Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တလွဲသုံးတဲ့ မိဘဝတ် – BurmeseHearts

တလွဲသုံးတဲ့ မိဘဝတ်

0

“မကောင်းမြစ်ထာ ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ” ဆိုတဲ့ မိဘဝတ်ကဗျာလေးကို မြန်မာတိုင်း ကြားဖူး ၊ သင်ဖူးကြမှာပါ။

မိဘတာဝန်ထဲမှာ

၁။ မကောင်းတာဖြစ်မယ့်အရေးဆို တားရမယ် ။

၂။ ကောင်းနိုးကောင်းရာတွေကို ညွှန်ပြဆုံးမရမယ်။

၃။ အတတ်ပညာရပ်တွေ သင်စေရမယ်။

၎။ ဘဝရပ်တည်နိုင်မယ့် ရင်းနှီးမတည်မှုမျိုးကို ပေးအပ်ရမယ်။

၅။ သားသမီးကို လက်ထပ်ထိမ်းမြားပေးရမယ်။

အကြမ်းဖြင်းအားဖြင့် အထက်ပါတာဝန်(၅)ရပ်ကျေလျှင် မိဘဝတ်ကျေပြီဟု သတ်မှတ်လိုက်ကြရော။

မကောင်းတာဖြစ်မယ့်အရေး တားရမယ်ဆိုတာတွေထဲမှာ သားသမီးက သူဝါသနာပါရာ (အများမထိခိုက်တဲ့) အသက်မွေးကျောင်းမှုကို လုပ်ကိုင်ရင်းနေထိုင်ခွင့်ကို တားမြစ်တာဟာ မိဘဝတ်ထဲ ပါနေသလား။

ကောင်းနိုးကောင်းရာဟူသမျှအား ညွှန်ပြဆုံးမရမယ်ဆိုပေမယ့် မိဘကပိုကောင်းတယ်လို့ ထင်တဲ့အရာအား ဝါသနာမပါ ၊ မလုပ်ကိုင်ချင်တဲ့သားသမီးကို ပါးစပ်ရောလက်ပါ ဆုံးမပြီးလုပ်စေတာဟာလည်း မိဘဝတ်တဲ့လား ။

အတတ်ပညာ သင်ပေးရမယ်ဆိုတာ သိထားပေမယ့် ဆင်းရဲတာကို အကြောင်းပြပြီး ကိုယ့်သားသမီး အတန်းပညာသင်ဖို့ အခွင့်အလမ်း မပေးနိုင်တဲ့ မိဘတွေ ၊ အတန်းပညာတွေကိုသာ အတတ်ပညာတွေလို့ ထင်မှတ်နေပြီး အတန်းပညာတွေမှာ ဝါသနာမပါတဲ့သားသမီးကို အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာတွေဘက် တွန်းပို့သင်ပေးဖို့ အားနည်းတဲ့မိဘတွေဟာကော မိဘဝတ်ကျေရဲ့လား။

ဘဝရပ်တည်နိုင်မယ့် ရင်းနှီးမတည်မှုမျိုးကို ပေးအပ်ရမယ်ဆိုတာကို ဘွဲ့ရအောင် ထားပေးခဲ့ရုံနဲ့ တာဝန်ကျေပြီလို့ သတ်မှတ်ထားတဲ့ မိဘတွေကော ဒုနဲ့ဒေးမဟုတ်လား။

သားသမီးကို လက်ထပ်ထိမ်းမြားပေးရမယ်ဆိုတာကို တလွဲအယူလုပ်ပြီး ကိုယ်သဘောတူရာလူနဲ့ ဇွတ်ပေးစားတာ ၊ သဘောမတူတဲ့လူနဲ့ ကွဲကွာသွားအောင်လုပ်တဲ့ မိဘတွေကကော မိဘဝတ် ထမ်းဆောင်တာပဲလား။

