Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ချစ်သူတည်ခင်းသောမျက်ရည် – BurmeseHearts

ချစ်သူတည်ခင်းသောမျက်ရည်

0

မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ ခွာညို နှင့် ကိုထွဋ်တို့ မျက်နှာစုံညီနေ့လည်စာစားရင်း စကားပြောကြဖို့ ချိန်းထားသည်။ ချိန်းဆိုထားသည့်နေရာတွင် ကားဖြင့်ရပ်စောင့်နေသည့် ကိုထဋ်ကို မြင်လိုက်တာမို့ စီးလာသည့် အငှါးယာဉ်အား ရပ်ခိုင်းလိုက်ကာ ကိုထွဋ်အား ပြတင်းပေါက်မှ လက်လှမ်းပြလိုက်သည်။

ကိုထွဋ်ကားဆီ လှမ်းလာသော ခွာညို့ကိုမြင်တော့ ကိုထွဋ်က ရှေ့ခေါင်းခန်းတံခါးအား အဆင်သင့်ဖွင့်ပေးထားသဖြင့် ဝင်ထိုင်ရင်း ချစ်သူကို အနမ်းဖွဖွပေး၍ နှုတ်ဆက်လိုက်သည်။

“စောင့်နေတာ ကြာပြီလား ကိုထွဋ်”

“သိပ်မကြာသေးပါဘူး။ ခွာညိုနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ။”

ရွှေရှမ်းကန်စားသောက်ဆိုင်ကို ကိုထွဋ်ကရွေးချယ်ကာ ကားကိုထိုစားသောက်ဆိုင်သို့ ဦးတည်မောင်းလိုက်သည်။ ကိုထွဋ်နှင့် ခွာညိုက ရာသက်ပန် သက်သက်လွတ်စားကြသည့် စုံတွဲဖြစ်သည်။

ရွှေရှမ်းကန်ရောက်တော့ နေ့လည်ခင်းပိုင်းမို့ လူရှင်းနေကာ နေမထိုးသည့် ကန်ကိုမျက်နှာမူထားသော စားပွဲအားရွေးချယ်ထိုင်လိုက်သည်။

စားပွဲထိုးချပေးလာသော Menu ကို သူလည်းကြည့် ကိုယ်လည်းကြည့်လုပ်နေပေမယ့် ကိုထွဋ်ကတော့ တခုပြီးတခုမှာနေသည်။ ခွာညိုကတော့ မိမိအကြိုက်ဆုံး ကြာဇံကြော်ဟာ ဒီဆိုင်မှာ ဘယ်လိုလက်ရာရှိမှာပါလိမ့်ဟု သိချင်သဖြင့် ကြာဇံကြော်တစ်ပွဲ လှမ်းမှာလိုက်သည်။

ဟင်းပွဲများရောက်ရှိလာသောအခါ ခွာညို့ပန်းကန်ထဲသို့ တဇွန်းပြီးတဇွန်း ကိုထွဋ်ခပ်ထည့်ပေးသော သက်သက်လွတ် ဟင်းလျာများအား ကိုထွဋ်စိတ်တိုင်းကျအောင် ခပ်စားလိုက်သည်။ တို့ဖူးဆို လုံးဝမကြိုက်သည့်ခွာညိုက သူထည့်ပေးသော ဂျပန်တို့ဖူး၏ ပျော့စိစိအရသာကို မစားချင်ပေမယ့် ချစ်သူ့အလိုကျ မျက်နှာမပျက် ၊ ကျိတ်မှိတ်စားခဲ့ပြီးနောက် မိမိမြည်းစမ်းချင်လွန်းသည့် ကြာဇံကြော်အား တဇွန်းလှမ်းယူ မြည်းကြည့်လိုက်သည်။

လျှာပေါ် စွဲကျန်ခဲ့သည့် ကြာဇံကြော်၏ အရသာကြောင့် နောက်ထပ် တစ်ဇွန်းထပ်ယူဖို့ လှမ်းပြင်လိုက်စဉ် ကိုထွဋ်က ကြာဇံကြော်ပန်းကန်အား ခွာညိုနှင့်ဝေးရာသို့ ရွှေ့ထားလိုက်သည်။

“မနောက်နဲ့နော် ကိုထွဋ်။”

