Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၃) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၃)

မဖြုန်းတီးဖို့ သင်ကြားခြင်း (သို့မဟုတ်) စေ့စပ်ဖို့ သင်ကြားခြင်း

0

“ပလိုင်းပေါက်နဲ့ဖားကောက်” ဆိုတဲ့ ဆိုရိုးစကားဟာ အလကားမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။ ခုန်ဆွခုန်ဆွနဲ့ ခပ်မြန်မြန် ခုန်သွားနိုင်တဲ့ဖားကို အားစိုက်ဖမ်းနိုင်ခဲ့ပြီး ပလိုင်းထဲထည့်ထားပေမယ့် ကိုယ့်ပလိုင်းဟာ အပေါက်ကြီးဖြစ်နေတယ်ဆို အဲဒီကတဆင့် ဖမ်းမိထားတဲ့ဖားတွေဟာ ထွက်ပြေးလွတ်မြောက်သွားမှာပါ။ အိမ်ပြန်ဖို့အချိန်တန်လို့ ပလိုင်းကောက်လွယ်တဲ့ ကိုယ်ဟာ ပလိုင်းထဲဖားတွေမရှိတော့မှ ဒီပလိုင်းပေါက်နေမှန်းသိတယ်ဆို အားစိုက်ထုတ်ခဲ့သမျှ အားလည်းကုန် ၊ အချိန်လည်းကုန်ပေါ့။ ဒီစကားပုံကနေတဆင့် ကျွန်မဘာလေ့လာခဲ့သလဲဆိုတော့ ဖားကောက်မထွက်မီ ပလိုင်းပေါက် မပေါက် စစ်တတ်ဖို့နဲ့ ဖားတစ်ကောင်ပလိုင်းထဲထည့်လိုက်တိုင်း ပလိုင်း ပေါက် ၊ မပေါက် ပြန်စစ်ဆေးကြည့်ရမယ်ဆိုတဲ့ အသိပါ။ 

ဘဝတစ်ခု စရပြီဆိုတာနဲ့ အချိန်ဆိုတာ စရလိုက်တာပဲ။ ဘယ်တော့ သေမယ်ဆိုတာ ဘယ်သူမှမသိတော့ ဒီအချိန်တွေဟာ အကန့်အသတ်နဲ့ရှိနေတာပါ။ မသေခင် အကြောင်းကြောင်းနဲ့ နာနေပြန်ရင်လည်း ကျန်ရှိနေတဲ့အချိန်တွေကို ကိုယ်အသုံးပြုချင်သလို အသုံးပြုခွင့် ကန့်သတ်ခံလိုက်ရတာပါပဲ။ ဒါကြောင့် လူ့ဘဝမှာ တန်ဖိုးအရှိဆုံးဟာ အချိန်ပဲ။ နောက်တခုကတော့ အဲဒီအချိန်ကို ကိုယ်လိုသလို အသုံးပြုနိုင်တဲ့ အင်အားပါ။ အသက်ရှင်တုန်း ၊ ကျန်းမာတုန်းသာ ကိုယ်လိုသလို အသုံးပြုလို့ရနေတဲ့ ဒီအချိန်နဲ့ အင်အားတွေကို မဖြုန်းတီးပစ်လိုက်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်။

နောက်တမျိုးတွေးကြည့်ပြန်တော့ မိဘက ဘယ်လောက်ပဲ ငွေအပုံလိုက်ကြီး ရှာပြီးချန်ထားခဲ့ဦးတော့ သားသမီးဟာ ဘယ်လိုတိုးပွါးအောင်လုပ်ရမှန်းမသိ ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမှန်းမသိ ၊ ထိုင်ဖြုန်းနေလို့ကတော့ ကိုယ်တသက်လုံးရှာခဲ့သမျှ နှစ်ပိုင်းလောက်နဲ့ ကုန်အောင်ဖြုန်းပစ်နိုင်တယ်။ ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်ကိုပဲ ကြည့်ပါဦး။ ရှာရသာခက်တာ ၊ ဖြုန်းရလွယ်တယ်လေ။ ကာစီနိုထဲမှာပဲပျော်မွေ့ဦးတော့ ရှိတာတွေဘယ်လောက်ခံနိုင်လိမ့်မလဲ။ ဒါဟာလည်း အိတ်ပေါက်တစ်မျိုးပါပဲ။

