Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတွေဘာကြောင့်ဆိုးကြသလဲ – BurmeseHearts

ကလေးတွေဘာကြောင့်ဆိုးကြသလဲ

0

မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုးဖြစ်လာတာပါ။
မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရှိပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုး ဖြစ်လာတာပါ။

ဒီလောက်သင်တာတောင် နားမလည်ဘူးလား။ ဒီလောက်ဆိုးရသလား။ နားမပါဘူးလား ။ မှတ်ဥာဏ်မရှိဘူးလား စသဖြင့် မိဘဘိုးဘွား ၊ ဆရာသမားတွေနဲ့ လူကြီးတွေက ကလေးတွေကို ဆူပူငေါက်ငမ်းကြတယ်။ ကလေးဘာကြောင့်ဆိုးရသလဲဆိုတာကိုတော့ အသေအချာ ပြန်သုံးသပ် အဖြေရှာကြတဲ့သူတွေတော့ နည်းတယ်။

ကလေးတွေဘာကြောင့်ဆိုးရသလဲဆိုတာကို လွယ်လွယ်လေး အဖြေပေးရရင် ကျေနပ်မှုမရှိလို့ဆိုးတာပါ။ ဘာကိုမကျေနပ်တာလဲဆိုတာတော့ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ သူတို့မိဘနဲ့ ခွဲခွါနေရတာကို မကျေနပ်တာလား ၊ မိရင်းဖရင်းမဟုတ်သူကို အမိအဖခေါ်နေရတာကို မကျေနပ်တာလား ၊ နေချင်သူနဲ့မနေရ မနေချင်သူနဲ့ နေရတဲ့ဘဝကို မကျေနပ်တာလား ၊ သိတတ်ကတည်းက ခါးသည်းတဲ့ခံစားမှုတွေကြောင့် မကျေနပ်ချက်တွေနဲ့ စိတ်ဓါတ်ပါ ကြမ်းတမ်းလာခဲ့တာလား ၊ လူကြီးမိဘဆရာသမားတွေရဲ့ ဆိုဆုံးမ မတတ်မှု ၊ လိုရင်လိုသလို မလိုရင်မလိုသလို မျက်နှာသာပေးမှု စတာတွေကို မကျေနပ်တာ စသဖြင့်သော မကျေနပ်ချက်တွေ ကြီးထွားလာလေလေ ကလေးဟာ ဆိုဆုံးမရခက်လေလေ ၊ ပိုပို ဆိုးလာလေလေ ဖြစ်နေမှာပါ။

ဒါကြောင့် ကလေးတစ်ဦး ဆိုးလာပြီဆိုတာနဲ့ အရင်နဲ့မတူတော့တဲ့ သူ့ရဲ့အပြုအမူ ၊ အပြောအဆိုတွေကို ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ သူ့ကို ဆူဖို့ ၊ ဆဲဖို့ ၊ ရိုက်ဖို့ ၊ အော်ဖို့ ၊ ငေါက်ဖို့ ၊ ပြစ်တင်ကြိမ်းမောင်းဖို့ ဂရုစိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူး။ သူဘာကို မကျေနပ်တာလဲ ၊ သူဘာကြောင့် ဒီလိုပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကိုမြင်အောင် ဂရုစိုက်ကြည့်ခိုင်းတာပါ။

မူရင်းဖြစ်ပေါ်နေတဲ့ ကလေးရဲ့မကျေနပ်ချက်တွေကို တဖြည်းဖြည်း အချိန်ယူလို့ ဖြေဖျောက်ပေးနိုင်ပါမှ ကလေးဟာ ဆိုးတဲ့အကျင့်တွေ ၊ မကျေနပ်စိတ်တွေ လျော့ပါးလာမှာဖြစ်ပါတယ်။ ချက်ချင်းကြီးတော့ နေ့ချင်းညချင်း ပြောင်းလဲယူလို့ရတာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြောင်းလဲပြုပြင်သွားရတာမျိုးပါ။ ကလေးစိတ်ဆိုတာ ထည့်ရာပုံစံခွက်ထဲဝင်သွားတဲ့ရေလိုပဲလို့ လူကြီးတွေကပြောကြတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ လုံးဝအမှန်ကြီးတော့ မဟုတ်ပါဘူး။

