Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၄) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၄)

ဝေမျှခြင်းအနုပညာ

0

အလှူလုပ်တဲ့အခါ ပစ္စယောဟောတုဆိုပြီး လှူတဲ့လူတွေရှိတယ်။ ကုသိုလ်လိုချင်လို့ လှူတဲ့သူတွေရှိသလို ကိုယ့်အကြောင်းနဲ့ကိုယ် လှူတဲ့သူတွေရှိတယ်။ လှူတိုင်းဒါနဖြစ်တာတော့ဟုတ်ပါတယ်။ အလှူမတတ်ရင် ကိုယ်လုပ်တဲ့ကုသိုလ်မှတဆင့် အကုသိုလ်တွေ ဆင့်ပွားဖြစ်စေတတ်ပါတယ်။

ဥပမာ အဆိပ်ပင်ကို ရေလောင်းလိုက်သလိုမျိုး … အကုသိုလ်လုပ်ဖို့ ရည်ရွယ်ထားသူကို မိမိရဲ့အလှူနဲ့ မီးပေါ်ဆီပက်လိုက်သလိုမျိုး ဖြစ်နေရင် မဟုတ်သေးဘူးနော်။ တခါတလေမှာ အလှူလုပ်ရင်း အကုသိုလ်စိတ်တွေ ဖြစ်နေရတဲ့ သူတွေလည်းရှိတယ်။ ငွေလည်းကုန် ၊ လူလည်းပန်း ၊ အကုသိုလ်လည်းရနေတယ်ဆိုရင် ဒီအလှူဟာ ကုသိုလ်မျှော်ကိုးလို့ နိဗ္ဗာန်ရောက်ရပါလို၏ဆုတောင်း ပြည့်နိုင်ပါ့မလား။

သမီးလေးဟာ အသက် (၃)နှစ်အရွယ်လောက်ကတည်းက My first book of the Human Body ဆိုတဲ့စာအုပ်လေးကို သိပ်စိတ်ဝင်စားတယ်။ ကလေးတွေအတွက် ခန္ဓာဗေဒအကြောင်းစာအုပ်လေးပါ။ ဒီစာအုပ်လေးဖတ်ပြရင် ပုံတွေကြည့်လိုက် နားထောင်လိုက်နဲ့ သူသိပ်စိတ်ဝင်စားတယ်။ စာအုပ်အဆုံးနားမှာ သန္ဓေသားဖြစ်ပေါ်ပုံအဆင့်ဆင့်ပါတယ်။ အဲဒီကနေတဆင့် သမီးလေးဟာ လူဖြစ်ပေါ်ပုံကိုအကြမ်းဖျဉ်းသိသွားပြီး ကျွန်မဟာလည်း တရားသဘောကို သင်ပြခွင့်ရခဲ့တယ်။

အမေ့ဝမ်းဗိုက်ထဲ လူဖြစ်လာတဲ့ ကလေးလက်ထဲမှာ ဘာမှမပါဘူး။ မွေးဖွားလာတော့လည်း ဘာမှမပါဘူး။ ကျွန်မတို့ဟာ အရွယ်အလိုက် တဖြည်းဖြည်းကြိုးစားရင်းနဲ့သော်လည်းကောင်း ၊ မိဘမျိုးရိုးရဲ့ ရှိရင်းစွဲ အမွေအနှစ်တွေကြောင့်သော်လည်းကောင်း ကျွန်မတို့မှာ ပိုင်ဆိုင်မှု ကိုယ်စီကိုယ်စီ ရှိလာခဲ့ကြတယ်ဆိုတာ သမီးလေးကို နားလည်အောင် ရှင်းပြခွင့်ရခဲ့တယ်။

