Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တာဝန်ယူတဲ့ မိနဲ့ဘ – BurmeseHearts

တာဝန်ယူတဲ့ မိနဲ့ဘ

0

မိဘစေရာသွား ၊ ထားရာနေ ၊ ခိုင်းရာလုပ်ရတာ ရွေးချယ်ခွင့်မရှိတဲ့ သားသမီး
မိဘစေရာသွား ၊ ထားရာနေ ၊ ခိုင်းတာလုပ်ရတာ ရွေးချယ်ခွင့်မရှိတဲ့ သားသမီး

စစ်မှန်တဲ့ မေတ္တာတ့ရား အခြေခံထားတဲ့ မိဘရဲ့တန်ဖိုးဟာ အနှိုင်းမဲ့ပါ။ ကျွန်မကိုယ်တိုင် မိခင်တစ်ဦးဖြစ်ပေမယ့် တာဝန်မဲ့ မိဘတွေရှိတာကို မြင်တွေ့နေရလို့ မိဘတိုင်းရဲ့မေတ္တာဟာ အနှိုင်းမဲ့လို့တော့ ကျွန်မ မဆိုလိုချင်ဘူး။ အမိနဲ့အဖ (ကျားနဲ့မ) ပေါင်းစပ်မှရလာတဲ့ ကိုယ်ဝန်နဲ့ သားသမီးဆိုတာကို လက်လွတ်စပယ် တွေးခေါ်ပြီး ပစ်ပစ်ခါခါ လုပ်တတ်တဲ့ မိဘတွေရှိတယ်။

ကလေးဖခင်က မိခင်နဲ့စိတ်ဆန္ဒအလျောက် စပ်ယှက်ပြီးရလာတဲ့ကိုယ်ဝန်ကို တာဝန်မယူနိုင်တာ ခေတ်အဆက်ဆက် ကြားသိတွေ့မြင်နေရတုန်းပဲ။ မိခင်အချို့ကလည်း ဖျက်ချဖို့ ငွေအား မတတ်နိုင် ၊ ဖျက်ချဖို့ နောက်ကျလို့ စသဖြင့် အကြောင်းကြောင်းကြောင့် မွေးဖွားလာတဲ့ကလေးကို မိခင်တာဝန် အပြည့်အဝမပေးနိုင် ၊ နွေးထွေးမှု မပေးနိုင်တာတွေကိုလည်း မြင်တွေ့ကြားသိနေရတုန်းပဲ။ အဲဒီလိုစုံတွဲတွေဟာ တခါတလေ ကလေးတစ်ယောက်ရပြီး ပြတ်စဲသွားတတ်ကြပေမယ့် တချို့ကျတော့ တာဝန်မယူနိုင်ဘဲနဲ့ကို အကြိမ်ကြိမ် ကလေးရယူနေကြတာကိုလည်း မြင်တွေ့ကြားသိနေရတုန်းပဲ။

တာဝန်မယူနိုင်ရင် ကာကာကွယ်ကွယ် ကြိုလုပ်ထားသင့်တယ်မဟုတ်လား။ တားလဲမတားဘူး။ တာဝန်လဲမယူဘူး ။ မွေးလာတော့ ခိုင်းဖော်တစ်ယောက်တိုးတာပေါ့။ ငွေရှာပေးနိုင်မယ့်သူ တစ်ယောက်တိုးတယ်လို့ တွေးတောပြီး မိမိသားသမီးကို ကလေးအလုပ်သမားအဖြစ် ခိုင်းစားဖို့ တမင်ကလေးအများကြီးယူတဲ့ မိသားစုတွေကိုလည်း ဆင်းရဲမွဲတေတဲ့ အချို့အရပ်ဒေသတွေမှာ တွေ့မြင်ရတုန်းပဲ။ သူတို့ကို ဒီခံယူချက်အတွက် မေးကြည့်တော့ သူတို့မိဘတွေဟာလည်း သူတို့ကို ဒီလိုခံယူချက်နဲ့ မွေးဖွားခိုင်းစားခဲ့တာလို့ စိတ်မကောင်းစရာ သိလိုက်ရတယ်။

မိဘက ပစ်ပယ်လိုက်တာနဲ့ မိဘခိုင်းစားတာ ခံနေရတာ ဘယ်ဟာက ပိုသက်သာလဲ မရွေးချယ်နိုင်လောက်အောင် နှစ်ခုစလုံးက မသက်မသာရှိလှတယ်။ မိခင်ဘယ်သူမှန်းမသိ ၊ ဖခင်ဘယ်သူမှန်းမသိ ၊ စွန့်ပစ်ခံလိုက်ရတဲ့ ကလေးဘဝကို ကိုယ်ချင်းစာတွေးပေးကြည့်ရအောင်။ ဘယ်လောက်အားငယ်လိုက်မလဲနော်။

