Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တရားအားထုတ်ခြင်း – BurmeseHearts

တရားအားထုတ်ခြင်း

0

ပထမဆုံးအကြိမ် တရားထိုင်ဖို့ ကြိုးစားခဲ့တာက အသက်ရှစ်နှစ်ဝန်းကျင်လောက်မှာပါ။ ဘယ်လိုတရားထိုင်ရတယ်ဆိုတဲ့စာအုပ်ကို အဲဒီအရွယ်မှာ မဖတ်ခဲ့ဖူးတော့ ကြားဖူးနားဝနဲ့ ဝင်လေ ၊ ထွက်လေ သိအောင် ထိုင်လျက် မျက်စိမှိတ်ပြီး မိနစ်အနည်းငယ် ကြိုးစားကြည့်မိတာပါ။ နည်းမသိတော့ ခက်တယ်။ နေ့လည်နေ့ခင်း ကိုယ့်အခန်းဝန်းကျင် ကိုယ်တစ်ယောက်တည်းရှိတုန်း ဝင်လေ ၊ ထွက်လေသိအောင် သက်ပြင်းရှိုက်ရင်း မောလာတော့ မဟုတ်သေးပါဘူးလေဆိုပြီး တရားအားထုတ်ကြည့်ဖို့ လက်လျှော့ခဲ့တယ်။ အဲဒီတုန်းက မိသားစုထဲမှာ ဥပုသ်သီလစောင့်တည်တဲ့သူ ၊ တရားအားထုတ်တဲ့သူ တစ်ဦးမှ မရှိတော့ မသိတာပါ။

ဒုတိယအကြိမ် ဖြစ်ဖြစ်မြောက်မြောက် တရားအားထုတ်ဖြစ်တာက ဆယ်တန်းစာမေးပွဲ ဖြေပြီးစမှာပါ။ ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်ခဲ့တဲ့လုပ်ရပ်မို့ ကျေနပ်မိတယ်။ မတ်လမှာ ဆယ်တန်းစာမေးပွဲပြီးသွားတော့ ဧပြီလတလလုံး မဟာစည်သာသနာ့ရိပ်သာ (ဗဟန်း)မှာ သီလရင်ဝတ်မယ်လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့တယ်။

တကယ်ဆို အထက်တန်းစာမေးပွဲအပြီး ကိုယ်တိုင်က အောင်မှာလည်းသေချာနေတာမို့ ပထမဆုံးအကြိမ် စိတ်လွတ်ကိုယ်လွတ်နွှဲရမယ့် သင်္ကြန်ပွဲကို လူငယ်ပီပီ ဘာလို့စိတ်မဝင်စားဘဲ တလလုံးလုံး သီလရင်ဝတ်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ပြန်မတွေးမိလောက်အောင် တရားစခန်းမှာ သီလရင် ဝတ်ချင်ခဲ့တာပါ။ ဘဝမှာ သာသနာ့ဘောင်ကို ပထမဆုံးအကြိမ် ဝင်ဖူးတာဆိုလည်း မှန်ပါတယ်။ တလလုံးလုံး သီလရင်ဝတ်ခဲ့တာ စိတ်ပါပါမို့ တရားအားထုတ်တဲ့အခါ အစပိုင်း ညောင်းညာတာတွေ နှစ်ပတ်လောက် ခံခဲ့ရပေမယ့် သင်္ကြန်တွင်းမို့ တရားစခန်းမှာ စည်းကမ်းသိပ်မကြပ်ခဲ့ဘူး။ အဲဒီတော့ ထူးထူးခြားခြား အခက်အခဲ မရှိခဲ့ဘူးပေါ့။

ဧပြီလ တတိယပတ်လောက်မှာ အိမ်က ပထမဆုံးအကြိမ်လာတွေ့တယ်။ အိမ်ကိုကားနဲ့ ဆွမ်းစားလာပင့်တာပါ။ အိမ်ကိုခဏ မယ်တော်ဆီ ဆွမ်းစားကြွခွင့် ဆရာတော်ကြီးဆီ လျှောက်တော့ ဆွမ်းစားချိန်မို့ ရိပ်သာမှာစားစား ၊ အိမ်ပြန်စားစား အတူတူပါပဲတဲ့။ မတူတာကိုတော့ ပြန်လာရင် သိလာမှာပါ။ ဖြစ်နိုင်ရင် မပြန်စေချင်ဘူးတဲ့။ ဆန္ဒရှိနေရင်တော့ ဆွမ်းပြန်စားပါလို့ ခွင့်ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခွင့်ပေးပြီဆိုတာနဲ့ အိမ်ကို ဆွမ်းစားကြွခဲ့တာပေါ့။