ဒီတော့ မိမိသားသမီးကို ငယ်စဉ်ကတည်းက ဖြုန်းတတ်တဲ့အကျင့် လုံးဝဖျောက်ထားပစ်လိုက်ဖို့လိုတယ်။ ဒီ့ထက်တဆင့်တက်မယ်ဆိုရင်တော့ စေ့စစေ့ပ်စပ်လုပ်တတ်တဲ့အကျင့်ကို ကျင့်ပေးထားရမယ်။ အရှာကောင်းဖို့ကတော့ နောက်တဆင့်ပေါ့။ ဒါက ကျွန်မခံယူချက်ပါ။ ခံယူချက်တွေအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ မင်္ဂလသုတ်တော်ထဲမှာ မလုပ်သင့်တဲ့အရာတွေကို ဘုရားက အရင်ဟောပြောထားတာမို့ ကျွန်မတို့ဟာ မလုပ်သင့်တာကို အရင်ရှောင်ကျဉ်ပြီး လုပ်သင့်တာကို တဆင့်တက် လုပ်ကြရမှာပါ။

ကျွန်မသမီးကို တစ်နှစ်အောက် ကလေးအရွယ်လေးပေမယ့် အစားအစာတွေ ကြမ်းပေါ်ပလဲတာ ၊ ဖိတ်စင်အောင် စားတာတွေ တမင်မပြုဖို့ လေ့ကျင့်ပေးခဲ့တယ်။ တစ်နှစ်အောက် ကလေးဆိုတော့ စားရင်ဖိတ်မှာပဲ။ ဒါပေမယ့် စားရင်းစိတ်လှုပ်ရှားပျော်ရွှင်လို့ ပန်းကန်ကို တဘန်းဘန်းရိုက်ပြီး အစားအသောက်တွေ ဖိတ်စင်တာမျိုးဆို ကျွန်မဆူတယ်။ အမေမကြိုက်တာသိတော့ ဒီအကျင့်ပျောက်သွားတယ်။ အစားအသောက်ဟာ စားဖို့ ရှိနေတာ ၊ ဖိတ်စင်ဖို့မဟုတ်လို့ ဆူရခြင်းအကြောင်းကိုလည်း ဆူပြီးတိုင်း သင်ပေးတယ်။ ဖိတ်တာတွေနည်းလာတယ်။ ထိန်းထိန်းသိမ်းသိမ်း စားတတ်လာတယ်။

တစ်နှစ်အရွယ်နောက်ပိုင်း အစားအသောက်တွေစားရင် ကုန်နိုင်သလောက်ပဲထည့်ပေးတယ်။ ကုန်မှ ထပ်လိုရင် ထပ်ထည့်ပေးတယ်။ လောဘကြီးပြီး အများကြီးထည့်ဖို့ဂျီကျရင် တစ်ခါနှစ်ခါလောက် သူမကုန်နိုင်တာသိရက် ထပ်ဖြည့်ထည့်ပေးခဲ့တယ်။ မကုန်ခင်ဝသွားတဲ့အခါ ကုန်အောင်စားရမယ်။ အစားအသောက်ဟာ ပစ်ဖို့မဟုတ်ဘူး။ ကုန်လို့ထပ်လိုရင် အမေထပ်ပေးတာသိရက်နဲ့ မကုန်မခန်းထည့်မယ်ဆို ကုန်အောင်စားရမယ်လို့ စည်းကမ်းကျပ်လိုက်တော့ နောက်ပိုင်းမှာ ကုန်မှလိုသလောက် ထပ်တောင်းတယ်။ စည်းကမ်းရှိလာတာပေါ့။

အစားအသောက်က စလိုက်တဲ့ မဖြုန်းတီးရေးစည်းကမ်းဟာ ကစားစရာတွေဝယ်တာ ၊ နောက်ပိုင်း စာရေးကိရိယာတွေဝယ်တာ သုံးတာကအစ စည်းကမ်းလုပ်တယ်။ ပိုလျှံအောင် ဝယ်ပေးထားပေမယ့် လိုသလောက်ပဲ အသုံးပြုရမယ်ဆိုတာကို အသိထည့်ပေးထားတယ်။ ဒီအတိုင်းပဲလေ့ကျင့်စေတယ်။ ဒီအခါ ကလေးဟာ မြင်တိုင်းတက်မက်လိုချင်တဲ့စိတ် နည်းလာတယ်။

တခါတလေ ကျွန်မက ဆိုင်ထဲမှာ ဒီဖိနပ်လေး သမီးနဲ့အရမ်းလိုက်မှာပဲ ဝယ်ကြမလားဆိုပေမယ့် သမီးလုပ်သူက သမီးမှာ ဒီလိုအရောင်နဲ့ ပုံစံဆင်ဆင်လေးရှိတယ်။ ထပ်မဝယ်နဲ့လို့ သူကိုယ်တိုင် စတားတာမျိုးတွေအထိရှိလာတော့ သမီးရဲ့ ငွေကြေး ပစ္စည်းတွေပေါ် မဖြုန်းတီးတတ်တဲ့အပေါ် ကျွန်မ စိတ်ချရပြီ။

