Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တန်ဖိုးကြီးကြီးပေးလည်း အစားထိုးလို့မရတဲ့အရာ – BurmeseHearts

တန်ဖိုးကြီးကြီးပေးလည်း အစားထိုးလို့မရတဲ့အရာ

0

replace

တန်ဖိုးကြီးကြီးပေးလည်း အစားထိုးလို့မရတာ အချိန်ရယ် ၊ အရွယ်ရယ် ၊ ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာရယ် ၊ ရှင်သန်ခွင့်ရရှိခြင်း စတာတွေအပြင် ရင်ထဲကလစ်ဟာသွားတဲ့နေရာပါ။ ရင်ထဲနက်နက်တနေရာမှာ နေရာပေးထားတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် သူ့နေရာအစားထိုးဖို့ ကြိုးစားပါသော်လည်းမရ ၊ သူ့ကိုပြန်ရယူဖို့ကလည်း မဖြစ်နိုင်တဲ့အခါ ရင်နာရသူက ကိုယ်ဖြစ်သွားပါတယ်။

ရင်တွင်းနက်နက်တနေရာမှာရှိနေတဲ့ ဒီနေရာကို ရယူသိမ်းပိုက်ထားတဲ့ လူပုဂ္ဂိုလ်အဖြစ် တွေးကြည့်ကြရအောင်။ ပထမဆုံး မိဘသာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင် ဒီမိဘကို ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုဟာ အတော်ကြီးမားလှပါတယ်။ အားအကိုးရဆုံးဟာလည်းသူ ၊ အယုံကြည်ရဆုံးဟာလည်းသူဆိုတဲ့နေရာမှာရှိနေတဲ့ အမေဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ဆုံးရှုံးလိုက်ရမယ်ဆို အတော် အားပြတ်သွားမှာပဲ။

ဆုံးရှုံးလိုက်ရတဲ့ ဒီအမေ ၊ အဖေနေရာ အစားထိုးဝင်လာသူဟာ အမေ ၊ အဖေ နေရာဝင်ထိုင်ပေမယ့် အမေ ၊ အဖေဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ မိထွေး ၊ ပထွေးပဲ ဖြစ်နေမှာပါ။ တချို့သော သားသမီးတွေဟာ အမေ ၊ အဖေ မကောင်းမှန်းသိဦးတော့ ကိုယ့်မိရင်း ၊ ဖရင်းကိုပဲ အမေ ၊ အဖေလို့ ခေါ်ချင်တာပါ။ မိထွေး ၊ ပထွေး ဘယ်လောက်ကောင်းကောင်း စိတ်ထဲက နှစ်နှစ်ကာကာနဲ့ အမေ ၊ အဖေလို့ ပြောင်းခေါ်ရလောက်အောင် သွေးက လက်မခံနိုင်တာတွေရှိတယ်။

မသိ ၊ နားမလည်သေးတဲ့ ကလေးတွေက ဘာကြောင့် အဖေ ၊ အမေ သူတို့အနားမှာ ရှိမနေနိုင်တော့တာလဲဆိုတာ နားမလည်နိုင်သေးပါဘူး။ သူတို့စိတ်ထဲမှာ ရှိနေတာက ရွယ်တူသူငယ်ချင်းတွေ အဖေ ၊ အမေခေါ်ခွင့်ရချိန်မှာ ကိုယ်လည်း ခေါ်ခွင့်ရချင်တာပဲသိတယ်။ သူတို့ရင်ထဲက လစ်ဟာနေတဲ့ဒီကွက်လပ်ကို နောက်ဆုံးပေါ် ကစားစရာတွေနဲ့ အဝတ်အထည်အသုံးအဆောင်တွေက ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။

ရင်တွင်းနက်နက်တနေရာက ဆုံးရှုံးလိုက်ရသူကို သားသမီးအဖြစ် တွေးကြည့်ရအောင်။ မိဘမေတ္တာကြီးမားသူတွေဟာ သားသမီးဆီ ဘယ်ဘေးအန္တရာယ်မှ မကျစေလိုပါ။ သားသမီးမွေးကင်းစအရွယ်မှာ ကလေးတခုခုများဖြစ်ရင် မိဘတွေ (အထူးသဖြင့်အနီးကပ်ဆုံးမိခင်)ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိုးရိမ်ပျာယာခတ်နေတတ်တယ်။