ပြောပြောဆိုဆို ကြာဇံကြော်ပန်းကန်ကို လှမ်းယူဖို့ပြင်လိုက်သည့် ခွာညိုနှင့် အဝေးဆုံးနေရာသို့ ကြာဇံကြော်ပန်းကန်အား ကိုထွဋ်လှမ်းရွှေ့လိုက်သဖြင့် ကိုထွဋ်အား နားမလည်သလို ကြည့်ဖြစ်သည်။

“နောက်တာမဟုတ်ဘူး။ ဒီဟာတွေအရင်စား။ ကြာဇံကြော်က ဘယ်မှာ မှာစားစားရတယ်။ လမ်းဘေးမှာ မှာစားဦးတော့ရတယ်။ ဒီဟင်းတွေက ဒီမှာပဲ တကူးတကမှာစားလို့ရတာ။ ဒီဟာတွေအရင်စား။”

ကိုထွဋ်ကပြောပြီး ဘာမှမဖြစ်သလို သူ့ထမင်းပန်းကန်ထဲမှ ဟင်းလျာများအား ဆက်စားနေသည်။ ခွာညို့မှာသာ သူ့စကားအပေါ် အောင့်သက်သက်ဖြင့် ထမင်းဆက်မစားနိုင်တော့။

ဘယ်လိုပဲ ကြာဇံကြော်ဆိုတဲ့နာမည်တူပေမယ့် ဆိုင်ကွဲပြီး အရသာကွဲတာ ဘာလို့ ကိုထွဋ်ထည့်မစဉ်းစားနိုင်တာလဲ။ နောက်ဆုံးဆိုင်နာမည်တူတဲ့ ဆိုင်ခွဲတွေဖြစ်ဦးတော့ ကြော်တဲ့လူမတူရင် အရသာလဲကွဲနိုင်တာပဲ။ ဒါကို ဘာလို့ ကိုထွဋ်မေ့နေတာလဲ။

ကိုထွဋ်ရဲ့ချစ်သူ ခွာညိုက ကိုထွဋ်နဲ့အတူစားတဲ့ နေ့လည်စာကို အားပါးတရ စားနေတာ ကိုထွဋ်ပီတိဖြစ်ရမှာမဟုတ်လား။

ခွာညို ကြာဇံကြော်ပဲ ထပ်စားချင်တာမို့ ကိုထွဋ်ရွှေ့ထားတဲ့ ကြာဇံကြော်ပန်းကန်ကို ထပြီးလှမ်းယူလိုက်တာကို ကိုထွဋ်က ခွာညိုမမှီတဲ့နေရာ ပိုဝေးဝေးသို့ ရွှေ့ထားလိုက်သဖြင့် ခွာညိုဒေါသထွက်သွားသည်။

“ကိုထွဋ် ဘယ်လိုဖြစ်နေတာလဲ။ ခွာညိုကြိုက်တဲ့ ကြာဇံကြော်ပဲစားချင်တယ်။”

“မစားရဘူး။ ဒီဟာတွေအရင်စားလို့ ပြောထားတယ်မဟုတ်လား။ ဒီဟာတွေကုန်မှ မင့်ကြာဇံကြော်စား။ ဒီဟာတွေက ပိုဈေးကြီးတယ်။ စားစေချင်လို့ တမင်ဈေးကြီးကြီးပေးပြီး မှာထားတာ။ မင့်ကြာဇံကြော်က ဈေးပေါပေါနဲ့ ဘယ်နေရာမဆို မှာစားလို့ရတယ်။”

ကိုထွဋ်ရဲ့ မောက်မောက်မာမာစကားတွေကို အထိတ်တလန့်နိုင်စွာ ကိုထွဋ်ကို လှမ်းကြည့်လိုက်တော့ ကိုထွဋ်က ဘာမှမဖြစ်သလို သွေးအေးအေးနှင့် ထမင်းဆက်စားနေသည်။

“စားလေ။ ဘာလဲ မစားဘူးလား။ ငါက မင်းကိုစားစေချင်လို့ တမင်ဒီခေါ်လာတာ။ မင်းမစားရင် ငါလဲမစားတော့ဘူး။ ဘာလဲ ပိုက်ဆံခေါ်ရှင်းလိုက်ရမလား။”

“ခွာညိုက ကြာဇံကြော်ပဲစားချင်တယ်။”