သုံးပတ်လောက် တရားထိုင်ခဲ့တုန်းက ညောင်းညာတာ ၊ တရားအားထုတ်မှုမှာ စိတ်နှစ်လို့မရဘဲ ရိပ်သာအပြင်ဘက်က အကြောင်းအရာတွေ ၊ အလှူတွေအပေါ် စိတ်ဝင်စားမိတာ ၊ ကြားတဲ့အသံတွေအပေါ် စိတ်ပျံ့တာကလွဲပြီး အိမ်ကိုလွမ်းတာ ၊ အိမ်ကိုစိတ်ရောက်တာ ၊ အိမ်ပြန်ချင်တဲ့စိတ်ဆိုတာ တခါမှ မပေါ်ခဲ့ဖူးဘူး။

အိမ်မှာဆွမ်းစားပြီး တရားစခန်း ပြန်လာတော့ အမေက ဆရာလေးကို သတိရနေတာ ၊ ဆရာလေးပြန်လာရင် ဘာတွေအဆင်ပြေအောင် ကြိုပြင်ဆင်ထားတာ ၊ ဆရာလေးကိုလွမ်းလို့ အိမ်မှာ ဆရာလေးအခန်းအတွက် ဘာတွေ ဖြည့်ထားပေးတာတွေဆိုလာတော့ အိမ်ကပြန်ရောက်ကတည်းက ရိပ်သာကနေ အိမ်ပဲပြန်ချင်မိတော့တယ်။ တရားအားထုတ်တိုင်း အိမ်နဲ့ အိမ်ကလူတွေပဲ စိတ်ရောက်နေပြီး အရင်လို အာရုံစုစည်းလို့ မရတော့ဘူး။

တလလည်း ပြည့်တော့မှာပဲ ရက်ပိုင်းလေးပဲလိုတာမို့ ကြိတ်သည်းခံပြီး တလပြည့်တာနဲ့ ဆရာတော်ကြီးကို လျှောက်ပြီး လူထွက်ခဲ့တာ။ သေချာတာကတော့ ဘာမှ တရားမတက်ခဲ့ပါဘူး။ သင်္ကြန်မတိုင်မီတုန်းကလည်း သင်္ကြန်တွင်းအတွက် ရိပ်သာမှာ ပြင်ဆင်မှုတွေနဲ့ မအားလပ်ဘဲ ဒုလ္လဘရဟန်းတွေ ၊ သီလရင်တွေ ၊ သင်္ကြန်တွင်းယောဂီတွေ တဖွဲဖွဲဝင်နေတာမို့ တရားကို ဖြစ်ဖြစ်မြောက်မြောက် မစစ်ဖြစ်ခဲ့သလို သင်္ကြန်ပြီးတဲ့အခါမှာ ကိုယ်က အိမ်ပဲစိတ်ရောက်နေတာမို့ စိတ်ပျံ့တယ်ဆိုတာကလွဲရင် တရားမတက်လာဘူး။

BurmeseHearts Blog

လူထွက်ခွင့်လျှောက်တော့ တရားစစ်တဲ့ဘုန်းကြီးကပြောတယ်။ (၄၅)ရက်ပြည့်အောင် ဝတ်ပါလားဆရာလေးတဲ့။ စိတ်ပျံ့တာကိုကျော်သွားနိုင်ရင် တရားတွေ့လာမှာပါ ဆိုတော့ တလပဲရည်ရွယ်ဝတ်ဖို့ စိတ်ကူးထားတာပါဘုရားလို့ ရယ်ဖြဲဖြဲလျှောက်တင်ရင်း လူထွက်ခွင့်တောင်းခဲ့တာ။ တရားမသိဘဲ လူထွက်ခဲ့တာပေါ့။ ပထမဆုံးအကြိမ် တရားစခန်းဝင်တာဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့လို့ စိတ်ဖြေခဲ့ပါတယ်။ တရက်တောင်ဆက်မနေချင်တော့ဘူး။ အိမ်လွမ်းလှပြီလေ။

