကျောင်းစာတွေအတွက် အတန်းအလယ်မှာ ရှက်အောင်၊ နောက်ဆုံးမပြည့်စုံလို့ လူတိုင်းပေးနေတဲ့ငွေမပေးနိုင်တဲ့ ကလေးတွေကို နှိမ့်ချပြောဆိုတတ်တာဟာ အလွန်တာဝန်မသိ၊ နားမလည်တဲ့ ဆရာ၊ဆရာမတွေပါပဲ။ အလွန်ရက်စက်တတ်သူတွေပါပဲ။
ကလေးတွေ ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ကြားနိုင်ဖို့ ထောက်ပံ့ပေးရမှာ မိဘတာဝန်ပါပဲ။ မရှိလို့ မပေးနိုင်ဘူးဆိုတာကလဲ လွယ်လွယ်လေး လမ်းလွှဲလိုက်တဲ့ စကားပါပဲ။ ကလေးတစ်ယောက်ကို မကျွေးမွေး၊ ပညာမပေးနိုင် ခိုင်းစားလို့ရရုံ သက်သက်နဲ့ ဒီကလေးတွေရဲ့ ခံစားမှုတွေကို နှိပ်စက်ဖို့ လူ့လောကထဲ မခေါ်ချင်ပါနဲ့။
ကိုယ်ခံစားရတဲ့ ဒုက္ခတွေက ကိုယ့်အတွက် လုံလောက်နေပါပြီ။ ကိုယ့်မျိုးဆက်တွေကို ဒုက္ခတွေ ဆက်မပေးချင်ပါနဲ့။ မသိနားမလည်တဲ့ ကလေးတွေကို စိတ်ဒဏ်ရာတွေနဲ့ မကြီးပြင်းစေပါနဲ့။ ကျွန်မတို့ နောင်လာမယ့်အနာဂါတ် တိုင်းပြည်ဟာ သူတို့ဦးဆောင်ရမှာမို့ သူတို့ပညာတတ်၊ စဉ်းစားဥာဏ်ရင့်ကျက်ပြီး၊ အတွေးအခေါ်တွေ ကောင်းနေပါမှ ကျွန်မတို့နိုင်ငံ အနာဂါတ်လဲ ကောင်းနိုင်ပါမယ်။
စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ နောင်တချိန်မှာ လူကြီးတွေဖြစ်လာတဲ့အခါ သူတို့ရဲ့ ထွက်ပေါက်ရှာမှုတွေဟာ ဆင်ခြင်တုံတရားမဲ့သူများနေတတ်တဲ့အတွက် ကျွန်မတို့ အနာဂါတ်တိုင်းပြည်ရဲ့ ရလဒ်က ရလဒ်ကောင်းမဟုတ်နိုင်တော့ပါဘူး။
ကလေးတစ်ယောက်ကို မွေးထုတ်လာခဲ့ကတည်းက ဒီကလေးကို စားချိန်စား၊ ကစားချိန်ကစား၊ နားချိန်နား၊ ပညာသင်ယူရမယ့်အချိန်မှာ ပညာသင်ယူခွင့်ပေးဖို့ တာဝန်ဟာ မိဘတာဝန် တနည်းအားဖြင့် ဒီကလေးတွေရဲ့ အုပ်ထိန်းသူတွေ တာဝန်ပါ။ ဒီတာဝန်တွေ လစ်ဟင်းနေပြီ၊ မဖြည့်ဆည်းနိုင်ဘူးဆို အုပ်ထိန်းသူတာဝန် မကျေပွန်သူတွေပါ။
ပညာပြည့်စုံလို့ပဲဖြစ်ဖြစ်၊ မပြည့်စုံရက်ဘဲဖြစ်ဖြစ် အရွယ်ရောက်လာတဲ့ လူငယ်တွေက လူငယ်သဘာဝ သမီးရည်းစားကဏ္ဍကို သွားကြပါတယ်။ လေးနက်စွာပဲဖြစ်ဖြစ်၊ အပျော်ပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲ ချစ်သူရည်းစားထား ထား တစ်ဦးရဲ့ခံစားချက် တစ်ဦးမနှိပ်စက်ဖို့ သမီးရည်းစားတာဝန်ရှိပါတယ်။
ဒီတာဝန်တွေထဲမှာ ကိုယ်ကတာဝန်မယူနိုင်ရင် သူများသားသမီး မလွန်ကျူးပါနဲ့။ ဒီတာဝန်မယူမှုနောက်မှာ ဘ၀တွေ၊ အသက်တွေ၊ ပြဿနာတွေက တန်းစီနေတဲ့အတွက် အမျိုးကောင်းသားသမီး ကျင့်ဝတ်စောင့်ထိန်းခြင်းဟာလဲ သမီးရည်းစားတာဝန်ကျေခြင်းပါပဲ။ သဘာဝအရ မနေနိုင်သပဆိုလဲ မီးမလောင်ခင်တားပါဆိုသလို သန္ဓေတားနိုင်တဲ့ ခေတ်မီနည်းလမ်းအဖုံဖုံကို ကြိုသုံးလို့တားပါလို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်ပါရစေ။