သားဦးမိဘတွေလည်း သားဦးအလျောက် အတွေ့အကြုံမရှိ စိတ်ပူကြသလို အကြီးတွေမွေးထားပြီးပေမယ့်လည်း မွေးလာတဲ့အငယ်ကလေးဟာ သူတို့အတွက် မဖတ်ရသေးတဲ့ ဘဝ စာတမျက်နှာပါပဲ။ တချို့မိဘတွေက သားသမီးအချင်းချင်း ခွဲခြားစိတ်ထားပြီး ချစ်တာ ၊ ဂရုစိုက်တာမျိုးရှိတတ်ပေမယ့် အများစုသောမိဘတွေအတွက်ကတော့ သားဦးကလေးလည်း သားဦးမို့ချစ်တာပဲ ၊ အလတ်လည်းအလတ်မို့ ချစ်တာပဲ ၊ အငယ်လည်းအငယ်မို့ချစ်တာပါပဲ။

သားသမီးကိုရတနာနဲ့ခိုင်းနှိုင်းကြတယ်ဆိုတာ စိန်တဆင်စာထပ်ဝယ်လာလို့ ရှိပြီးသား မြတဆင်စာကို လွှင့်ပစ်လိုက်တာမျိုး မလုပ်တတ်ကြလို့ပါ။ ရတနာဆိုတာ ကာလကြာလေ တန်ဖိုးကြီးလေလိုမျိုး သားသမီးဆိုတာကိုလည်း မိဘတွေက အချိန်နဲ့အမျှ ပိုပိုချစ်လာတတ်ကြတဲ့သဘောရှိပါတယ်။ သားသမီးဖြစ်မယ့်အစား ကိုယ့်ပဲ ဖြစ်စေချင်တယ်။ သားသမီးခံစားရမယ့်အစား ကိုယ်ပဲ ခံစားလိုက်ချင်တယ်။ သားသမီးမတောင်းခင် ဖြည့်ပေးချင်တယ်။ သားသမီးတောင့်တတိုင်းလည်း ပြည့်စေ့ချင်တယ်။ မိဘမေတ္တာဟာ အနန္တပါ။

ရင်တွင်းနက်နက်တနေရာမှာ နေရာယူထားတဲ့ သားသမီးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် နောင်တသား ထပ်မွေးပြီးအစားထိုးဦးတော့ ဒီအဖေ ၊ ဒီအမေ ၊ ဒီသွေးသားကဆက်စပ် ပေါက်ဖွားလာသည့်တိုင် ဒီတစ်ယောက်ဟာ ဟိုတစ်ယောက်နဲ့ အသွင် ၊ ဗီဇ ၊ စရိုက်အပြုအမူတွေတူမှာမဟုတ်ပါဘူး။ တချို့တွေက နောက်ထပ်တယောက် ထပ်မယူချင်လောက်အောင် စိတ်ဓါတ်ကျသွားတာမျိုးလည်း ဖြစ်တတ်တယ်။ ကိုယ့်ကြောင့်များ ကိုယ့်သားသမီး ချွတ်ချော်လွဲမှားသွားတာမျိုးဆိုရင် တသက်တာ ယူကျုံးမရပေါ့။ မပြောမယ့်သာ ဖွင့်ထုတ်မပြောတာ ၊ နောင်တတွေတလှေကြီးနဲ့လေ။

ကိုယ်တိုင်ခံစားနေရချိန် ကိုယ့်ဘေးနားရှိသူတွေက နင်အသုံးမကျလို့ဖြစ်ရတာ ၊ နင့်ကြောင့် ၊ နင့်ကြောင့်လို့ ထပ်တလဲလဲစွပ်စွဲနေတဲ့ စကားလုံးတွေကြောင့် ခံစားနေရတဲ့ အမေ ၊ အဖေရဲ့ စိတ်ဖိစီးမှု ၊ စိတ်ဆင်းရဲမှုတွေဟာ စိတ်ဓါတ်ကျမှုတွေဖြစ်လာတယ်။ သိပ်ဆိုးရွားတဲ့အခြေအနေမှာ နလန်မထူနိုင်တော့တဲ့စိတ်တွေနဲ့ စိတ်ဓါတ်အကြီးအကျယ် ကျသွားနိုင်ပါတယ်။ တချို့မိခင်တွေ ကလေးဆုံးလို့ ဖြေမဆည်နိုင်ဘဲ ရူးသွားကြတာအထိ မြင်ဖူးတယ်။