နောင် ရင့်ကျက်လာတဲ့အချိန်မှာ သိရတာက သံယောဇဉ်တွေ နှောင်ဖွဲ့နေရင် တရားတွေ့ဖို့ ခက်လေဆိုတာပါပဲ။ တရားတက်ခါနီးလေ အဖျက်ဝင်လေဆိုသလိုမျိုးပေါ့။ ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့်မှတော့ ဘယ်လိုလို့ ခရီးရောက်တော့မလဲနော်။

တကယ်တရားကိုတွေ့ချင်ရင် သံယောဇဉ်တွေကို အရင်ဖြတ်နိုင်အောင် ကြိုးစားရပါမယ်။ အပြီးမဖြတ်နိုင်ရင်တောင်မှ တရားရှာနေတဲ့ခဏတော့ ဖြတ်နိုင်အောင် ကြိုးစားရမှာပေါ့။ ကိုယ့်မိဘ ၊ မောင်နှမ ၊ ဆွေမျိုးတွေကို တရားတကယ်တွေ့စေချင်တယ် ၊ ရစေချင်တယ်ဆိုရင်လည်း သူတို့တရားအားထုတ်တဲ့အခါ လူလုံးပြတာမျိုး ၊ သွားလည်ပတ်တာမျိုး ၊ ဖုန်းခေါ်တာမျိုး ၊ စာတိုပို့တာမျိုး ၊ စာရှည်ပို့တာမျိုးကအစ မလုပ်သင့်ပါဘူး။ တရားထိုင်တဲ့သူ နေမကောင်းရင် တရားစခန်းက အိမ်ကိုအကြောင်းကြားမှာပေါ့။ အိမ်မှာ တဦးဦးက အသည်းအသန်ဖြစ်တယ်ဆိုရင်တော့လည်း တမျိုးပေါ့။

တရားစခန်းက ဆွမ်းမပြတ် ကျွေးနေတာမို့ ဆွမ်းဖိုးမရှိမှာစိုးရင် လုံလုံလောက်လောက် ကြိုထည့်ပေးလိုက်ပါ။ ထပ်ပေးလိုရင် တရားစခန်းကရုံးမှာ နာမည်နဲ့တကွ ဆွမ်းဖိုးဆက်သွင်းလို့ရပါတယ်။ ရုံးက ဆွမ်းစားလက်မှတ်ကို သက်ဆိုင်သူဆီအရောက်ပို့ပေးမှာပါ။ အချိုရည်တွေဘာတွေ လှူလိုရင်လည်း ရုံးမှာပဲထားခဲ့လို့ရပါတယ်။ လက်ထဲအရောက်ပို့ပေးမှာပါ။ လူလုံးပြပြီး လာတွေ့ရင် သက်ဆိုင်သူမှာ တရားလျော့ဖို့ပဲရှိတာပါ။

တရားရှာတယ်ဆိုတာ ပန်းခင်းလမ်းလျှောက်နေတာ မဟုတ်တာမို့ တရားစခန်းလာပြီး ဇိမ်ခံဖို့မှမဟုတ်ပဲလေ။ အဆင်မပြေတာတွေ ရှိကောင်းရှိပေမယ့် ဒီအဆင်မပြေတာတွေကို သည်းခံရတာဟာ ကိုယ့်ကိုယ်ကို နဲ့ သူများတကာကို သည်းခံနေရတာထက်စာရင် မပြောပလောက်ပါဘူး။ ဒါကြောင့် တရားရှာသူများ မိသားစုထဲ ၊ မိတ်ဆွေထဲ ၊ ပတ်ဝန်းကျင်ထဲမှာရှိနေရင် လူကိုယ်တိုင်သွားပြီး အလွမ်းသယ်လို့ လူလုံးပြမနေပါနဲ့။ ကိုယ့်ကြောင့် သူ့စိတ်တွေ ထွေပြားပျံ့နှံ့လာပြီး တရားပျက်ဖို့သာရှိတာပါ။

သြကာသ (Burmesehearts.com)

You might also like