ကိုယ်ကသာ ဒီမှာ မကြောင့်မကြနေရတာ တခြားသူတွေဆို အနေဆင်းရဲ ၊ အစားဆင်းရဲတွေရှိကြောင်းပြောပြတော့ သမီးလေးက မယုံခဲ့ဘူး။ ဒီတော့ အွန်လိုင်းပေါ်က ပုံတွေကို သက်သေပြရတယ်။ ကျွန်မတို့နေတဲ့ နေရာမှာ ဒီလိုမျိုးတွေ မတွေ့ရပေမယ့် တခြားနေရာတွေမှာ ဒီလိုမျိုးတွေ မပြည့်စုံဘူး။ အဝတ်အစားမရှိတဲ့ ကလေးတွေကို သမီးလေး မကြိုက်နှစ်သက်လို့ မဝတ်ချင်တာတွေ ပိုနေမယ့်အစား လှူကြရအောင် စသဖြင့် မုန့်မဟုတ်တဲ့ ဝေမျှခြင်း (ဒါန)ကို စလေ့ကျင့်ပေးခဲ့တယ်။

ကိုယ်ကြိုက်တဲ့အစာ ဖြစ်နေပစေဦး စားချင်လို့ တောင်းတဲ့သူရှိရင် မျှကျွေးလိုက်ပါ။ အိမ်ရောက်ရင် အမေထပ်ပေးမယ်။ လှူခွင့်ရတုန်း လှူလိုက်ပါလို့ တဆင့်တက်ပြီး သမီးလေးကို သင်ပေးပြန်ရော။ ဒီကတဆင့် အလှူလုပ်တယ်ဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေချည်းပဲ လှူလို့ရတာမျိုးမဟုတ်ဘူး။ ကိုယ်လေ့လာထားတဲ့ ဗဟုသုတ (အသိပညာ) ၊ တတ်မြောက်ထားတဲ့ အတတ်ပညာတွေကိုလည်း သိလိုတတ်လိုသူတွေကို ဝေမျှခြင်း ၊ မိမိရဲ့ အချိန်နဲ့ လုပ်အားတွေကို လိုအပ်တဲ့ နေရာတွေမှာ အများကောင်းကျိုးအတွက် လုပ်ပေးတာလည်း အလှူတစ်မျိုးပါပဲလို့ သမီးလေးကို သင်ပေးခဲ့တယ်။

အဲဒီကစလို့  (၅)နှစ်ကျော် အရွယ်မှာ အတန်းထဲ စာအရင်ပြီးနေတဲ့သူမဟာ တခြားကလေးတွေလို လျှောက်အော်ဟစ်ပြေးလွှားတာမျိုး မလုပ်ဘဲ အတန်းထဲစာမရတဲ့ ကလေးတွေကို သူ့အရွယ်လေးနဲ့ စာရှင်းပြတယ်တဲ့။ ဆရာမပြောတော့ ကျွန်မ အံ့သြခဲ့တယ်။ သမီးလေးဟာ ကျွန်မသင်ပေးတာတွေကို နားထောင်ရုံမဟုတ် ၊ အသုံးပြုလေ့ကျင့်နေတာတွေ့ရတော့ သင်ပေးရတဲ့အမေ အားရတယ်။

ဒါပေမယ့် နေရာတိုင်းမှာ လိုသူ ၊ မလိုသူတွေရှိတာကို သမီးလေး စတင်သတိထားမိလာခဲ့တယ်။ ဆရာမက ဒီလူကို သင်ပြပေးလိုက်ပါပြောလို့ ကူရှင်းပြပေးသည့်တိုင် ကိုယ့်မလိုလို့ အသင်မခံတဲ့ တတန်းတည်းနေ သူငယ်ချင်းတွေ တွေ့လာခဲ့ပြီ။ သမီးက ဆရာမပြောလို့ အကောင်းနဲ့ပြပေးတာ သမီးကိုအော်လွှတ်တယ်။ အဲဒါဘာဖြစ်လို့လဲအမေတဲ့။ ဒီအမေးကိုဖြေဖို့က ပညာပါတယ်။ အဖြေမတတ်ရင် သမီးဟာ ဒီလိုလူတွေကို မုန်းတီးသွားနိုင်တယ် ၊ ဒီလူတွေကို အရွဲ့တိုက်လုပ်တာ ၊ နှိမ့်ချပြောဆိုတာ ၊ အပြန်အလှန်ရန်လုပ်ဖြစ်တာတွေနဲ့ ကုသိုလ်လုပ်ရင်း အကုသိုလ်တွေ ဖြစ်သွားနိုင်တယ်။

