Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတွေအတွက် အဓိကကျတဲ့အရာ – BurmeseHearts

ကလေးတွေအတွက် အဓိကကျတဲ့အရာ

0

ဘယ်သူ့သားသမီး ၊ မိဘက ဘာကြီး ၊ ညာကြီး စတဲ့ဂုဏ်ရှိန်တွေကို မမက်မော ၊ မသိရှိသေးတဲ့ ဖြူစင်တဲ့ကလေးငယ်တွေအတွက် မိဘက ဘာကြီးဖြစ်နေနေ သူတို့အတွက် အဓိကမကျပါဘူး။ ဆင်းရဲတဲ့မိဘပဲဖြစ်ဖြစ် ၊ ချမ်းသာတဲ့မိဘပဲဖြစ်ဖြစ် သူတို့အတွက် မိဘကို မိဘလို့ပဲ သိမှတ်ထားရုံပါ။ သူတို့အတွက် အဓိကကျနေတာက သူတို့မိဘဟာ ဘာတွေပြုမူလုပ်ကိုင်နေသလဲဆိုတာပဲ အဓိကကျနေပါတယ်။ မိဘက ဘာကြီး ဆိုတာထက် မိဘက ဘာတွေလုပ်နေတယ်ဆိုတာ သူတို့အတွက် ပိုအလေးထားစရာပါ။

သုံးနှစ်အောက် အရွယ်ကလေးတွေဆိုတာ မိဘ (အထူးသဖြင့် မိခင်)ကို အထူးတွယ်တာတတ်တဲ့အရွယ်ပါ။ ဒီအရွယ်လေးတွေက သူတို့ယုံကြည်နိုင်တဲ့သူဆိုတာကို တစ်ဦး ၊ နှစ်ဦးထက် ပိုမရှိတတ်ကြဘူး။ သူတို့အပေါ် နားလည်မှုပေးနိုင်တဲ့သူ ၊ မေတ္တာထားတဲ့သူ ၊ အနွံအတာခံတဲ့သူတွေကို ပိုယုံကြည် ကိုးစားတတ်ကြတယ်။ ဒီလူတွေ မျက်စိအောက်က ပျောက်သွားမှာကို သိပ်ကြောက်တတ်ကြတယ်။ သူတို့ဟာ ရွှေတန်ဖိုး ၊ ငွေတန်ဖိုး ၊ ရာထူးစည်းစိမ်တန်ဖိုးဆိုတာကို နားမလည်ကြပါဘူး။ ဒါပေမယ့် သူတို့အပေါ် ထားရှိတဲ့ မေတ္တာတရားကို အထူးနားလည်ခံစားတတ်ကြတယ်။

သုံးနှစ်အောက်အရွယ် သားသမီးတွေကို အချိန်ပေးတာနည်းတဲ့မိဘတွေ ၊ နားလည်မှုမပေးစွမ်းနိုင်တဲ့မိဘတွေ ၊ မေတ္တာပေးအပ်ဖို့ မေ့လျော့နေတဲ့ မိဘတွေဟာ သူတို့သားသမီးတွေနဲ့ အနေစိမ်းနေနိုင်ပါတယ်။ (bonding) လို့ခေါ်တဲ့ သားသမီးနဲ့ မိဘအကြားက ဆက်နွယ်မှု ခိုင်မာစွာမရှိထားတဲ့အတွက် အရွယ်တဖြည်းဖြည်းရလာတဲ့ သားသမီးကို ဆိုဆုံးမတဲ့အခါ သားသမီးက အလွယ်တကူ နာလိုခြင်းမရှိတာ ၊ လစ်ရင် လစ်သလို လုပ်တတ်လာတာ ၊ ဒီ့ထက်ဆိုးရင် ရွဲ့ပြီးလုပ်လာတာတွေ ဖြစ်လာတာပါ။

ဖြူစင်တဲ့ကလေးငယ်တွေဟာ လူကြီးတွေ ကောက်ကောက်ပါအောင်လိုက်နေတဲ့ ဂုဏ်ပကာသနအောက်မှာ မသာယာတတ်ကြဘူး။ ကစားစရာတပုံကြီးရှိနေတဲ့ ကလေးတစ်ယောက်အနီးမှာ ကစားဖော် ၊ တီးတိုးပြောဆိုဖော် ၊ သူ့ကိုနားလည်မှုပေးပြီး ဂရုစိုက်ပေးလေ့ရှိသူ မရှိဘူးဆိုရင် အဲဒီ ကစားစရာပုံထဲမှာ အထီးကျန်ဆိုတဲ့ စိတ်ဝေဒနာကို ခံစားတတ်ကြပါတယ်။ အကောင်းဆုံး ကလေးပုခက်နဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ သုံးစွဲနေရရင်းကပဲ သူလိုချင်တဲ့မိဘဆီက မရရှိတဲ့ မေတ္တာတရားနဲ့ အချိန်ပေးမှုတွေ ၊ လျစ်လျူရှုထားမှုတွေကြောင့် သိမ်ငယ်စိတ်တွေကိုလည်း ခံစားလာကြပါတယ်။

