Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၇) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၇)

ယုံကြည်ရာ ဘာသာတရားအခြေခံ

0

ကျွန်မ သားသမီးရလာခဲ့တော့ ဘာသာတရားကို နှုတ်တိုက်ရွတ်ဖတ်နေဖို့ထက် စိတ်ထဲမှာ မသိစိတ်ကကော ၊ သိစိတ်ကကော နှစ်နှစ်ကာကာ ကိန်းအောင်း ကျင့်ကြံတာမျိုးကို ဖြစ်စေချင်ခဲ့တယ်။ သူများက ကောင်းတယ် ၊ မကောင်းဘူး ပြောတာတွေကို လိုက်လုပ်နေတာထက် ကိုယ်တိုင်က ကောင်းခြင်း ၊ မကောင်းခြင်းကို ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဆုံးဖြတ်ချက်နဲ့ မကောင်းမှုကို ရှောင် ၊ ကောင်းမှုကို ဆောင်တာပဲဖြစ်စေချင်တယ်။

ကျွန်မဗုဒ္ဓဘာသာဝင်ပါ။ ဒါပေမယ့် ကျွန်မဘာသာကပဲကောင်းပြီး ဘယ်ဘာသာမှ မကောင်းဘူးလို့ ယတိပြတ် စွဲမှတ်ထားတဲ့ ဗုဒ္ဓဘာသာဝင်တော့မဟုတ်ပါဘူး။ ကျွန်မမှာ ဘာသာကွဲ ၊ လူမျိုးကွဲ သူငယ်ချင်းတွေ အမြောက်အမြားရှိတယ်။ သူတို့နဲ့ ဘာသာရေး ၊ လူမျိုးရေး အငြင်းပွါးတာမျိုး တခါမှ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆို ဘာသာတရားတွေဟာ ရင်ထဲမှာ ငြိမ်းအေးမှုကို ရှာဖွေပေးဖို့လို့ ကျွန်မယုံကြည်တာကြောင့်ဖြစ်တယ်။

ကိုယ်ဟာ ဘာကြောင့် ဒီဘာသာကို ယုံကြည်ရသလဲဆိုတာ ကိုယ်တိုင် စိတ်ကျေနပ်စွာ ယုံကြည်နေဖို့ ၊ ဒီဘာသာတရားအောက် ငြိမ်းအေးနေဖို့ ၊ ဒီဘာသာတရားနဲ့ မိမိရောအများပါ အကျိုးပွါးများအောင် လုပ်ပေးနိုင်ရင် မိမိဟာ ဘာသာဝင်ကောင်းတစ်ဦးဖြစ်ပြီ။ ဘယ်ဘာသာဝင်ကိုမှ ထိခိုက်နေစရာမလိုပါဘူး။ ဒီအတိုင်းပဲ သမီးလေးကိုလည်း ယုံကြည်ငြိမ်းအေးစေချင်တယ်။

တစ်နှစ်အောက်အရွယ် သမီးလေးကို ကိုယ်ချင်းစာစိတ်ကလေးရယ် ၊ သတိကပ်ပြီးနေတတ်စေဖို့ရယ် ၊ တန်ဖိုးထားတတ်ဖို့ရယ် သင်ပေးခဲ့တာကလွဲလို့ ဘာဘုရားအကြောင်းမှ သမီးလေးကို အသက်(၅)နှစ်ခွဲလောက်အထိ မပြောပြဖြစ်ခဲ့ဘူး။ ယေဘူယျပြောရရင် ဘုရား တို့ God တို့ ဘာမှကို အသိမပေးခဲ့တာ။ ဒီလိုနဲ့ သမီးလေး လေးနှစ်အရွယ်မှာ ကျောင်းစအပ်တော့ Bible School (ခရစ်ယာန်ဘုရားကျောင်းက ဖွင့်ထားတဲ့ မူကြို) မှာ ကျောင်းထားခဲ့တယ်။

သမီးလေး ကျောင်းတက်ရတာပျော်သလို ၊ ဆရာမတွေနဲ့ ကလေးတွေရဲ့ ဆက်ဆံရေး ၊ သင်ကြားပုံတွေကိုလည်း ကျွန်မအရမ်းသဘောကျတယ်။ ကျောင်းကို သေချာစိစစ်ရွေးချယ်ပြီးမှ အပ်ခဲ့တာမို့ ခရစ်ယာန်ကျောင်းဖြစ်နေလို့ဆိုတဲ့ စိတ်ထားမျိုး ကျွန်မမှာ လုံးဝမရှိခဲ့ဘူး။ ဗုဒ္ဓဘာသာနဲ့ ဘုရားအကြောင်း ဘာမှပြောပြတာမျိုးမရှိခဲ့တာမို့ ဘာသာတရားမှာ အဖြူခံလေးဖြစ်တဲ့ သမီးဟာ (၄)နှစ်အရွယ်ကစလို့ ကျောင်းစတက်တာနဲ့ဆိုရတဲ့ ဘုရားသီချင်းတွေကို ခုန်ပေါက်ပြီး ပျော်ပျော်ရွှင်ရွှင်ဆိုတယ်။ ဒါလည်း ကျွန်မ မဟန့်တားဘူး။ ခရစ်ယာန်ဘုရားကျောင်းမှာထားလို့ ဘုရားသီချင်းဆိုတာ ဘာဆန်းသလဲနော်။ မဆိုစေချင်ရင် လာမထားနဲ့လေ။ ဒီလိုပဲ ကျွန်မရိုးရိုးပဲတွေးတယ်။

သမီးလေး(၅)နှစ်ကျော်မှာ ဘုရားသီချင်းတွေကို ဘုရားကျောင်းမှာ တနင်္ဂနွေနေ့သီဆိုဖို့ သမ္မာကျမ်းစာကို မိုက်နဲ့ ဦးဆောင် အလွတ်ရတ်ပြရတဲ့အထိ သမီးလေးဟာ ကျောင်းမှာ ဘုရားသီချင်းတွေ ကောင်းကောင်းဆိုတတ်တဲ့ ကျောင်းသူကလေးဖြစ်လာတယ်။ ဒီပွဲလည်း ကျွန်မတို့ ပျော်ပျော်ကြီးတက်ပြီး အားပေးခဲ့တယ်။ ဘာမှ ဟန့်တားစရာမရှိခဲ့ဘူး။ အဲဒီအထိလည်း သမီးကို ဗုဒ္ဓဘာသာအကြောင်း ယုံကြည်ရာတွေ ပြောပြတာမျိုးမလုပ်ခဲ့ဘူး။

သမီးလေး(၅)နှစ်ခွဲလောက်မှာတော့ အမေ ဘုရားက ပင်လယ်တို့ ၊ အပင်တို့ ၊  နေ ၊ လ ၊ လူ ၊ သက်ရှိသတ္တဝါတွေ အစစ အရာရာ ဖန်ဆင်းပေးတာ တကယ်လားလို့ စမေးလာခဲ့တယ်။ သမီးလေးအဲလိုမေးတော့ ဘာဖြစ်လို့အဲလိုမေးတာလဲ ကျွန်မက ပြန်မေးလိုက်တယ်။ သူကျောင်းတက်ရင် နေ့တိုင်းဆိုတဲ့ ဘုရားသီချင်းတွေထဲမှာ အဲလိုပါပြီး အဲဒီလိုဖန်ဆင်းပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ချီးကျူးရတယ်လို့ပြောတယ်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဆိုတာ ဟုတ်သလားတဲ့။