ကလေးဟာ သူနဲ့နေ့စဉ်အတူ အချိန်များများရှိနေတဲ့ လူတွေအပေါ်မူတည်ပြီး ပြောင်းလဲကျင့်ကြံပြောဆိုတတ်ပါတယ်။ ကောင်းတဲ့သူနဲ့ နေတာများရင် ကောင်းတဲ့အကျင့် အနည်းနဲ့အများ ကူးမှာဖြစ်ပြီး မကောင်းတဲ့သူနဲ့ တနာရီ ၊ တရက် ၊ တပတ် ၊ တလလောက်များ ရှိလိုက်ရင်ဖြင့် မကောင်းတဲ့ အတွေးအခေါ် ၊ အမူအကျင့် ၊ အပြောအဆို ကူးစက်မှုဟာ အတော့်ကို ကြောက်စရာကောင်းလောက်အောင် ဖျောက်ရခက်သွားတာမျိုးလည်း ရှိပါတယ်။

တကယ်လို့များကလေးဟာ သူနဲ့အတူရှိနေတဲ့သူရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို မကျေနပ်တာမျိုး ၊ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် မကျေနပ်တာမျိုး ၊ ကူးစက်လာတဲ့ အကျင့်နဲ့အပြောအဆိုတွေက အဆိုးဘက်ကို အားသာနေတဲ့အခါ အချိန်မီ ဖြေဖျောက်ပေးတာမျိုး မလုပ်နိုင်ရင် သူ့တဘဝတာလုံး ဒီလိုအမူအကျင့်တွေနဲ့ ကြီးပြင်းသွားတော့မှာပါ။ နောက်ကျမှ သတိထားမိရင် ကလေးဟာ ဒီအမူအကျင့် ၊ အပြောအဆိုတွေနဲ့ ခေါက်ရိုးကျိုးနေပြီး အကျင့်စွဲသွားနိုင်ပါတယ်။

ကလေးတွေ စိတ်မကျေနပ်ရာကနေ အထီးကျန်စိတ်စွဲသွားတာမျိုး ၊ စိတ်ကျရောဂါစွဲသွားတာမျိုး ၊ စိတ်ဒဏ်ရာရနေတာမျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေဟာ ခြေ ၊ လက်အငြိမ်မနေဘဲ ကုတ်တတ် ၊ ဖဲ့တတ်ကြတယ်ဆိုပေမယ့် ကိုယ့်ကလေးဟာ ခြေတွေ ၊ လက်တွေ နဲ့ မိမိအသားတွေကို သူသတိထားမိလို့ပဲဖြစ်ဖြစ် ၊ သူသတိမထားမိလို့ဘဲဖြစ်ဖြစ် သွေးထွက်လာတဲ့အထိ ကုတ်ဖဲ့နေတတ်တဲ့အကျင့်မျိုးရှိနေရင် ဒီကလေးကို အထူးနွေးထွေးမှုပေးပါ ၊ ယုယမှုပေးပါ ၊ အနူးညံ့ဆုံးဆက်ဆံပါ ၊ အတတ်နိုင်ဆုံးလိုက်လျောပါ ၊ အချိန်ပေးပါ ၊ ကြင်နာစွာနဲ့ ဂရုတစိုက်စောင့်ကြည့်ပါ။ ဒီကလေးဟာ အထက်မှာပြောထားတဲ့ စိတ်အခြေအနေတွေထဲက တခုခံစားနေရလို့ဖြစ်ပါတယ်။ ဒါကို လူကြီးမိဘက အချိန်မီဂရုတစိုက်ကုစားပေးနိုင်ရင်ကောင်းပါတယ်။

နောက်ကျသွားရင်တော့ ဖြစ်နေတဲ့ သူ့စိတ်အခြေအနေတွေက ဆိုးသထက် ဆိုးရွားလာရင် သူဟာ ရထားတဲ့စိတ်ဒဏ်ရာကြောင့် သူ့ကိုယ်သူလည်း ဒုက္ခပေးနိုင်တယ် ၊ အနီးဝန်းကျင်မှာ ရှိနေတဲ့သူတွေကိုလည်း ဒုက္ခပေးလာနိုင်တယ်။ တကယ်လို့များ ကလေးဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စိတ်ဒဏ်ရာရခဲ့မယ် သို့မဟုတ် စိတ်ဒဏ်ရာကို ပမာဏများများနဲ့ အချိန်အတော်ကြာ ခံစားခဲ့ရမယ်ဆိုရင် ဒီခံစားချက်တွေက ကလေးတဘဝလုံးစာ လိုက်ဖျက်တော့မှာပါ။

ရတု (Burmesehearts.com)

You might also like