တခါတလေ ကလေးအတွေးနဲ့ လူကြီးအတွေးဟာ ပြောင်းပြန်ဖြစ်နေတတ်ကြတယ်။ ကလေးက မိဘတွေ သူ့အနားရှိနေရင် အရမ်းကောင်းမှာပဲလို့ တွေးပေမယ့် မိဘတွေကတော့ သားသမီးကို ဒီ့ထက်ပြည့်စုံအောင်ထားနိုင်ဖို့ အလုပ်ပိုကြိုးစားလုပ်ရမယ် ၊ ပိုပြီး စီးပွားရှာရမယ်လို့ တွေးကြတယ်။ ကလေးကို တကယ်ချစ်ရင် သူတို့ တကယ်လိုလားတောင့်တနေတာကို ပေးနိုင်ရင် ပိုမကောင်းဘူးလားနော်။

မေတ္တာလိုချင်တဲ့ကလေးကို မေတ္တာပေးမယ် ၊ မိဘရဲ့ အရေးတယူ ဂရုစိုက်မှုခံယူချင်တဲ့ ကလေးကို အချိန်ပေးပြီး ဂရုစိုက်မယ် ၊ သူ့ခံစားချက်နဲ့ လိုအပ်ချက်ဆိုတာကို နားလည်စေချင်တဲ့ ကလေးအတွက် သူ့ခံစားချက်တွေ နားထောင်ပေးမယ် ၊ သူ့လိုအပ်ချက်တွေကို အရေးတယူ ဖြည့်စွမ်းပေးမယ် ၊ သူ့ကို အကောင်းဆုံး နားလည်ပေးမယ်ဆိုရင် သူတို့အတွက် ဒီလိုမိဘမျိုးကို ဘာနဲ့မှ မလဲနိုင်ပါဘူး။

သားသမီးတွေဟာ မတည့်တဲ့မိခင်နဲ့ဖခင်ရဲ့ အပြိုင်အဆိုင်ပေးတဲ့ လက်ဆောင်တွေကို ခံယူဖို့ထက် သူတို့နှစ်ဦးစလုံးနဲ့အတူ မိသားစု စည်းလုံးချစ်ခင်ပျော်ရွှင်မှုဆိုတာကို တောင့်တတာပါ။ မိဘတွေရဲ့ ရန်ဖြစ်စကားတွေ ကြားနေရရင် စိုးရွံစိတ်တွေ ၊ ကြောက်ရွံ့စိတ်တွေ ဝင်လာတတ်ပါတယ်။ သူတို့ဟာ မိဘတွေနဲ့အတူ ရယ်မောပျော်ရွှင်ချင်တာပါ။ သူတို့အတွက် ဘယ်မိဘက ဘာပိုပေးနိုင်တယ်ဆိုတာ အဓိကမကျဘဲ ဘယ်သူက သူ့အပေါ် မေတ္တာတရားနဲ့ နားလည်မှုတွေ ပိုပေးနိုင်တယ်လို့ အဓိကကျနေတာပါ။

ကလေးရှိတဲ့မိဘတွေ အကုန်လုံးကို သူတို့ကလေးနဲ့အတူ စည်းစည်းလုံးလုံး မဖောက်မပြန် ရှိစေချင်ပါတယ်။ ကလေးကို အချိန်ပေးပြီး သူ့ခံစားချက်တွေ နားထောင်လို့  သူ့ဆန္ဒတွေကို နားလည်မှုပေးသင့်ပါတယ် ၊ ဘာကြောင့် မလုပ်ပေးနိုင်တယ်ဆိုတာလည်း အရေးတယူနဲ့ အကျိုးသင့် ၊ အကြောင်းသင့် ရှင်းပြပေးသင့်ပါတယ်။ ကျွန်မတို့လောက် နားမလည်တတ်ဘူးလို့ ကျွန်မတို့က ကလေးတွေကို ထင်နေပေမယ့် ဖြူစင်တဲ့ သူတို့ကလေးတွေဟာ ကျွန်မတို့ထက် ခံစားမှု နုနယ်တတ်ကြပါတယ်။ ဝမ်းနည်းလွယ်ကြပါတယ်။ စိတ်အားငယ်တတ်ကြပါတယ်။ ကျွန်မတို့ မထင်မှတ်ဘဲ လုပ်ကိုင်နေတာတွေက သူတို့ကို ပစ်ပယ်ထားသလိုလည်း ဖြစ်သွားတတ်ကြပါတယ်။ ဒါတွေကို နုနယ်တဲ့ သူတို့စိတ်ထဲမှာ အစွဲကြီးစွဲသွားခဲ့ရင် ဖျောက်ရခက်ပါတယ်။