ပြောရင်း အသံတုန်ဝင်သွားခဲ့သည့် ခွာညို၏မျက်ဝန်းတွင် မျက်ရည်စများ ခိုဝဲလာခဲ့သည်။ တကယ်ဆို ကြာဇံကြော်ကြောင့်မဟုတ်တဲ့ ဝမ်းနည်းမှု ၊ ကိုထွဋ်၏ ရင့်ရင့်သီးသီး သုံးနှုန်းမှု ၊ ကိုထွဋ်၏ ကိုယ်ဖြစ်စေချင်တာကို အဓမ္မလုပ်ခိုင်းတတ်သည့် အတ္တကြီးမှုတွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရမှုများကြောင့် ဖြစ်သည်ဆိုတာ ခွာညိုတစ်ယောက်သာ သိသည်။

ခွာညို၏မျက်ရည်စက်များ ခွာညို့ရှေ့က ထမင်းပန်းကန်ထဲ ကျသွားတာကို ကိုထွဋ်က မမြင်သလို သွေးအေးအေးဖြင့်

“မင်းကို ဒီဟင်းတွေကုန်မှ ကြာဇံကြော်စားလို့ ဘယ်နှစ်ခါပြောရမလဲ။ ငါက မင်းကိုစေတနာနဲ့မှာထားတာ။ မင်းက ဒီသောက်သုံးမကျတဲ့ ဈေးပေါပေါကြာဇံကြော် နင်းကန်စားနေတော့ ငါမှာထားတာတွေ အလကားဖြစ်ပြီပေါ့။ မင်းစားဖို့မှာထားတာ။ မင်းမစားရင် ငါလဲမစားတော့ဘူး။”

ဘေး မလှမ်းမကမ်းမှာရပ်နေတဲ့ စားပွဲထိုးက ခွာညိုတို့နှစ်ယောက်၏ တင်းမာလာသော အခြေအနေကို ရိပ်မိတာမို့ ခပ်လှမ်းလှမ်းသွားရပ်ကာ အရိပ်အခြည်ကြည့်နေသဖြင့် ခွာညိုရှက်လာသည်။

ကိုထွဋ်ကိုလဲ စကားဆက်ပြောချင်စိတ်မရှိတော့။ ဆက်ပြောရင်လဲ စားသောက်ဆိုင်ထဲ ထပ်အရှက်ကွဲဖို့ပဲရှိတာမို့ နှုတ်ခမ်းကိုက် ခေါင်းငုံ့ထားရင်း မျက်ရည်များသာ ကျပြီးရင်းကျနေမိသည်။

“ဆက်စားမှာလား မစားဘူးလား။”

ခွာညိုမဖြေဘဲ နေမိသည်။ ဖြေချင်စိတ်လဲမရှိ။ စားချင်စိတ်လဲမရှိ။

“ညီလေး ရှင်းမယ်ဟေ့။”

ကိုထွဋ်က စားပွဲထိုးကို လှမ်းပြောလိုက်သည်။ ခွာညို့မျက်ရည်များကို စားပွဲထိုး မြင်မှာစိုး၍ လက်ထဲကိုင်ထားသော တစ်ရှူးဖြင့် မျက်ရည်တို့ကို တို့သုတ်လိုက်သည်။ စားပွဲပေါ်က အရာသိပ်မယွင်းတဲ့လင်းလျာတွေအတွက်၊ သိသာလှတဲ့ သမီးရည်းစား သွေးအေးရန်ပွဲအတွက် ခွာညိုရှက်လှပြီ။

ကိုထွဋ်က ငွေရှင်းပြီး ရှေ့ကထွက်သွားသဖြင့် စားပွဲပေါ်က ကြာဇံကြော်ကို စိတ်နာစွာ ခွာညိုတစ်ချက်ကြည့်လိုက်သည်။

ကိုထွဋ်ဒီလို သွေးအေးအေးနဲ့ အတ္တကြီးပြီး ကိုယ်ဖြစ်ချင်ရာကို ဇွတ်လုပ်ခိုင်းတတ်တာ၊ သူများခံစားချက် ထည့်မစဉ်းစားတတ်တာ ချစ်သူသက်တမ်း သုံးလအတွင်း အခုမှပဲ ခွာညိုသိတော့သည်။

ပြီးတော့ ကိုထွဋ်ရဲ့စကားလုံးတွေ။ ဒီလိုရင့်သီးမောက်မာတဲ့ စကားလုံးတွေက သူများအတွက် ဘယ်လောက်ခံစားရမယ်။ အထူးသဖြင့် သူ့ချစ်သူဖြစ်နေတဲ့ ခွာညို ဘယ်လိုခံစားသွားရမယ် သူမစဉ်းစားပေးဘူး။ နောက်ဆုံး သူ့အပြုအမူ။ အို…… အရာအားလုံးကို ခွာညိုခါးသီးနေမိသည်။

