Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁၀) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁၀)

အဓိကဖျက်စီးခြင်းတရားသုံးပါး

0

လူတွေရဲ့စိတ်တွေနဲ့ လူတွေကို အဓိကဖျက်စီးတတ်တဲ့ အခြေခံအဓိကအကြောင်းတရားခံတွေက လောဘ ၊ ဒေါသ ၊ မောဟတွေပါ။ ဒီအရာတွေဝင်လာလို့ ဝင်လာမှန်းမသိရင် ဆင်ခြင်တုံတရားတွေပျောက်ပြီး မလုပ်သင့်တာတွေလုပ်မိပြီး မဖြစ်သင့်တာတွေ ဖြစ်ကြလို့ ဘဝပျက်တဲ့အထိ ပျက်စီးရတာတွေလည်းရှိပါတယ်။

လောဘဟာ ရနေတာ ၊ ရှိနေတာတွေထက် ပိုလိုချင်တဲ့သဘောပါ။ တချို့တွေက ရနေတာထက် ပိုလိုချင်လို့ စီးပွားပိုရှာကြတယ်။ ပိုတော်ချင် ၊ ပိုတတ်ချင်လို့ ပိုလေ့လာကြတယ်။ ဒါတွေဟာ လောဘအငွေ့အသက်တွေ ပါနေပေမယ့် တပါးသူအကျိုးစီးပွားမထိခိုက်ဘဲ ကိုယ့်ဘာသာတိုးတက်ချင်လို့ လုပ်တာဆိုရင် လောကီသဘောအရ လုပ်သင့်တဲ့အလုပ်တခု (ကြိုးစားမှု)လို့ ဆိုကြတယ်။ ဒါပေမယ့် ကိုယ်တိုးတက်ဖို့အတွက် တပါးသူကို ဒုက္ခပေးတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ ကိုယ်ဟာ လောဘဖုံးလွှမ်းမှုကို ခံလိုက်ရတာပါ။

ကိုယ့်လုပ်ရင်ကြိုက်လား။ မကြိုက်ရင် မလုပ်သင့်တဲ့အလုပ်လို့ လွယ်လွယ်လေးမှတ်လိုက်ရုံပါ။ မလုပ်သင့်တဲ့အလုပ်ကို လောဘအလျောက် သူများအကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကျဆင်းဖို့ လုပ်မိပြီဆိုရင် ကိုယ်ဟာ လောဘနောက် ထိန်းမနိုင်သိမ်းမရ လိုက်မိသွားသူပါ။ တချို့တွေက မလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီးတာကို နောင်တမရတဲ့အပြင် ညံ့လို့ခံရတာပဲ။ ညံ့တဲ့သူခံကြေးဆိုပြီး ဒီလိုလုပ်လိုက်တဲ့ ကိုယ်ကပဲ တော်နေသယောင် တလွဲတွေးပြန်တယ်။

ဒါဟာ ထပ်ခါ ထပ်ခါမှားဖို့ အတွေးမှားစေတဲ့ လမ်းစပဲ။ ဒီလိုအတွေးမှားတွေနဲ့ တခြားသူတွေအပေါ် လျှင်တဲ့သူစားကြေးလုပ်ရင်းနဲ့ မုန်းသူတွေများလာတာ ၊ ရန်ငြှိုးထားသူတွေများလာတာဟာ ကောင်းသလား။ မကောင်းဘူးလို့တွေးရင် ကတုံးပေါ်ထိပ်ကွက်တဲ့အလုပ်တွေ မလုပ်သင့်ဘူးပေါ့။ သူများတွေကို လောဘနောက်လိုက်ပြီး တပတ်ရိုက် လုပ်စားတတ်တာတွေ မလုပ်သင့်ဘူး။ အဲဒီလိုလုပ်သူတွေထဲမှာ မရှိလို့လုပ်တဲ့သူတွေအပြင် ငွေကြေး ