Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၈) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၈)

ပုံပြင်များမှတဆင့်သင်ယူခြင်း

0

သမီးလေးကို ဘာပဲဖတ်ပြပြ ၊ ဘာပုံပြင်ပဲပြောပြပါစေ၊ ဘယ်လိုရုပ်ရှင်ကားတွေ ကြည့်ပါစေ  ပြင်ပလက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး ကောင်းခြင်း ၊ ဆိုးခြင်း ၊ လုပ်သင့် ၊ မလုပ်သင့်ဆိုတာတွေကို တွေးခေါ်ဆင်ခြင် သုံးသပ်နိုင်အောင်လို့ အပြန်အလှန် မေးခွန်းမေးတာတွေ၊ ဒီပုံပြင်ထဲက ဇတ်လိုက် ၊ မင်းသမီး ၊ ဗီလိန်တွေအပေါ် မြင်တဲ့အမြင် စသဖြင့်ကို ကျွန်မက နားထောင်ပြီး ဒီကတဆင့် သမီးဘာတွေ နားလည်သွားသလဲ၊ တတ်သိသွားသလဲဆိုတာကို မေးမြန်းလေ့ရှိတယ်။

အရင်က မလိမ်တတ်တဲ့သမီး အသက်(၆)နှစ်ခွဲလောက်မှာ အမှားတွေဆိုရင် မသိယောင်ဆောင်တာ ၊ လိမ်စပြုလာတာလေးတွေ စတွေ့ရတော့ “Tiger for Lies”ဆိုတဲ့ ပုံပြင်လေးကို ကိုယ့်ဘာသာအဆင်ပြေသလိုဆင်ပြောပြီး လိမ်တဲ့သူတွေဟာ သူများရဲ့ ယုံကြည်မှု ဆုံးရှုံးတတ်တာကို သင်ပြပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေဆူမယ်မှန်း ၊ စိတ်ဆိုးသွားနိုင်မှန်း သိတဲ့ သူ့အမှားတွေကိုလည်း မကွယ်မဝှက် ဝန်ခံပြောဆိုတတ်လာပါတယ်။

လူကြီးမိဘအပါအဝင် အများရဲ့ယုံကြည်မှု ဆုံးရှုံးသွားရင် မိမိအပေါ် အယုံအကြည်မဲ့လာမယ်။ မယုံတော့ အဟုတ်မထင် ၊ ကိုယ်ပြောတာတွေ အရာမဝင် ၊ ကိုယ်အကူအညီလိုလည်း မယုံတော့ မကူနဲ့ အများကြီး ဆုံးရှုံးမှုတွေ ရှိနိုင်တယ်ဆိုတာကို ဒီပုံပြင်လေးကတဆင့် သူနားလည် သင်ယူခဲ့တော့ သူ့အမှားကို သူတာဝန်ခံစိတ် ၊ သူ့စကားသူ တာဝန်ခံစိတ်တွေနဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေရှိလာတယ်။

သမီးလေး အသက်(၇)နှစ်လောက်မှာ ကျေးညီနောင်ပုံပြင်လေးပြောပြခဲ့တယ်။ ကျွန်မတို့ဟာ ကျွန်မတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကတဆင့် နီးစပ်ရာတွေ သင်ယူပြီး ကျွန်မတို့ရဲ့ အကျင့်စရိုက်နဲ့ စာရိတ္တတွေ ဖြစ်တည်လာခဲ့ပါတယ်။ တမိတည်းက ပေါက်ဖွားလာခဲ့တဲ့ ကျေးနှစ်ကောင်မှာ တစ်ကောင်ဟာ ရသေ့နားရောက်သွားပြီး ရသေ့ရဲ့ကျောင်းသင်္ခန်းမှာ ကြီးပြင်းခွင့်ရခဲ့တော့ ယဉ်ကျေးခဲ့ပေမယ့် လုယက်သတ်ဖြတ်သူတွေနားရောက်သွားပြီး ဒီလူတွေနဲ့ ကြီးပြင်းလာတဲ့တကောင်ကျတော့ ရိုင်းစိုင်းပြီး မနှစ်မြို့စရာတွေပြောဆို လုပ်ကိုင်ဖို့ တိုက်တွန်းတယ်။

ဒီပုံပြင်လေးကတဆင့် သမီးလေး နားလည်သွားတာက မိမိပေါင်းသင်းတဲ့ အပေါင်းအသင်း ၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ဟာ မိမိရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းအပေါ် လွှမ်းမိုးသွားနိုင်တယ်ဆိုတာပါ။ တခါတလေ မိဘဇစ်မြစ်ကောင်းပါရက် အပေါင်းအသင်းမှားလို့ မကောင်းတဲ့ အပြုအမူ ၊ အပြောအဆိုနဲ့ အကျင့်ဆိုးတွေ လုပ်ကိုင်မိနေတတ်တယ်။ ဒါပေမယ့် ကောင်းခြင်း ၊ မကောင်းခြင်းကို ကောင်းစွာ ဝေဖန်ပိုင်းခြား သိနားလည်သူတွေကျတော့ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရဦးတော့ မကောင်းတာကို မကောင်းတာမှန်းသိပြီး မပြောမိဖို့ ၊ မလုပ်မိဖို့ ရှောင်ကြဉ်လာနိုင်တယ်။

ဘုရားလောင်းမျောက်မင်း ပုံပြင်ကို ပြောပြပြီး ခေါင်းဆောင်ကောင်းမှန်ရင် မိမိလက်အောက်ငယ်သားတွေအတွက် အနစ်နာခံစိတ်နဲ့ ခေါင်းဆောင်ကောင်းပီသပြီး မိမိလက်အောက်ငယ်သားတွေ ဘေးလွတ်ဖို့ မိမိအသက်ကို မငဲ့ဘဲ ကယ်တင်ပေးရတယ်ဆိုတာမျိုးလည်း သင်ပေးခဲ့တယ်။ အတန်းထဲမှာ အမြဲလိုလို ဆရာမတွေ အားကိုးရတဲ့သမီးလေးဟာ မိမိအပေါ် လိုသူရော ၊ မလိုသူရောကို တန်းတူဆက်ဆံပြီး အနစ်နာခံစရာရှိ ကိုယ်ကပဲ အနစ်နာခံ ၊ ဘယ်သူတွေဖွသွားပစေ ဆရာမကို ကူရှင်းပေးတတ်တာတွေဟာ သူမရဲ့ အသိစိတ်နဲ့ သူမ လုပ်ဆောင်လာနိုင်တာ ဒီပုံပြင်လေးကြောင့်ပါ။

ကျွန်မသမီးလေးကို ပုံပြင်ပြောတဲ့အခါ ဗီလိန်တွေနေရာက ဘာကြောင့် ဗီလိန်ဖြစ်လာရသလဲဆိုတဲ့ အကြောင်းကိုပါ သူနားလည်အောင်ရှင်းပြပြီး တခါတလေမှာ ဒီဗီလိန်တွေဟာ သူတို့ရဲ့ မှားယွင်းတဲ့ အယူအဆ အနည်မထိုင်ခင် ပြင်ပေးနိုင်တဲ့သူရှိရင် သူတို့ဟာ ဒီလိုဗီလိန်တွေ ဖြစ်လာမှာမဟုတ်ဘူး။ နောက်မကျခင် ပြင်နိုင်ခဲ့ရင် သူတို့ဘဝ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားနိုင်တယ်။ နောက်ကျသွားတဲ့အခါ ၊ ကောင်းမွန်တဲ့ ဝေဖန်အကြံပေးမှုတွေကိုလည်း နားမဝင်တဲ့အခါ ၊ အမှားကို အမှန်မြင်ပြီး မပြင်တော့တဲ့အခါမှာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရဘဲ ဗီလိန်ဆိုတဲ့နေရာမှာ ဘဝအဆုံးသတ်သွားရတာကို ရှင်းပြခဲ့တယ်။

မှားတဲ့အယူအဆကြီး အမြစ်မတည်ခင် မှားမှန်းသိပါမှ အမှန်ပြင်နိုင်မှာပေါ့။ ဒါကြောင့် မိမိကို ဝေဖန်တာတွေရှိရင် မိမိကိုယ်ကို ပြန်သုံးသပ်ပါ။ တကယ်မှားနေရင် ပြင်ဆင်ရမယ်ဆိုတာလက်ခံပါ။ ပြီးတော့ အမှန်ပြင်ပါ။ လူတိုင်းအမှားမကင်းနိုင်ကြတာမို့ ဘဝတလျောက်လုံး အမှားချည်းဆက်တိုက် လုပ်မသွားဖို့သာလိုတာပါ။

မိမိဟာ ဘဝဇတ်ခုံမှာ ဘယ်ဇတ်ရုပ်ကိုယူပြီး ဘယ်နေရာက ရှေ့ဆက်မလဲဆိုတာ မိမိရဲ့ ယုံကြည်မှု ၊ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှု ၊ အကျင့်စရိုက်စတာတွေက မိမိရဲ့ဇတ်ရုပ်ကို သရုပ်ဖော်သွားတာဖြစ်ပါတယ်။ သမီးလေးကိုယ်တိုင်ကရော မိမိရရှိထားတဲ့ ဒီဘဝဇတ်ခုံမှာ ဘယ်လိုနေရာကနေ ကချင်သလဲလို့ မေးခဲ့တယ်။

အမြင့်ဆုံးနေရာမှာ ရပ်တည်ချင်ရင် ထိုက်တန်တဲ့ အရည်အချင်းတွေတော့ ရှိထားရမှာဖြစ်ကြောင်း ၊ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်က ခေါင်းဆောင်ကောင်းပီသစွာ ခေါင်းဆောင်နိုင်ပါမှ သမိုင်းလှမှာဖြစ်ကြောင်း ၊ ကိုယ်က သမိုင်းလှလှလေး ရေးနေတာကို ကဖျက်ကယက် လုပ်သူတွေလည်း ကြုံလာဦးမှာဖြစ်ကြောင်း ၊ ဒီလူတွေရဲ့ ရန်ကို ဘယ်လိုကျော်လွှားပြီး မိမိလိုရာခရီး မယိမ်းမယိုင် ဆက်လျှောက်သွားဖို့ဆိုတာကလည်း အတော်ကြံ့ကြံ့ခံနိုင်မှဖြစ်ကြောင်းတွေ သူ့အရွယ်လေးနဲ့ နားလည်နိုင်သလောက် ရှင်းပြထားတယ်။

ခေါင်းဆောင်နေရာရောက်လာရင် ခေါင်းရှောင်နေလို့မရဘဲ အနစ်နာခံတာတွေ ၊ တာဝန်ယူပြီး တာဝန်ခံတာတွေ လိုကို လိုအပ်တယ်။ ဒီအရည်အချင်းတွေကို ဘယ်အရွယ်ရောက်မှ သင်ရမယ်လို့ ဘယ်သူတွေ ဘယ်လို သတ်မှတ်ထားသလဲတော့ မသိဘူး။

ကျွန်မအမြင်ကတော့ ကလေးတွေ နုစဉ်ကတည်းက ကောင်းမွန်တဲ့ စာရိတ္တတွေ ၊ တာဝန်ယူမှု ၊ တာဝန်ခံမှုဆိုတာတွေ ၊ လူ့ဘောင်မှာ လူတော် လူကောင်းပီသစွာ ရပ်တည်သွားဖို့ လိုအပ်တဲ့အရည်အချင်းတွေ စတာတွေကို ပုံပြင်တွေကနေတဆင့် သင်ပေးလို့ရပါတယ်။ သူတို့နဲ့ အပြန်အလှန်မေးခွန်းတွေမေးပြီး တွေးခေါ်ခိုင်းပါ။

မမှန်တဲ့အတွေးတွေကို ပြင်ပေးပြီး ဟိုရှုထောင့်ကကြည့်ရင်ဘယ်လို ၊ ဒီရှုထောင့်ကကြည့်ရင်ဘယ်လို ဘက်ပေါင်းစုံက ကြည့်ပြီးမှ မှန်ကန်တဲ့ ကောက်ချက်ရေးဆွဲ ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ဆိုတာတွေဟာ ပုံပြင်ကတဆင့် သင်ပေးလို့ရပါတယ်။ ကျွန်မကတော့ ကျွန်မသမီးလေးကို ပုံပြင်တွေပြောပြရင်း ၊ ဗဟုသုတမှတ်စရာတွေ ဖတ်ပြရင်းနဲ့ သင်ပေးပါတယ်။

စာဖတ်သူတို့ရဲ့ သားသမီးတွေ ၊ တူ ၊ တူမတွေဟာလည်း ပုံပြင်တွေကတဆင့် အတွေးအခေါ် ၊ အကျင့်စာရိတ္တကောင်းတွေ သင်ယူတတ်မြောက်ပြီး လောကအကျိုးဆောင်ရွက်နိုင်သော သားကောင်း ၊ သမီးကောင်းမှ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ….

ရတု  (Burmesehearts.com)

You might also like