သူတို့ဟာ အမေ ၊ အဖေရယ်လို့ ခေါ်စရာမရှိသူတွေအပြင် နေပူမိုးရွာ အမိုးအကာအောက်မှာ အခြေတကျ နေနိုင်ခွင့်မရှိခဲ့ရင် လေလွင့်ကလေးငယ်တွေအဖြစ် ကြီးပြင်းရတော့မှာပဲ။ တာဝန်မဲ့မိဘတွေများလာလေ လေလွင့်ကလေးတွေ များလာလေဖြစ်မှာပဲ။ အဲဒါကို စနစ်နဲ့ အစိုးရမကောင်းလို့ ဒီလို လေလွင့်ကလေးတွေ များပြားလာရတာပါဆိုရင် အပုံသေးသေးပေးပဲ မှန်ပါတယ်။

အဲဒီအပုံသေးသေးလေးက ဗဟုသုတမကြွယ်ဝတဲ့ ကလေးမိဘတွေကို ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့တာဝန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာမပေးနိုင်လို့ပါ။ မိဘတစ်ဦးရဲ့တာဝန်ဆိုတာတွေကို ဗဟုသုတမရှိခဲ့ဘဲ မကျွေးမွေး ၊ မပြုစုနိုင် ၊ ပညာမသင်ပေးနိုင်ဘဲ မွေးလာခဲ့တဲ့ကလေးကို ခိုင်းစားတဲ့မိဘတွေ ၊ ကလေးကို စွန့်ပစ်ခဲ့တဲ့မိဘတွေကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဖို့လည်း လိုအပ်နေပါတယ်။

ဒါကြောင့်လည်း တကိုယ်ရည်တောင် မဝရေစာရှာစားနေရတဲ့ မိသားစုတွေမှာ ဘုစုခရုကနေ လူပျို ၊ အပျိုအရွယ် ကလေးတွေ တပုံတပင် ရှိနေခဲ့တာပါ။ ဒီလိုကိစ္စမျိုးမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် သန္ဓေမတား ၊ မွေးဖွားလာခဲ့ပြီး ဖြစ်သလိုပစ်ပယ်ထားတဲ့ မိဘတွေမှာ တာဝန်အရှိဆုံးပါ။ သူတို့တွေရဲ့ခံယူချက် ၊ အပြုအမူတွေက အကြီးအကျယ် မှားယွင်းနေတယ်ဆိုတာကို စာနာထောက်ပြ ၊ ပြောဆိုပြီး ပညာပေး ၊ အကူအညီပေးနိုင်သူတွေ လုံလုံလောက်လောက်မရှိလို့ ဒီပြဿနာ မဖြေရှင်းနိုင်သေးတာလည်းဖြစ်တယ်။

မိသားစုဦးရေများတဲ့ မိသားစုဝင်တွေကို ပိုထောက်ပံ့စတမ်းဆို ထောက်ပံ့ကြေးတွေ ပိုရဖို့ မိသားစုင်တွေများအောင်ပဲလုပ်တော့မယ်။ ပြီးရင်သနားစရာဖြစ်အောင် ညည်းပြမယ် ၊ တောင်းပြမယ်။ သနားတဲ့အဖွဲ့အစည်းတွေက လှူတန်းကြမယ်။လှူတန်းသူတွေက စာနာလို့ ၊ ကုသိုလ်ရဖို့ လှူတန်းကြပေမယ့် အလှူလက်ခံရရှိတဲ့ မိသားစုဝင်တွေက မိသားစုဝင်တွေ အထူးသဖြင့် ဘုစုခရုတွေ များသထက်များအောင် ကြိုးစားကြတော့မယ်။ ကလေးငယ်လေးတွေရှိတော့ ပိုတောင်းလို့ကောင်းတယ်မဟုတ်လား။ မနှိုင်းကောင်းနှိုင်းကောင်း မျောက်ပြဆန်တောင်းဆိုသလိုမျိုးပေါ့ ။