ကျွန်မလိုချင်တာအဲ့ဒါ။ ကျွန်မ ဘာမှမပြောခဲ့တာက သမီးလေးဘာသာ စိတ်ဝင်တစားနဲ့ မေးမြန်းလာမယ့်အချိန်ကို စောင့်နေခဲ့တာ။ ကလေးကို သင်ဖို့အကောင်းဆုံးအချိန်က အသိချင်ဆုံးအချိန် ၊ အစူးစမ်းဆုံးကာလပဲ။ ဒီအချိန်မှာ မှန်ကန်စွာရှင်းပြနိုင်ဖို့ပဲလိုတယ်။ သူသိချင်တာကို သံယကင်းကင်း ယုံကြည်သွားတဲ့အထိ ရှင်းပြနိုင်ရင် ဒါကိုယုံပါလို့ ပြောစရာမလိုတော့အောင် အကောင်းဆုံး ယုံကြည်လာတော့မှာ။ ဒါဟာ အမေက ဇွတ်ယုံခိုင်းလို့ ယုံတာမျိုးမဟုတ်ဘူး ၊ မိရိုးဖလာမို့ ယုံတာမျိုးမဟုတ်ဘူး။ ကြောက်လို့ယုံတာမျိုးမဟုတ်ဘူး။ အခြားမရှိ ၊ ဘာမှမသိလို့ နီးစပ်ရာယုံလိုက်တာမျိုး မဟုတ်ဘူးလေ။

အခု အမေပြောပြမယ့်ဟာတွေကို ကျောင်းက ဆရာမတွေကို ပြန်မပြောဘူးဆိုမှ အမေက သမီးကို ရှင်းပြလို့ရမှာ။ သမီးကတိမတည်လို့ ဆရာမတွေ၊ အတန်းသားတွေကို ပြန်ပြောရင် ကျောင်းမှာ သမီးစိတ်မကေနပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဘယ်သူ့အတွက်မှ မကောင်းဘူး။ ကတိပေးမလားဆိုတော့ ပြောပြ ကတိပေးတယ်တဲ့။

အမေဟာ ဗုဒ္ဓဘာသာဝင် ၊ သမီးလေးဟာလည်း သမီးရဲ့ မွေးစာရင်းနဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ဗုဒ္ဓဘာသာဝင်အဖြစ် အမေရေးထားတယ်။ ဒီတော့ သမီးလေးဟာလည်း ဗုဒ္ဓဘာသာဝင်အဖြစ် ရှိနေတယ်။ ဗုဒ္ဓဘာသာဝင်တွေက ကံ၏အကျိုးကို ယုံတယ်သမီး။ သမီးမြင်အောင် ဥပမာနဲ့ပြောရရင် အမေတို့သွားတဲ့နောက် အရိပ်ဟာ အမြဲလိုက်တယ်။ ဒီလိုပဲ ကံ၏အကျိုးဆိုတာလည်း ကိုယ်လုပ်တဲ့ကံ (အလုပ်)နောက်ကို အမြဲလိုက်တာ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ယုံကြည်တယ်။

ဒါပေမယ့် တခါတရံမှာအရိပ်ဟာ ကိုယ့်ဘေးနားပါလိုက် ၊ ကိုယ့်နောက်နားပါလိုက် ၊ ကိုယ့်ရှေ့ကထိုးလိုက်နဲ့ နေရာမျိုးစုံပြောင်းပြီး ရှေ့နောက်ရွေ့ရှား ဖြစ်ပေါ်နေတာဟာ ကံအကျိုးပေး အကြောင်းသင့်သလို ဖြစ်ပေါ်နေတာ ၊ အကျိုးပေးရမယ့်ကံတွေက အကြောင်းမညီညွတ်သေးလို့ ကောင်းတာလုပ်နေပေမယ့် ကောင်းတာမဖြစ်သေး ၊ မကောင်းတာလုပ်နေပေမယ့် ကောင်းစားနေတာဟာ ဒီသဘောတွေပါပဲ။