ခွာညို့ကိုမခေါ်ဘဲ စားပွဲမှာကျောခိုင်းထားခဲ့ရက်တဲ့ ကိုထွဋ်က သူ့ရဲ့ကားပေါ် ခွါညို တက်လိုက်မလာရင်လည်း ဒီအတိုင်းထားခဲ့ဖို့ ၀န်လေးမည့်ပုံမပေါ်။

တကယ်ဆို ခွာညို  ကိုထွဋ်နှင့်အတူမပြန်ချင်တော့။ ဖြစ်နိုင်ရင် ခွာညိုရောက်တဲ့နေရာမှာ ခွေခွေလေးထိုင်ချလိုက်ပြီး အရာရာကို ပြန်သုံးသပ်နေချင်မိသည်။ ကိုထွဋ်နှင့်ခွာညို ဆက်လက်တွဲသွားလို့ ဖြစ်ပါ့မလားလို့ပေါ့။ သူဒီလို အတ္တကြီးပုံမျိုးနဲ့လေ။

နှစ်ယောက်အတူလာခဲ့ပြီး ခွာညိုတစ်ယောက်တည်း စားပွဲမှာကျန်ခဲ့ရင် ပိုရှက်စရာကောင်းသည်။ ပြီးတော့ လက်ရှိအခြေအနေအပေါ် ခွာညို စိတ်ရှိလက်ရှိ ငိုချလိုက်ချင်သည်။

ကိုထွဋ်နောက် လှမ်းလာခဲ့သော ခွာညို၏ခြေလှမ်းများက အသက်မပါတော့ဘဲ ကားပေါ် ဘယ်သို့ဘယ်ပုံရောက်လာသည်ပင် သတိမထားမိ။ စားသောက်ဆိုင်ကနေ လမ်းမပေါ်ပတ်ထွက်လာတဲ့ အကွေ့နားရောက်တော့ ခွာညိုသတိဝင်လာကာ ဘေးနားက ကိုထွဋ်မျက်နှာကို မမြင်ဖူးတဲ့သူတစ်ဦးလို လှည့်ကြည့်မိသည်။

တင်းမာနေသော သူ့မျက်နှာက သွေးအေးအေးနှင့် သတ်တတ်သည့် လူသတ်သမားတစ်ဦးအလား ခွာညို့အတွက် ထိတ်လန့်ဖွယ်ကောင်းလာသည်။ သူ့လုပ်ရပ်ကို မှားတယ်လို့မမြင်တဲ့သူ ၊ ခွာညိုကသာ အပြစ်ရှိသူတစ်ဦးလို့ ယုံကြည်တဲ့သူ ၊ တောင်းပန်ဖို့ စိတ်ကူးမရှိတဲ့သူ ၊ ခွင့်လွှတ်ဖို့လည်း မတွေးတဲ့သူ …. ဘုရားရေ …. ဒီလိုလူမျိုးကို ခွာညို ချစ်သူတော်ခဲ့မိပါသလား။

ထိတ်လန့် တုန်လှုပ်သွားမိတဲ့စိတ်ကြောင့် ခွာညိုမအောင့်အီးနိုင်လှစွာပဲ

“ကိုထွဋ် ခွာညို့ကို ဒီမှာပဲ ကားရပ်ပြီး ချပေးခဲ့။”

“ဘာလုပ်မလို့လဲ။”

“ခွာညိုတစ်ယောက်တည်း လမ်းလျှောက်ချင်လို့။”

“ကောင်းပြီလေ။”

ကိုထွဋ်က ရောက်တဲ့နေရာမှာ ခွာညို့ကို ချထားခဲ့ကာ ဘာမှမဖြစ်သလို ကားမောင်းထွက်သွားသည်။

ခွာညို့ နှလုံးသားများတစစ်စစ်နာကျင်လာရင်း မျက်ရည်များကျလာခဲ့သည်။ ကျေးဇူးပါကိုထွဋ်။ ကိုထွဋ်တည်ခင်းတဲ့နေ့လည်စာက မျက်ရည်တွေဖြစ်သွားခဲ့လို့လေ။ အချိန်မလွန်ခင် ကိုထွဋ်ရဲ့ အတ္တကို ခွာညိုသိခွင့်ရလို့ ဒီနေ့လည်စာအတွက် ကျေးဇူးပါ။

ဥသြမေ (Burmesehearts.com)

You might also like