ဒီတော့ အလှူရှင်တွေရဲ့သဒ္ဒါတရားကို သူတို့လို မရရှိလိုက်တဲ့ မိသားစုဝင်တွေက သူတို့လို ဘုစုခရုတွေ စီနေအောင် ကြိုးစားကြတော့မယ်။ ဒီတော့မှ သူတို့လည်း တန်းတူရနိုင်တာကိုး။ အဲဒီတော့ တာဝန်မဲ့မိဘတွေဆီမှာ တာဝန်မယူနိုင်တဲ့ ရင်သွေးတွေ တိုးလာတာပေါ့။ ကုသိုလ်ယူဒါနပြုတဲ့နေရာမှာ သုံးလိုက်တဲ့ ငွေကြေးပမာဏချင်းအတူတူ ရေရှည်ကိုကြည့်ပြီး သူတို့ဘဝမြှင့်တင်နိုင်ဖို့ ၊ သူတို့ရဲ့စဉ်းစားတွေးခေါ်မှုကို မြှင့်တင်နိုင်ဖို့ ၊ ဗဟုသုတကို မြှင့်တင်နိုင်ဖို့ဆိုရင် ပိုမကောင်းဘူးလား။

ဥပမာ ဆင်းရဲတဲ့အိမ်ထောင်စုတိုင်းကို ငွေနှစ်သောင်းစီပံ့ပိုးပြီး မိသားစုဝင်များတဲ့ မိသားစုကို ငွေတစ်သောင်းစီပို ပံ့ပိုးမယ်ဆိုတာထက် အဲဒီဆင်းရဲသားရပ်ကွက်ထဲမှာ သားသမီးအားလုံးကို ကျောင်းထားပေးနိုင်တဲ့ မိသားစုကို ငွေတစ်သောင်းပိုပံ့ပိုးမယ်ဆိုတာလိုမျိုး ၊ သူတို့ထဲကမှ ထူးချွန်တဲ့ကလေးတွေကို ထပ်ပြီး ပံ့ပိုးပေးတာလိုမျိုးဟာ ပိုသင့်လျော်ပါတယ်။ ဒီတော့ နောက်မိသားစုတွေကလည်း ဒီလိုထောက်ပံ့မှုမျိုးရဖို့ ကြိုးစားလာတဲ့အခါ ကိုယ့်ဒါနဟာ ကလေးငယ်တွေကို ကျောင်းခန်းထဲအရောက်ပို့လိုက်တာ ၊ စာသင်ခွင့်ရဖို့ ပိုအခွင့်အရေးပေးလိုက်တာ ၊ ကလေးတွေကို မိဘတွေက ကျောင်းထားကြဖို့ သွယ်ဝိုက်ပြီး လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

လမ်းဘေးဆိုင်တွေမှာ ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်နေရတဲ့ကလေးရဲ့ ဗဟုသုတ ၊ အသိပညာ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ကျောင်းခန်းထဲက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အသိပညာ ၊ ကျင်လည်ရာ ပတ်ဝန်းကျင် ကွာပါတယ်။ ဒါကြောင့်လည်း စာသင်ကျောင်းတွေဟာ ကလေးတွေ ပညာလေ့လာဆည်းပူးရာ နေရာဖြစ်လို့နေတာပါ။

သားသမီးကို မွေးဖွားပေးလိုက်တာနဲ့ အလိုလိုရရှိလာတဲ့ ကျေးဇူးရှင် မိနဲ့ဘနေရာကို ဆက်လက်ထိန်းသိမ်းပြီး သားသမီးတွေဘဝကို တာဝန်ယူမြှင့်တင်ရင်း မိဘတာဝန်ကျေပွန်ပေးနိုင်ရင် မကောင်းဘူးလား။ ရေကန်မြင့် ၊ ကြာတင့်မှာမို့ သားသမီးလည်းကောင်းစား ၊ မိဘလည်းကောင်းစား ၊ လူမှုဝန်းကျင်လည်း ပိုမိုမြင့်တက်လာ ၊ အတွေးအခေါ်မြင့်မြင့် ပညာတတ်များတဲ့ နိုင်ငံ့အနာဂါတ်လည်း ပိုမိုကောင်းမွန်လာမှာဖြစ်တယ်။

ဒီလိုဖြစ်ဖို့ ဘယ်ကစရမလဲဆို မိခင်လောင်းဖြစ်တဲ့သူတွေ ၊ မိဘနေရာ ရောက်နေသူတွေ ၊ တချိန် မိဘဖြစ်လာမယ့် လူငယ် ၊ လူရွယ်တွေကနေ စရမှာပါပဲ။ ဒီလို တာဝန်သိ ၊ တာဝန်ယူတတ်တဲ့ မျိုးဆက်တွေရဖို့ အချိန်ယူလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

You might also like