အမေတို့ရဲ့ ဗုဒ္ဓဘာသာမှာ ဘုရားမကယ်ဘူး သမီး။ ကိုယ့်အလုပ်ကပဲ ကိုယ့်ရဲ့ ကောင်းခြင်း ၊ မကောင်းခြင်းကို ဖြစ်စေတာပါ။ ဥပမာ လူသတ်ပြီးရင် သတ်တဲ့လူကို ရဲကဖမ်းပြီး တရားဥပဒေအရ အမိန့်ချမှတ်လိုက်သလိုမျိုး မိမိပြုလိုက်တဲ့ကံက မိမိအတွက် ကောင်းခြင်း ၊ မကောင်းခြင်းကို တရားသဘောအတိုင်း ဖြစ်စေတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ ဖြေရမယ်ဆို ဘုရားသခင်ဟာ ဟောဒီ ပင်လယ်တွေ ၊ သစ်ပင်တွေ ၊ နေ ၊ လ ၊ ကမ္ဘာ ၊ သက်ရှိသတ္တဝါတွေကို ဖန်ဆင်းပေးခဲ့တာမဟုတ်ပါဘူး။ အကြောင်းတရားနဲ့ အကျိုးတရားတွေကြောင့်သာ ဖြစ်ပေါ်နေကြတာပါလို့ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေက ယုံကြည်ကြပါတယ်။

ဒါဆို ဘုရားဖန်ဆင်းပေးတာလို့ သူကျောင်းမှာ မဆိုချင်တော့ဘူးတဲ့။ သမီး ယုံကြည်မှုဆိုတာ ရင်ထဲကလာပြီး ဦးနှောက်ကစေခိုင်းတာပါ။ ကျောင်းမှာ ဘယ်သူနဲ့မှ ဘာသာရေး အငြင်းပွါးတာမျိုး အမေမကြားချင်ဘူး။ သမီးဆရာမတွေကိုချစ်တယ်ဆို သူတို့ယုံချင်တာကို ယုံပါစေ။ ဒါမှားတယ် ဒါမှအမှန်လို့ လိုက်မငြင်းနဲ့။ သမီးချစ်တဲ့ သူငယ်ချင်းတွေလည်း သူ့တို့ဘာသာ သူတို့ယုံပါစေ။ သူတို့က အမှားကြီးယုံနေတယ်လို့ လိုက်မငြင်းနဲ့။ သူတို့က သမီးကို အမှားကြီးယုံနေတယ်လို့ ပြောရင် သမီးမကြိုက်သလို သူတို့လည်းကြိုက်မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ယုံချင်ရာယုံ ၊ ကိုယ်လည်း ကိုယ်ယုံချင်ရာယုံမယ်။ ဒါဟာ လွတ်လပ်စွာကိုးကွယ်မှုလို့ခေါ်တယ် သမီး။

ဒီလိုမနေနိုင်ရင် မငြိမ်းချမ်းဘူး။ အမုန်းပွါးကြမယ်။ အားလုံးနဲ့အမုန်းပွါးပြီး သမီးလည်း ကျောင်းပြောင်းရမယ် ၊ နောက်ကျောင်းမှာလည်း ဘာသာမတူတဲ့သူတွေ တွေ့မှာပဲ ၊ အဲဒီကျရင် ထပ်အငြင်းပွါးရင်း ဘယ်မှာဆုံးမှာလဲ။ ဒါကြောင့် ဒီကျောင်းမှာနေရင် ဒီကျောင်းရဲ့စည်းကမ်းအတိုင်း နေရမယ်။ ကိုယ်မယုံတဲ့ဘာသာဆိုပြီး မလေးမစားမလုပ်ရဘူး။ သူများတွေ ဘုရားသီချင်းဆိုတဲ့အချိန် သီချင်းကို သီချင်းအဖြစ်ပဲသတ်မှတ်လို့ သံစဉ်အလိုက် စာသားလေးတွေလိုက်ရွတ်လိုက် ၊ တေးသွားအတိုင်း စီးမျောလိုက် ၊ အချိန်တန်တော့ ပျော်ပျော်ရွှင်ရွှင်ပြီးသွားပါလိမ့်မယ်။