ဒီကတဆင့်တက်လို့ အိမ်ထောင့်တာဝန် ယူပြီဆိုရင် ကိုယ်ယူတဲ့ အိမ်ထောင်ဘက်ကို တာဝန်ကျေအောင် ဇနီးက ဇနီးတာဝန်၊ ခင်ပွန်းက ခင်ပွန်းတာဝန်တွေ ထမ်းရပါဦးမယ်။ ခင်ပွန်းကလဲ မိမိဇနီးကို ၎င်းအပျိုတုန်းကထက် ပိုပြည့်စုံအောင် မထားနိုင်ရင်တောင် မျက်နှာငယ်ငယ်နဲ့ မနိမ့်ကျရအောင် ၊ လူတန်းစေ့ စားနိုင်နေနိုင်အောင် စီးပွားရှာဖို့ တာဝန်ကျေရပါမယ်။
ဇနီးကလဲ ခင်ပွန်းရှာထားတာနဲ့ မိမိရှာနေတာတွေကို စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းလို တိုးပွားအောင် စီမံခန့်ခွဲရမယ့် တာဝန်ရှိပါတယ်။ ဒီ့ထက်ကြီးလေးတဲ့တာဝန်က တစ်ဦးနဲ့တစ်ဦး ရေရှည်မေတ္တာ မပျောက်ပျက်အောင် ထိန်းသိမ်းသွားရမယ့်တာဝန် အိမ်ထောင်ရှင်တိုင်းမှာရှိပါတယ်။
တစ်ဦးနဲ့တစ်ဦး မေတ္တာတွေလျော့နည်း ပျောက်ပျက်ပြီး ပျော်စရာတွေမဲ့နေတယ်လို့ ခံစားနေရတဲ့အချိန်ဟာ လင်မယားတွေ ဖောက်ပြန်မယ့် အချိန်ပါပဲ။ ဒီတော့ မိမိတို့ရဲ့ ရှိရင်းစွဲ မေတ္တာနဲ့ ဥစ္စာကို တိုးပွားအောင် လုပ်ဖို့က အိမ်ထောင်ရှင်တိုင်းမှာ တာဝန်ရှိပါတယ်။
ဒီလိုလူမှုတာဝန်တွေမှ မဟုတ်ပါဘူး။ အလုပ်တစ်ခုမှာလုပ်နေရင် ဒီအလုပ်တာဝန်ကျေပွန်အောင်လုပ်ဖို့၊ ပေးထားတဲ့ လစာငွေနဲ့တန်အောင်လုပ်ဖို့လဲ အလုပ်သမားတိုင်းမှာ တာဝန်ရှိပါတယ်။
လုပ်ငန်းရှင်ကလဲ မိမိလုပ်ငန်း မြန်ဆန်ပြီးမြောက်အောင် လုပ်အားခယူပြီး ကူညီနေကြတဲ့သူတွေကို စေတနာထား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။
ဒီအလုပ်သမားတွေ ကိုယ့်အလုပ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ပါမှ သူတို့တွေရဲ့ ကာယစွမ်းအား၊ ဥာဏစွမ်းအား၊ စေတနာအားတွေနဲ့ အကြံဥာဏ်၊ လုပ်ရည်ကိုင်ရည်တွေ ပိုထွက်လာတဲ့အတွက် မိမိလုပ်ငန်း ဆထက်တပိုး အောင်မြင်နိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ငွေပေးထားတယ် တန်အောင်ခိုင်းမယ်၊ လူမှုရေးကြည့်စရာမလိုဘူးတွေးရင် အလုပ်ရှင်ဟာလဲ အလုပ်ရှင်တာဝန် မကျေပွန်ပါဘူး။
ရပ်သူရပ်သား၊ မြို့သူမြို့သား၊ နိုင်ငံသူနိုင်ငံသားတိုင်းလဲ တာဝန်ကိုယ်စီရှိကြပါတယ်။ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်နယ်ကစလို့ နိုင်ငံတစ်ခု သန့်ရှင်းလှပတိုးတက်ဖို့ဆိုရင် အဲဒီနေရာမှာ နေတဲ့သူတွေက တာဝန်ရှိပါတယ်။