ဒီလိုမေးခွန်းတွေ မေးရင်ဖြင့် ငရဲလားမယ့်သူ ၊ အပယ်သွားမယ့်သူ ၊ မိဘကို ကျေးဇူးကန်းသူ ဖြစ်ရော့မယ်။ သားသမီးဖြစ်ခဲ့တုန်းက မိဘတွေရဲ့ လောင်းရိပ်မိခဲ့သူတွေဟာ ကိုယ်တိုင်မိဘနေရာရောက်လာတော့ ကိုယ့်သားသမီးတွေလဲ လောင်းရိပ်အောက်မှာ ပိတ်မိနေစေခဲ့သလားလို့ ပြန်တွေးမိသူရှားတယ်။

ကိုယ့်အလှည့်တုန်းက ဘယ်လို ခံစားခဲ့ရတယ်ဆိုတာတွေကို မေ့လျော့ပြီး ကိုယ့်မိဘပြုမူခဲ့သလို ပြန်ပြုမူခဲ့တာဟာ မိဘတွေရဲ့စေတနာလို့ ထင်မှတ်မှားကြပြန်တယ်။

boy and father   girl and mother

အထက်ကပုံတွေထဲကလို ကိုယ့်မိဘက ကိုယ့်စိတ်သိမ်ငယ် ကြောက်ရွံ့အောင်အထိ ရိုက်နှက်ဆုံးမခဲ့ဖူးပါသလား။ ဆုံးမခဲ့ဖူးတယ်ဆိုရင် သင်ဟာ သင့်သားသမီးကိုလည်း ဒီလိုနည်းနဲ့ ဆုံးမသွန်သင်မှရမယ်လို့ ယုံကြည်နေသူထဲ ပါဝင်ကောင်း ၊ ပါဝင်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သင်ဟာ နူးညံ့တဲ့မေတ္တာတရားကို အခြေခံပြီး သားသမီးနားလည်အောင် သွန်သင်ဆုံးမတတ်တဲ့ မိဘမျိုးနဲ့ ကြုံခွင့်မရခဲ့လို့ပါ။

မိဘကို သားကမီးက ရွေးချယ်ခွင့်မရှိဘူးလေ။ သားတို့ ၊ သမီးတို့ကို ဒီလိုနူးနူးညံ့ညံ့ ဆုံးမပါလို့လည်း ညွှန်ကြားခွင့်မရခဲ့ဘူး။ ငိုရုံပဲတတ်နိုင်တဲ့ ကလေးဘဝမှာ သူတို့ကို မိဘက ဘယ်လိုဆုံးမတယ်၊ ပတ်ဝန်းကျင်မှာ ဘယ်လိုဆုံးမသွန်သင်ကြတယ်ဆိုတာကို အတုယူပြီး ကိုယ့်သားသမီးအလှည့်မှာ ဒီလိုမျိုးဆုံးမမှရမယ် ၊ နာနာလေးရိုက်လိုက်မှ ၊ မှတ်လောက် သားလောက်ရိုက်လိုက်မှ နာခံမယ်လို့ယုံသွားတော့တယ်။ ဒါဝမ်းနည်းစရာပါ။

အဲဒီတုန်းက ထိတ်လန့်ကြောက်ရွံ့မှုတွေ ၊ အားငယ်မှုတွေ ၊ စိုးရိမ်စိတ်တွေ ၊ မလုံခြုံစိတ်တွေကို သင်မေ့ပစ်လိုက်ပြီပေါ့။ ကိုယ့်သားသမီးကို ဒီလိုရိုက်နှက် ဆုံးမနေချိန်မှာ သူဘယ်လောက်သိမ်ငယ် ကြောက်ရွံ့နေမလဲဆိုတာ သင်မတွေးတော့ဘူးပေါ့။ ယခင်က မိမိခံစားမှုတွေကို အခု ပြန်သတိရမိတယ်ဆိုရင်ဖြင့် မိမိရဲ့ကလေးဘဝက နာကျင်ခံစားရမှုတွေ မိမိသားသမီးအား ပြန်မခံစားစေပါနဲ့တော့။

