Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စင်္ကာပူနိုင်ငံမှာ ကလေးမွေးသည့် မြန်မာမိဘများအတွက် – BurmeseHearts

စင်္ကာပူနိုင်ငံမှာ ကလေးမွေးသည့် မြန်မာမိဘများအတွက်

0

ရတု

စင်္ကာပူနိုင်ငံမှာ ကလေးမွေးပြီးရင် ကလေးမွေးစာရင်းကို  အချက်အလက်တွေဖြည့်ထားတဲ့ ဖောင်နဲ့တကွ ကလေးမွေးပြီး (၁၄)ရက်အတွင်း ကလေးမွေးစာရင်းအတွက် သွားလျှောက်နိုင်ပါတယ်။

ကလေးမွေးပြီး (၁၄)ရက်ကနေ (၄၂)ရက်အတွင်း လာလျှောက်သူတွေကိုတော့ နောက်ကျမှ လျှောက်ထားတယ်လို့ သတ်မှတ်ပါတယ်။

(၄၂)ရက်ကျော်မှ ကလေးမွေးစာရင်း လျှောက်ထားရင်တော့ ဘာကြောင့် နောက်ကျပြီးမှ လျှောက်ထားရသလဲဆိုတဲ့ ရှင်းလင်းချက်စာနဲ့ ဒဏ်ငွေ အများဆုံး စင်္ကာပူဒေါ်လာ(၁၀၀)ပါ တွဲတင်ရပါတယ်။

ပုံမှန်လျှောက်ထားရင် မွေးစာရင်းတစ်ခုအတွက် စင်္ကာပူဒေါ်လာ ၁၈ ဒေါ်လာပေးရပါတယ်။ ယူဆောင်သွားရမှာတွေက မိဘနှစ်ဦးရဲ့ I.C ၊ လက်ထပ်စာချုပ် (စင်္ကာပူ၌ လက်ထပ်ခြင်းမဟုတ်လျှင် မိမိလက်ထပ်စာချုပ်ဟာ နိုတြွီလုပ်ပြီး၊ MOFA ဖြတ်ပြီး ဖြစ်ရမည်) ၊ မိဘနှစ်ဦးလုံး၏ နိုင်ငံကူးကဒ် ၊ Entry Permit (PR တွေ အတွက်) ၊ မိဘကိုယ်စားလာသူက ကလေးမိဘတွေရဲ့ ကိုယ်စားလှယ်လွှဲစာ ၊ ကလေးနာမည် (မြန်မာနိုင်ငံမှာလို နောက်မှ နာမည်ပေး ကင်ပွန်းတပ်မယ်ဆိုလို့ မရပါဘူး)တွေကို ပြည့်စုံစွာ ဖြည့်ထားပြီးသား လျှောက်လွှာနဲ့အတူ တပါတည်း ယူသွားရပါတယ်။ မူရင်းတွေယူသွားရတာပါ။ ကော်ပီက သူတို့ဘာသာသူတို့ လုပ်ပါတယ်။

စင်္ကာပူနိုင်ငံရှိ မွေးစာရင်း တင်သွင်းမှုဆိုင်ရာ အချက်အလက်များ ဖတ်ချင်ပါက http://sg.theasianparent.com/registering_your_childs_birth_ica/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံသားရော ၊ နိုင်ငံခြားသားရော ကလေးမွေးပြီးသူတိုင်း လျှောက်ထားရတာပါ။

စင်္ကာပူလူဝင်မှုကြီးကြပ်ရေး(ICA)မှာ လျှောက်ရင်လျှောက် ၊ မလျှောက်ရင် ဆေးရုံက ကန့်သတ်ချိန်အတွင်းမှာ လျှောက်လို့ရပါတယ်။ ဆေးရုံမှာတော့ ကလေးမွေးဖွားပြီး (၁၄)ရက်အတွင်း လာလျှောက်လို့ရပါတယ်။

ကျွန်မကတော့ ကိုယ်ခွဲလည်းမရှိ ၊ ကလေးတစ်ဘက်နဲ့ နောက်တစ်ခေါက်လည်း ဒီကိစ္စအတွက် မသွားချင်တာမို့ ဆေးရုံကမဆင်းခင် တခါတည်း ကလေးမွေးစာရင်းပါ ထုတ်ယူခဲ့တယ်။

ကေကေမှာ မွေးတဲ့သူတွေက မွေးစာရင်းထုတ်မယ်ဆို မွေးဖို့ အခန်းစာရင်းပေးတဲ့ နေရာနားမှာပဲ ထုတ်ရတာဖြစ်ပါတယ်။ မသိရင် Customer Service မေးလိုက်ပါ ။ ဆေးရုံကပေးလာတဲ့ ကိုယ်ဖြည့်ရမယ့်ဖောင်မှာ ဖြည့်တာမှားသွားရင် မွေးစာရင်းထုတ်ပေးဖို့ စောင့်ရမယ့်တုံတင် နံပါတ်စဉ် ထုတ်ပေးတဲ့နေရာမှာ အဲဒီဖောင်တွေ အပိုတောင်းလို့ရပါတယ်။ ကိုယ်တကယ်တင်တဲ့အခါ အမှားအယွင်းလုံးဝမရှိရပါ။ အတန်တန်ပြန်စစ်ပါ။ မှားဖြည့်တာရှိခဲ့ရင် ကလေးမွေးစာရင်းထဲတပါတည်း ပါသွားမှာမို့ နောင်မှ လိုက်ပြင်မယ်ကို ပိုရှုပ်ထွေးလာလို့ပါ။