ရှင်းတဲ့သူက ရှေ့ကရှင်းသွားပြီး နောက်လူကဖွသွားရင် ရှင်းတဲ့သူရဲ့အားကို ဖြုန်းရာရောက်ပါတယ်။ ရှင်းခဲ့သူရဲ့အချိန်ကုန်၊ ရှင်းခပေးရတဲ့ ငွေကုန်၊ ရှင်းတဲ့သူလဲပင်ပန်းလို့ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ပြီး ဘာကောင်းသောရလဒ်မှ မရတာဟာ စည်းကမ်းရှိဖို့ လိုနေသေးတာပါ။
အရှေ့က ဘယ်လိုပဲတိုးတက်အောင် ပြုပြင်လုပ်သွားသွား နောက်ကဖျက်လိုဖျက်ဆီး လုပ်နေမယ်ဆိုရင် လုပ်ထားခဲ့သမျှ ပျက်စီးရတော့မှာပါပဲ။ ဒီတော့ တိုးတက်အောင် လုပ်ချင်စိတ်ရှိနေသူတောင် ဆက်မလုပ်ချင်တော့ဘဲ ဖြစ်နေနိုင်ပါတယ်။ ဒါဟာ နေရာတိုင်း၊ ဌာနတိုင်း၊ နိုင်ငံတိုင်း ကြုံနေရတဲ့အခက်အခဲပါ။
တကယ်ဆို လူတိုင်း လူတိုင်းက ကိုယ့်တာဝန်ကိုယ်ယူကြမယ်၊ ကိုယ့်တာဝန်ကိုယ်ကျေကြမယ်ဆိုရင် လူတိုင်းလဲတိုးတက်မယ်။ ဒီလူတွေပဲ တက်ညီလက်ညီနေထိုင်ကြတဲ့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ ပြည်နယ်နဲ့ နိုင်ငံဟာလဲ အလျှင်အမြန်တိုးတက်သွားမှာပဲ။
မဆိုင်ဘူးလို့ထင်ရင် ထပ်ရှင်းပါ့မယ်။ မိဘတိုင်းက မိဘတာဝန်ကျေပွန်ရင် ပညာတတ်၊ အသိပညာမြင့်တဲ့ အနာဂါတ်လူငယ်တွေ ပေါ်ထွန်းလာပါမယ်။ သားသမီးတိုင်းက ကိုယ့်တာဝန် ကိုယ်ကျေပွန်ရင် လိမ္မာတဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာတွေပေါ်ထွန်း၊ ကျေးဇူးသိလို့ ကျေးဇူးပြန်ပြုကြမှာမို့ မိဘနောင်ရေးနဲ့ အနာဂါတ်လူမှုရေးတွေလဲ ထွန်းကားလာပါမယ်။
အိမ်ထောင်ရှင်တွေက အိမ်ထောင့်တာဝန်ကျေရင် မလိုလားအပ်တဲ့ လူမှုရေးပြဿနာနည်းပြီး ဒီအိမ်ထောင်မှာ ကြီးပြင်းလာတဲ့ သားသမီးတွေက လောကကြီးကို ကျေနပ်စွာ ကြီးပြင်းလာကြမှာပါ။
အလုပ်ရှင်၊ အလုပ်သမားတိုင်း ကိုယ့်တာဝန်ကိုယ်ကျေရင် အလုပ်စီးပွားတွေ တိုးတက်အောင်မြင်လာတာနဲ့အမျှ တိုင်းပြည်စီးပွားလဲ တိုးတက်လာမှာပါ။ အုပ်ချုပ်သူကလဲ အုပ်ချုပ်ခံတွေကို ဖြည့်ဆည်းပေးရမယ့် ကိုယ့်တာဝန်ကိုယ်ကျေရင်၊ အုပ်ချုပ်ခံတွေကလဲ အုပ်ချုပ်သူရဲ့ စေတနာတန်ပြန်ပြီး တဖက်တလမ်းက စည်းကမ်းကျကျ ထောက်ပံ့ကူညီ တတ်လာကြရင် နိုင်ငံလည်း တိုးတက်ပါမယ်။ စည်းကမ်းလည်းတိုးတက်ပါမယ်။ အစစ အရာအရာ ဟန်ချက်ညီညီ တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါတွေရဲ့ အရင်းအစစ်အမှန်က လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေဖို့ ပထမဆုံး ကြိုးစားရမှာပါ။ ဒီတာဝန်ကို ကျွန်မတို့ ကျေနိုင်ပါ့မလား။
အမှုန် (Burmesehearts.com)
You might also like