ဆရာမက ဒီလူကို ကူပြပေးလိုက်ပါပြောသည့်တိုင် အဲဒီလူကို ကိုယ်ပြပေးရမလားလို့ အရင်ခွင့်တောင်းပြီး သူ့ခွင့်ပြုချက်ယူပါ။ မလိုဘူးဆိုရင် ဆရာမကို ပြန်ပြောပြီး တခြားလိုတဲ့သူတွေကို ကူလိုက်ပါ။ ကိုယ့်အကူအညီမလိုတဲ့သူတွေကို အတင်းလိုက်ကူနေရင် ကူရာမရောက်ဘဲ အနှောင့်အယှက်ဖြစ်စေတယ်။ ဒါ့အပြင် ကိုယ့်အကူအညီမလိုတဲ့ သူတွေကို လိုက်ကူနေမယ့်အစား ကိုယ့်အကူအညီ တကယ်လိုတဲ့သူတွေကို သွားကူလိုက်တာ ပိုမထိရောက်ဘူးလားလို့ သမီးကို ဖြေပေးလိုက်တယ်။

အဲဒီနေ့ကစလို့ သမီးလေးဟာ “Should I explain you?” ဆိုတဲ့ ခွင့်ပြုချက်ယူပြီးတော့မှ အတန်းထဲ စာမရတဲ့ သူငယ်ချင်းတွေကို သူစာစောပြီးတဲ့အချိန်တွေမှာ စာရှင်းပြလေ့ရှိတယ်တဲ့။ တခါတလေ ငါက ကူတဲ့သူပဲဆိုပြီး အပေါ်စီးက ကူနေတာလည်း သိပ်မမှန်ဘူးလို့ ကျွန်မတွေးမိတယ်။ ကိုယ့်အပေါ် မလိုမုန်းထားစိတ်ဖြစ်နေပြီး ကိုယ့်ကြည့်မရသူကို အပေါ်စီးကနေ သွားကူနေသလိုမျိုး သူခံစားနေရရင် အမုန်းတရားတွေ ပိုလာမယ်လေ။

မိမိမှာပိုနေတဲ့အရာတွေကို လိုတဲ့သူတွေကို ပေးဝေမျှဖို့ ၊ တခါတလေ ကိုယ့်မှာမပိုရင်တောင် ကိုယ့်ထက် ပိုလိုအပ်သူတွေကို ဝေမျှပေးလိုက်ဖို့ ၊ တခါတလေ ကိုယ့်အပေါ် မလိုမုန်းထားတဲ့သူတွေက ကိုယ့်ဆီက လိုလိုလားလားတောင်းလာရင် စိတ်ကောင်းစေတနာနဲ့ ဝေမျှပေးလိုက်ဖို့ သမီးလေးကို သင်ပေးခဲ့တယ်။

ဝေမျှခြင်းဆိုတာ အတုံးလိုက်အထည်လိုက် ဒုကြီးဒယ်ကြီးနဲ့လှူမှ အလှူပြီးမြောက်တာမဟုတ်ဘူး။ တကယ့်စိတ်ရင်းစေတနာနဲ့ တပါးသူ ကောင်းရာကောင်းကျိုး အဆင်ပြေခြင်းအလို့ငှါ မိမိရဲ့ အချိန် ၊ လုပ်အား ၊ ဗဟုသုတဆိုတဲ့ အသိပညာ ၊ သင်ယူတတ်မြောက်ထားတဲ့ အတတ်ပညာတွေကို မျှဝေခြင်းဟာလည်း ကုသိုလ်လုပ်ခြင်းပါပဲ။