သမီးရဲ့ရင်ထဲမှာ ဘာကိုလက်ကိုင်ထားသလဲဆိုတာပဲ အရေးကြီးတာပါ။ အဲဒီရင်ထဲကထွက်လာတဲ့ ယုံကြည်ရာကြီးက ဦးနှောက်ကိုစေခိုင်းရင်း သမီးဟာ မိမိကိုယ်နဲ့ သူတပါး ငြိမ်းအေးစရာတွေ ရွေးလုပ်နိုင်ပြီဆို သမီးဟာ ကောင်းမွန်တဲ့ ဘာသာတရားလက်ကိုင်ထားသူပါလို့ ဖြေခဲ့တယ်။

အရင်က လမ်းသွားရင်း မသန်မစွမ်းတွေ ၊ ပုံမှန်မဟုတ်သူတွေ တွေ့ရင် သမီးလေးဟာ စိတ်ဝင်တစား လက်ညှိုးထိုးပြတာ ၊ စိုက်ကြည့်တတ်တာတွေကို (၅)နှစ်သမီးလောက်အထိ လုပ်ခဲ့တယ်။ ဒါတွေမလုပ်သင့်ကြောင်း ကိုယ့်ကို အခြားသူတွေက လက်ညှိုးထိုးစိုက်ကြည့်ရင် သမီးကြိုက်လား ၊ မကြိုက်ရင် သူတို့လည်း မကြိုက်ဘူး။ ကိုယ်မကြိုက်တဲ့အရာတွေကို သူများလည်း မလုပ်သင့်ကြောင်း လိုရင်းတိုရှင်း ကိုယ်ချင်းစာစိတ်ထားဖို့ပဲ သင်ပြပေးခဲ့တယ်။

ဘုရားသခင်ဖန်ဆင်းပေးသလားဆိုတဲ့ မေးခွန်းဖြေဆိုပြီးနောက်ပိုင်းမှာတော့ သမီးက ဘာကြောင့် သူတို့အဲလိုဖြစ်တာလဲဆိုတဲ့မေးခွန်းကို ဘယ်သူဖြစ်ချင်မှာလဲသမီးရယ် ၊ သမီးရော သူတို့လိုဖြစ်ချင်လား ။ ဘယ်သူမှ မဖြစ်ချင်ပါဘူး။ ဒီလိုဖြစ်တယ်ဆိုတာ ကံရဲ့အကြောင်း အကျိုးတွေကြောင့်ပါ။ တချို့တွေကျတော့ မွေးကတည်းက ဒီလိုလေးမွေးလာခဲ့တာ။ သူတို့မိဘတွေက ဒီလိုဘယ်ဖြစ်စေချင်ပါ့မလဲ။ ဒီလိုလေးမွေးလာတော့လည်း မိဘကောင်းတွေဆိုတာ ကိုယ့်သားသမီးကို ဘယ်လိုလေးပဲမွေးမွေး ကျွေးမွေးပြုစုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ။ ဒါဟာ အတိတ်ဘဝက အကုသိုလ်အရိပ်တွေ ဒီဘဝအထိပါလာခဲ့တာပေါ့။

တချို့ကျတော့ မွေးတုန်းကအကောင်း ကံအကျိုးမပေးတဲ့တနေ့မှာ ဒုက္ခိတ မသန်မစွမ်းဘဝရောက်တာ ၊ နာတာရှည်ဘဝရောက်တာတွေ ဖြစ်ကြတယ်။ ဒါတွေဟာလည်း ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ပြောဆိုနေတာထက် ကုသိုလ်အကျိုးပေးက ဒီမှာရပ်ပြီး အကုသိုလ်အကျိုးပေးဒီမှာစတယ်လို့ မှတ်ပြီး နောင် ကုသိုလ်အကျိုးပေးများများဖြစ်အောင် ကောင်းတဲ့စိတ်ကလေးထား ၊ ကောင်းရာလုပ်။