လေ့ကျင့်ဖို့ခက်တာက အချိန်မဖြုန်းဖို့။ ကလေးဆိုတော့ အချိန်တန်ဖိုးနဲ့ အင်အားတန်ဖိုးကို နားမလည်ဘူး။ အဲဒီဟာကို ကလေး ငါးနှစ်ကျော်လောက်အထိ အတော် လေ့ကျင့်ခဲ့ရတာ။ မမြင်ရတဲ့အရာတွေကို ထိန်းသိမ်းရတာ ပိုခက်တာကိုး။ ဒီတော့ကျွန်မဟာ သူနားလည်မယ့်အရာတွေနဲ့ နှစ်ရှည်လေ့ကျင့်ပေးခဲ့ရတယ်။

ဥပမာ- ကလေးစာသင်နေတဲ့အချိန်တို့ ၊ စန္ဒယားကျင့်တဲ့အချိန်တို့မှာ ကလေးအနားမှာ ကျွန်မက အမြဲတမ်းအနီးကပ်ရှိပြီး သူမရှင်းလင်းတာတွေ ပြန်စိစစ်ရှင်းလင်းပြဖို့ ၊ သင်ပြပေးဖို့ဆိုတာ နှစ်ယောက်စလုံးရဲ့ အချိန်နဲ့အင်အားတွေကို ရင်းထားရတာ။ ကလေးဟာ အာရုံမစိုက်နိုင်တော့ဘူးဆိုတာ ကျွန်မသိတာနဲ့ သင်တာချက်ချင်း ရပ်ပစ်တတ်တယ်။ ဒါပေမယ့် ကျွန်မသမီးက ဇွဲကြီးတယ်။ မရမချင်း သင်ယူလေ့ကျင့်ချင်တယ်။ ဒါပေမယ့် သူအာရုံမစိုက်နိုင်တော့ မရဘူး။ အမေအသင်ရပ်မှာကိုလည်း သူမကြိုက်ဘူး။ မရတဲ့သူ့ကိုယ်သူလည်း စိတ်မကျေနပ်ဘူး။ ဒီလိုအခြေအနေမျိုးမှာဆို အချိန်နဲ့အင်အားရဲ့တန်ဖိုးဟာ အရမ်းသင်လို့ကောင်းတယ်။

ဒီလိုအခြေအနေတွေတိုင်းမှာ သူ့ကိုချော့မော့ပြီး ခဏနား ၊ မုန့်ကျွေးပြီး စိတ်ဖြေ ၊ ဦးနှောက်အနားရအောင် ပုံပြင်ပြော သိပ်လိုက်တာမျိုးတွေလုပ်တယ်။ အိပ်ယာနိုးလာလို့ တခုခုစားပြီးရင် ခုနက မရတဲ့ဟာတွေ ပြန်သင်တယ်။ အဲဒီအချိန်မှာ ချက်ချင်းရသွားတတ်တယ်။ ဒီလိုအခြေအနေတွေကြုံလာတိုင်း အချိန်နဲ့အင်အားရဲ့တန်ဖိုးကို သမီးကို နားလည်အောင် ကျွန်မရှင်းပြတယ်။

သူသာ ဇွတ်တရွတ် မရမချင်း မထတမ်းလုပ်နေမယ်ဆို သူ့အချိန်နဲ့ ကျွန်မအချိန်တွေဟာ အလဟဿ ဖြစ်သွားကြောင်း ၊ မရမချင်းလုပ်နေတဲ့အတွက် သူ့အင်အားတွေ ဆုံးရှုံးကြောင်း ၊ အမေကိုယ်တိုင်လည်း တခြားလုပ်စရာတွေ မလုပ်ဖြစ်တော့ဘဲ မရတဲ့သူ့သင်နေရလို့ အင်အားတွေဆုံးရှုံးပြီး လုပ်စရာအပုံလိုက်ကြီးကို မလုပ်ချင်စိတ်တွေ ဖြစ်လာကြောင်း ၊ ဒါဟာ နှစ်ယောက်လုံးရဲ့ အချိန်နဲ့အင်အားကို ဖြုန်းတီးရာရောက်ကြောင်း ပြောပြရတာပေါ့။