ကိုယ်မိဘနေရာရောက်လာတဲ့အခါ ကိုယ့်သားသမီးကို ဆုံးမပဲ့ပြင်ပေးဖို့ တာဝန်ရှိလာပြီ။ ဘယ်လိုဆုံးမပဲ့ပြင်သွားမလဲ။ ဒါဟာ သင့်ရွေးချယ်မှုပါ။ သင့်ရွေးချယ်မှုအပေါ် မူတည်ပြီး သားသမီးနဲ့ သင့်အကြားက နားလည်မှု ၊ ခါးသီးမှု ၊ ချစ်ခင်မှု ၊ ခံပြင်းမှု ၊ နာလိုမှု ၊ မနာလိုမှု ၊ လုံခြုံမှု ၊ မလုံခြုံမှု ၊ စိုးရိမ်မှု ၊ ပြည့်စုံမှု ၊ ပူလောင်မှု ၊ ငြိမ်းအေးမှု ဆိုတာတွေကို ဖန်တီးပေးပါတယ်။

ကိုယ့်မိဘတုန်းက ကိုယ့်ကို ဘယ်လိုဆုံးမပါလို့ ရွေးချယ်ပြောဆိုခွင့် မရှိပေမယ့် ကိုယ့်သားသမီးကို ကိုယ့်သဘောကျ ရွေးချယ်ဆုံးမခွင့်ရှိလာပြီ။ ကိုယ့်တုန်းက နာကျင်ခံစားခဲ့ရတဲ့ ကလေးဘဝကို မိမိသားသမီးကို ပေးမလား ။ ထစ်ခနဲရှိ ဆဲဆိုကြိမ်မောင်း ၊ ရိုက်နှက် ၊ တွေ့ရာနဲ့ကောက်ပေါက် ၊ နှိမ်ချပြောဆိုပြီး ဆုံးမသွားမလား။ ငယ်စဉ်ကတည်းက မေတ္တာအခြေခံထားပြီး သားသမီး ဆုံးမရတော့မယ့်အရွယ်မှာ နားလည်အောင် အတန်တန်ပြောဆို ဆုံးမပဲ့ပြင်သွားမလား ဆိုတာကို ရွေးချယ်ခွင့်ရှိလာပါပြီ။

နူးညံ့စွာဆုံးမလိုပါတယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် အဓိကလိုအပ်ချက်တစ်ခုတော့ရှိတယ်။ သားသမီးနဲ့ မိဘအကြားက နားလည်မှုခိုင်မာတဲ့ ချစ်ခြင်းမေတ္တာပါ။ ဘယ်လိုနားလည်မှုမျိုးလဲဆိုတော့ ငါ့မိဘဟာ ငါကောင်းဖို့အတွက် ဆုံးမနေတာပါလားဆိုတဲ့ နားလည်မှုရယ် ၊ သားသမီးနားလည်အောင် ပုံစံအမျိုးမျိုးနဲ့ နားဝင်အောင်ဆုံးမသွားမယ်ဆိုတဲ့ မိဘရဲ့မေတ္တာပါ။

သားသမီးက ကိုယ်မိဘဟာ ကိုယ့်ကိုတကယ်ချစ်တယ်ဆိုတာ ယုံကြည်ရင် ၊ သူကိုယ်တိုင်ကလည်း မိဘကို လိုအပ်မှုအပြည့်နဲ့ ချစ်မြတ်နိုးတယ်ဆိုရင် သိတတ်မှု ၊ နားလည်မှု ၊ ချစ်ခြင်းမေတ္တာနဲ့ သူ့အလိုလို ကိုယ့်စိတ်တိုင်းကျ ၊ ဖြစ်သင့်တဲ့ပုံစံအတိုင်း ဖြစ်သွားတယ်ဆိုရင် ယုံမလား။ မယုံမရှိနဲ့ ။ ကျွန်မကိုယ်တွေ့ပါ။

ရတု (Burmesehearts.com)

You might also like