မကောင်းတာလုပ်နေသူတွေ ၊ ဖြစ်နေသူတွေကိုတွေ့တိုင်း အကုသိုလ်အကျိုးပေးကရှောင်ဖို့ ကောင်းတာတွေ များများလုပ်ပေးဖို့သတိရပါ။ အစစအရာရာအဆင်ပြေပြီး ချမ်းသာနေသူတွေ တွေ့တိုင်းလည်း သူတို့ကို ကုသိုလ်အကျိုးပေးလို့ ဒီလိုမျိုးဖြစ်နေတယ်လို့မှတ်ပြီး သူတို့လို အကျိုးပေးကောင်းအောင် ကောင်းတာတွေ ပိုလုပ်။ ဒီလိုဆို အကုသိုလ် အကျိုးပေးနည်းပြီး ကုသိုလ်အကျိုးပေးများလာတာမို့ ကိုယ်ဟာလည်း ကောင်းတာတွေအဖြစ်များလာပါလိမ့်မယ်။

စိတ်စေတနာကောင်းကောင်းနဲ့ ကောင်းမှုကလေးတွေလုပ်ပေးနေရင် ကုသိုလ်ဆက်နေတာမို့ ကောင်းတာတွေဖြစ်လာမှာပါ။ စိတ်စေတနာဆိုးထားရင်း မကောင်းတာတွေ လုပ်ဖြစ်နေရင် အကုသိုလ်ဆက်နေတာမို့ မကောင်းတာတွေဖြစ်လာမှာပါ။ အဖြူတွေချည်း ထပ်ခါ ထပ်ခါ သုတ်ပေးနေရင် အဖြူတွေထပ်ပြီး ဖြူလာမှာပါ။ အမည်းတွေချည်း သုတ်နေရင်တော့ အမည်းရောင်ပဲပေါ်လာမှာပါ။

ကောင်းတဲ့ကံအကျိုးပေးရပ်တဲ့တနေ့ မကောင်းတဲ့ကံတွေအားသာပြီးပေါ်လာမှာဖြစ်သလို မကောင်းတဲ့ကံအကျိုးပေး အားနည်းသွားချိန်မှာ ကောင်းတဲ့ကံအကျိုးပေး အားကောင်းလာမှာဖြစ်တယ်။ ဒါဟာ ဗုဒ္ဓဘာသာအစစ်အမှန်တွေရဲ့ ယုံကြည်မှုအစစ်အမှန်ပဲ သမီး။

ဒါကြောင့် မိမိဘာဖြစ်ချင်သလဲ မိမိဘာသာရွေးချယ်ပါ။ မိမိဟာ ကောင်းတာတွေဖြစ်ချင်ရင် စိတ်စေတနာ ကောင်းထားပြီး ကောင်းတဲ့အမှုတွေကို အားစိုက်ပြုပါ။ ထပ်ခါ ထပ်ခါ စိတ်နှလုံးသွင်းပြီး ပြုမူကျင့်ကြံနေထိုင်ပါ။ မကောင်းတာတွေ မလုပ်ဖြစ်အောင်ရှောင်ပါ။ ဒီလိုဆို ကောင်းတာတွေချည်း လုပ်ဖြစ်နေတာမို့ ကောင်းတာတွေချည်း ဖြစ်လာမှာပါလို့ ရှင်းပြခဲ့တယ်။

ဗုဒ္ဓဘာသာဝင် စာဖတ်သူတို့ရဲ့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေကိုလည်း ကြားချင်ပါတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့မယ်နော်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ရတု  (Burmesehearts.com)

You might also like