ရင်တွင်းနက်နက်တနေရာကလူကို ဇနီး ၊ ခင်ပွန်းအဖြစ် စဉ်းစားကြည့်တဲ့အခါ သေတဲ့အထိ မေတ္တာမပျက်ချစ်သွားမယ်ဆိုတဲ့စကားကို သတိရမိတယ်။ တချို့ဆို ကိုယ့်ဇနီး ၊ ကိုယ့်ခင်ပွန်းနဲ့ အကြောင်းကြောင်းကြောင့် သေကွဲ ၊ ရှင်ကွဲ ကွဲခဲ့ရတာတွေရှိပေမယ့် နောက်အိမ်ထောင်ပြုတာမျိုးမရှိဘဲ သူ့နေရာကို အစားထိုးတာမျိုးမလုပ်ဘဲ သေတဲ့အထိ ချစ်သွားကြတာလည်းမြင်ဖူးတယ်။

မြန်မာလူမှုဝန်းကျင်မှာ ဖောက်ပြန်သူတွေများနေတယ်လို့ ကျယ်ကျယ်လောင်လောင်အော်နေတဲ့ အခုခေတ်ထဲ ကိုယ့်ဇနီး ၊ ကိုယ့်ခင်ပွန်းကို လက်လွှတ်ဆုံးရှုံးရမှာ စိုးသူတွေ ၊ တန်ဖိုးထားတတ်သူတွေ အများအပြားလည်းရှိပါသေးတယ်။ မေတ္တာစစ်နဲ့ချစ်ပြီး သစ္စာတရားကို စောင့်သိတန်ဖိုးထားတတ်သူတွေပေါ့။

ချစ်သူတွေအချင်းချင်းမှာလည်း တစ်ယောက်ဆိုတစ်ယောက် တန်ဖိုးထားချစ်သူတွေရှိတယ်။ ခက်တာက ဒီလိုတန်ဖိုးထားတတ်သူတွေဟာ သူတို့လိုတန်ဖိုးထားတတ်သူအချင်းချင်းနဲ့ ဆုံတွေ့ခွင့်ရပါမှ အချစ်ရေး ၊ အိမ်ထောင်ရေး မြဲမြံတာမျိုးပါ။ ချစ်သူရှိပေမယ့် လက်တွဲဖော်မရှိတဲ့သူလိုမျိုး ၊ အိမ်ထောင်ရှိပေမယ့် တိုင်ပင်ဖော်မရှိတဲ့သူလိုမျိုး ဖြစ်နေတဲ့အခါ သူများတွေလို ရေလိုက်ငါးလိုက်စိတ်ထားမျိုးနဲ့ နေလိုက်မယ်လို့ စိတ်ပြောင်းလိုက်ရင် ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ခေတ်ကြီးထဲ သူလည်း စိတ်ဓါတ်ပျက်လာတော့မှာပါ။

ရှိသမျှစည်းစိမ်ပုံပေးပြီး ပြန်ဝယ်လို့မရတဲ့ ရင်ထဲနက်နက်တနေရာကလူတွေကို အကြောင်းကြောင်းကြောင့် ဆုံးရှုံးရမှာစိုးရင် ပထမဆုံး တန်ဖိုးထားပေးပါ။ ဂရုစိုက်မှုပေးပါ။ မိမိတတ်နိုင်တာထက် ပိုပြီးပြုစုစောင့်ရှောက်ပါ။ အခါအားလျော်စွာ ပျော်ရွှင်စရာအထိမ်းအမှတ်တွေ လုပ်ပေးရင်း ပျော်ရွှင်မှုတွေ အတူဖန်တီးပါ။ သူ့ခံစားမှုတွေနားထောင်ပြီး ကိုယ့်ခံစားမှုတွေလည်း ဝေမျှပါ။ သူနဲ့အတူရှိနေတဲ့အချိန်တွေကို တန်ဖိုးထားပါ။ ဘဝဟာတိုတောင်းလွန်းတယ်။  နေ့မြင်ညပျောက် အချိန်တိုင်းလည်း ဘာမဆိုဖြစ်ပျက်သွားနိုင်တယ်။ သေကွဲဆိုတာ မလွန်ဆန်နိုင်ပေမယ့် ရှင်ကွဲမကွဲအောင်တော့ ကိုယ်တွေဂရုစိုက်လို့ရတယ်။ နောင်တဆိုတာ ခံစားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။

ရတု (Burmesehearts.com)

You might also like