ခဏအိပ်စက်အနားယူပြီး သင်ယူလေ့ကျင့်လိုက်တော့ ချက်ချင်းကို အတတ်မြန်သွားတာ ဦးနှောက်လန်းဆန်း အင်အားပြည့်လာချိန်မှာ အာရုံစူးစိုက်မှု အားကောင်းလာတဲ့အတွက်ကြောင့်ဖြစ်ကြောင်း ၊ အချိန်နဲ့အင်အား ယုတ်လျော့မှုတွေ နှစ်ယောက်စလုံးအတွက် သက်သာကြောင်းကို ရှင်းပြရတာပေါ့။ နောက်ပိုင်းမှာ ကလေးက ပိုနားလည်လာတယ်။ ထပ်ခါထပ်ခါ လုပ်ရင်းနဲ့မှ အာရုံမစိုက်နိုင်တော့ရင် တအားဖိပြီး ဇွတ်တရွတ် ဆက်လုပ်နေတာမျိုးတွေ နည်းလာတယ်။ “If you cannot do it now, turn around and do it again. “တဲ့။ တခါတလေမှာ လုပ်နေတာတွေ ခဏရပ်ပြီး စိတ်အနားယူလိုက် ပြီးရင်ပြန်လာလုပ် ၊ အဲဒီရလဒ်က ပိုကောင်းတယ်။

ဒါဟာ ဇွဲမရှိတာမဟုတ်ဘူး။ ဘယ်နေရာမှာရပ်ပြီး ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို သင်ယူလေ့ကျင့်လိုက်တာပါ။ အာရုံစူးစိုက်နိုင်မှုမရှိဘဲ လုပ်ချင်စိတ်တခုတည်းနဲ့ လုပ်နေတာဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေတာလို့ ကျွန်မမြင်တယ်။ အချိန်လည်းကုန် ၊ အင်အားလည်းကုန် အဆုံးမှာ ဘာရမလဲ။ လုပ်တာမဖြစ်လို့ ၊ မအောင်မြင်လို့ စိတ်ပျက်တာ ၊ ဒေါသထွက်တာ ၊ စိတ်ဓါတ်ကျလာတာတွေနဲ့ နပန်းလုံးနေရမယ်လေ။

လုပ်တော့လုပ်ပေါ့။ ဥာဏ်ကူလုပ်ဖို့လည်း လိုတယ်။ မဖြစ်မနေ ပြီးအောင်လုပ်မယ်ဆိုတာထက် လှလှပပ သေသေသပ်သပ်လေး အလုပ်ကို အချိန်မီအဆုံးသတ်နိုင်ရင် ပိုမကောင်းဘူးလား။ လုပ်နေရက်နဲ့ အရာမထင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို သတိပေးလိုက်ပါ။ ငါဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေပြီလို့။ တလျှောက်လုံး ကုန်းရုန်းလုပ်လာရက်နဲ့ မစုဆောင်းမိသေးဘူး ၊ မတိုးတက်လာဘူးဆိုရင်လည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေတာပါပဲ။

ဒီတော့ ဖားမကောက်ခင် ပလိုင်းပေါက်မပေါက် အရင်စစ် ၊ ပေါက်နေတာ ဖာပြီးမှကောက် ၊ ယိုနေတာတွေကို ပြင်ဆင်ပြီးမှ ဆက်လုပ်ပါ။ အရာထင်လာပါလိမ့်မယ်။ ဒါကတော့ ကျွန်မရဲ့ နည်းလမ်းပေါ့။ ကြိုက်ရင်ယူသုံးပါ။ အသုံးဝင်သွားရင် ကျေနပ်ပီတိဖြစ်ပါတယ်။ ခံယူချက်တွေ ကြိုက်သလိုကွဲလွဲနိုင်ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူတာ မတူနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ သမီးလေးကိုတော့ ကျွန်မ လေ့လာသင်ယူခဲ့သလိုပဲ သင်ပေးပါတယ်။ စည်းကမ်းကောင်းတာ ၊ မဖြုန်းတီးတာ ၊ စေ့စပ်တာတွေဟာ ဒီလို(၇)နှစ်အရွယ်မှာ ကောင်းကောင်း မျက်ဝါးထင်ထင်မြင်နေရပါပြီ။ ဒီအတွက် ကျေနပ်တယ်လေ။

ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ စာဖတ်သူတို့ရဲ့ ရင်သွေးငယ်တွေ ၊ တူ နဲ့ တူမတွေဟာလည်း စေ့စပ်သေချာပြီး မိမိရဲ့အချိန်နဲ့ အင်အားတွေကို ကောင်းသောနေရာမှာ ဥာဏ်ရှိရှိ အသုံးချပြီး တိုးတက်ကြပါစေလို့ ဆုတောင်းရင်း ….

ရတု (Burmesehearts.com)

You might also like