တကယ်ဆို ကျွန်မတို့ဟာ လက်ဗလာနဲ့ လူ့လောကထဲရောက်လာခဲ့ကြသူတွေဖြစ်ပြီး လက်ဗလာနဲ့ပဲ လူ့လောက ကနေ ပြန်ထွက်ကြရဦးမှာပေါ့။ လက်ရှိနဲ့ ရှေ့ရေးအတွက်အတွက် အားကုန်ရုန်းကန်ရှာဖွေနေရင်း ကိုယ်ရှာလို့ရလာတဲ့ ပစ္စည်းတွေဟာ ကိုယ့်နောက်ပါမှာ မဟုတ်ဘဲ ထားခဲ့ရမယ့် ပစ္စည်းတွေလို့ သိရင်းနဲ့ ရှာကြတာပေါ့။ ဒီလိုသိနေတော့ ကိုယ့်ပိုင်ဆိုင်မှုကနေ သိပ်မပြောပလောက်တဲ့ ပမာဏကို လိုအပ်တဲ့သူတွေကို လှူဒါန်းဖို့လည်း သတိရကြတာပေါ့။

မြန်မာလူမျိုးဖြစ်ရတာ အရမ်းဂုဏ်ယူတဲ့အချက် ကျွန်မမှာရှိတယ်။ အဲဒါက မိမိရဲ့အချိန် ၊ အင်အားနဲ့ မိမိဒါနဆိုတာကို အများစုက တနိုင်လုပ်ပေးတတ်တဲ့ဂုဏ်ကလေးကိုပါ။ တခြားနိုင်ငံတွေမှာလည်း ဒီလိုလှပတဲ့ စိတ်ထားလေးတွေ ကြုံဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံလောက်တော့ ရာခိုင်နှုန်းမများဘူးရယ်။

ကျွန်မတို့မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာ အောက်ဆုံးဝန်းကျင်က သူဆင်းရဲဖွံ့ဖြိုးဆဲ နိုင်ငံလေးပေမယ့် အလှူအတန်းမှာတော့ ကမ္ဘာ့နံပါတ်တစ်နေရာ ရပ်တည်နေတာ တစ်ဦးတစ်ယောက်တည်း အလှူနဲ့မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ။ ဒါကြောင့် ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဝေမျှခြင်းအနုပညာကို မျိုးရိုးလိုက် ကျင့်သုံးနေကြသူတွေဖြစ်တယ်။ ဒီလိုမွန်မြတ်တဲ့ အလေ့အကျင့်လေးကိုလည်း ကိုယ့်မျိုးဆက်တွေကို လက်ဆင့်ကမ်းကိုကမ်းရမယ်။ ကျွန်မတို့ လူသာဆင်းရဲမယ် စိတ်ဓါတ်မဆင်းရဲဘူးဆိုတာ ကျွန်မတို့ရဲ့ နောင်မျိုးဆက်တွေလည်း ဆက်လက်ပြီးတော့ သက်သေပြနိုင်ကြပါစေ။

ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ စာဖတ်သူတွေလည်း ဝေမျှခြင်း အနုပညာနဲ့ အများကောင်းရာကောင်းကျိုးအတွက် ဆထက်တပိုး ဝေမျှလှူတန်းနိုင်သူတွေဖြစ်ကြဖို့ ဆုတောင်းရင်း ….

ရတု (Burmesehearts.com)

ဝေမျှခြင်း အနုပညာမတိုင်မီ ကျွန်မသမီးလေး အသက်တစ်နှစ်အောက်အရွယ်ကစလို့ တစိုက်မတ်မတ်နဲ့  အောက်ဖော်ပြပါသုံးချက်ကို အသားသေအောင် ၊ အခြေကောင်းကောင်း ခိုင်မာအောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်။

(၁)ကိုယ်ချင်းစာစိတ် (မဖတ်ရသေးသူတွေ https://bit.ly/2x1OFKt မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၂) အာရုံစူးစိုက်ပြီးလုပ်ကိုင်တတ်ကျင့် (မဖတ်ရသေးသူတွေ https://bit.ly/3eQ3Mrc မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၃)အချိန်နဲ့လူအင်အားမဖြုန်းတီးဖို့  (မဖတ်ရသေးသူတွေ https://bit.ly/3cNrDpT မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

You might also like