ငွေပေးပြီး ကလေးကို ကိုယ့်ထက် ပိုဂရုစိုက် နားလည်ပေးနိုင်တဲ့သူ ငှါးထားပေးနိုင်တယ်ဆိုဦးတော့ ၊ ကလေးကို အကောင်းဆုံးဇိမ်ခံပစ္စည်းတွေနဲ့ ခြံရံပြီး အကောင်းဆုံးအရာတွေကို ခံစားစေဦးတော့ ကလေးအနားရှိသူတွေဟာ ကလေး တကယ်လိုလားတောင့်တတဲ့ သွေးသားရင်း မိဘတွေ မဟုတ်ဘူးဆိုရင် ကလေးရင်ထဲက အဲဒီကွက်လပ်နေရာကို ဘယ်သူမှ အစားထိုးဝင်လာဖြည့်ပေးလို့မရပါဘူး။

သုံးနှစ်အောက် ကလေးတွေအတွက် ပထမအရေးအကြီးဆုံးအရာဟာ မိဘမေတ္တာပါ။ ဒီမေတ္တာတရားက ဆင့်ပွားလာမယ့် သူ့အပေါ် နားလည်ပေးမှုပါ။ မေတ္တာတရားရယ် ၊ နားလည်ပေးမှုရယ် ဖြစ်ထွန်းလာဖို့ဆိုတာ သူ့ကို အချိန်ပေးဂရုစိုက်တဲ့သူမှလည်း ဖြစ်မှာပါ။ သူတို့အလိုချင်ဆုံးဆန္ဒဟာ မိဘက သူတို့အပေါ် အချိန်ပေးပြီး ချစ်ခြင်းမေတ္တာတွေ ပေးအပ်ဖို့ဖြစ်ပါတယ်။ ဒီလိုဆို မိဘတွေပေးတဲ့မေတ္တာတရားကြောင့် သူတို့ဟာ ပျော်ရွှင်မယ် ၊ စိတ်လုံခြုံမှုကို ခံစားရမယ် ၊ ကိုယ့်ဘက်မှာ မိဘရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘဝမှာ အကောင်းမြင်စိတ်ကလေးတွေ ဖြစ်ထွန်းလာပါတယ်။

အခြေအနေ ၊ ဖြစ်ရပ်ခြင်း ထပ်တူညီရင်တောင် မိဘက အနီးကပ်မေတ္တာပေးအပ် ကြီးပြင်းစေတဲ့ကလေးနဲ့ တခြားသူတွေစောင့်ရှောက်မှုတွေနဲ့ ကြီးပြင်းလာရတဲ့ကလေး ခံစားမှုချင်း ၊ တုန့်ပြန်မှုချင်း မတူညီကြပါဘူး။ အခက်အခဲကိုအသားပေးတွေးသူနဲ့ ဖြေရှင်းရာနည်းလမ်း အသားပေးတွေးသူ ကွာခြားသွားပါတယ်။ ဒါတွေဟာ စိတ်ဓါတ်ကပေးတဲ့စွမ်းအင်တွေပါ။

မိမိသားသမီးကို အကောင်းဆုံးလုပ်ပေးချင်တယ်ဆိုတဲ့မိဘတွေ သားသမီးကို အချိန်ပေးပါ။ မေတ္တာတွေပေးပြီး သူ့ခံစားချက်တွေ နားလည်နိုင်ဖို့ကြိုးစားပါ။ သူတို့ဆန္ဒတွေကို နားထောင်ပေးပါ။ အကြောင်း ၊ အကျိုးဆိုတာတွေကို နားလည်နိုင်ဖို့ စိတ်ရှည်ရှည်နဲ့ရှင်းပြပါ။ ကလေးတွေအတွက် အဓိကလိုအပ်နေတာ ဒါတွေပါ။

ရတု (Burmesehearts.com)

You might also like