ကိုယ်ဖြည့်ပြီးတဲ့ အချက်အလက်တွေ ဖြည့်ထားတဲ့ ဖောင်ကို ကိုယ်ဖောင်ထပ်တောင်းတဲ့ Customer Service မှာ တင်လိုက်ရုံပဲ ။ သူတို့က အချက်အလက်တွေ မှန်မမှန်စစ်ပြီး မွေးစာရင်းအပြီးသတ်ထုတ်ပေးတဲ့ အခန်းကို ညွှန်ပြလိမ့်မယ်။

အဲဒီမှန်ခန်းထဲမှာ မိမိရဲ့ နံပါတ်စဉ်ကို ဝန်ဆောင်မှုပေးတဲ့ ကောင်တာနံပါတ်ကို သွားရုံပါပဲ ။ သူက အချက်အလက်မှန် ၊ မမှန် ပြန်စစ်ပြီး ကိုယ်ဖြည့်စွက်တဲ့ အချက်အလက် မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီအချိန်ဟာ အရေးအကြီးဆုံးပါ။

လက်မှတ်မထိုးခင် စစ်ဆေးရမည့် အချက်အလက်များ

မိခင်၏ နာမည်စာလုံးပေါင်း ၊ နိုင်ငံကူးလက်မှတ် ၊ နေထိုင်ခွင့်ကဒ်ပြားလက်မှတ် (I.C) ပေါ်က စာလုံးတွေ ၊ မွေးသက္ကရာဇ်

ဖခင်၏ နာမည်စာလုံးပေါင်း ၊ နိုင်ငံကူးလက်မှတ် ၊ နေထိုင်ခွင့်ကဒ်ပြားလက်မှတ် (I.C) ပေါ်က စာလုံးတွေ ၊ မွေးသက္ကရာဇ် 

လက်ထပ်ထိမ်းမြားခဲ့သည့်ရက်စွဲနှင့် Marriage Certificate Number

ကလေး၏ နာမည်စာလုံးပေါင်း နဲ့ မွေးသက္ကရာဇ်

မိဘ၏အလုပ်အကိုင် နှင့် ဘွဲ့

အပေါ်က အချက်အလက်တွေဟာ မှန်ကန်ဖို့ အထူးအရေးကြီးပါတယ်။ မွေးစာရင်းတစ်ခုလုပ်ပြီး မှားသွားတဲ့အခါ နိုင်ငံခြားမှာ ပြန်ပြင်ဆင်ဖို့ မလွယ်ကူပါဘူး ။ ဒါကြောင့် သူတို့က အသေအချာ အတန်တန် စစ် ၊ ကိုယ်ကိုယ်တိုင်လဲ နောက်ဆုံးပြန်စစ်ခိုင်းပြီးမှ ခံဝန်လက်မှတ်ထိုးခိုင်းတာ ။ ကိုယ်လျှောက်ထားတဲ့ မူရင်းဖောင်ကိုလည်း သူတို့က မှတ်တမ်းအနေနဲ့ သိမ်းယူထားပါတယ်။

လျှောက်ထားသည့်ရက်စွဲ

ဒါကတော့ အထူးအရေးမကြီးပေမယ့် မှန်ကန်အောင် စစ်ဆေးသင့်တဲ့ အချက်အလက်ပါ။ လျှောက်ထားတဲ့ ရက်စွဲအတိုင်း မွေးစာရင်း တထိုင်တည်း ထွက်လာမှာဖြစ်ပါတယ်။

လက်မှတ်ထိုးပြီးတာနဲ့ သူတို့က မွေးစာရင်းကို ကိုယ့်ရှေ့မှာတင် ထုတ်ပေးပြီး ပလပ်စတစ်ပါ တခါတည်း လောင်းပေးလိုက်ပါတယ်။

အဲဒါ အဖြူရောင်စာရွက်လေးပါ။ A4 အရွယ်အစားမရောက်တရောက် ပလပ်စတစ်လောင်းထားတဲ့ စာရွက်လေးဟာ သင့်ရင်သွေးဘဝတလျောက်လုံး မွေးစာရင်းအဖြစ် မရှိ မဖြစ် သုံးသွားရမှာမို့ အရေးအကြီးတဲ့အရာပါ။

နောက်တဆင့်လုပ်ရမှာကတော့ ကလေးကို မြန်မာသံရုံးတွင် မြန်မာနိုင်ငံကူးစာအုပ် လျှောက်ထားပေးဖို့ဖြစ်၍ မရသေးခင်စပ်ကြားကာလတွင် သံရုံးထောက်ခံစာဖြင့် ကလေးအတွက် နေထိုင်ခွင့်သက်တမ်း တိုးနိုင်သည်။ စင်္ကာပူနိုင်ငံတွင် မိဘမှီခို လျှောက်ထားလိုသူများက ကလေးအတွက် နိုင်ငံကူးစာအုပ်ရရှိသည်နှင့် မိခင် ၊ ဖခင်နှင့် လျှောက်ထားသူ ကလေး၏ နိုင်ငံကူးစာအုပ်များ ၊ ကလေးမွေးစာရင်း ၊ လက်ထပ်စာချုပ် ၊ မိဘနှစ်ဦး၏ I.C ၊ မှီခိုလျှောက်ထားပေးသူ (မိခင် သို့မဟုတ် ဖခင်)၏လက်မှတ်ထိုးထားသော လျှောက်လွှာ တို့ဖြင့်အတူ စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးဌာန၌ လျှောက်ထားနိုင်သည်။

ရတု (Burmesehearts.com)

You might also like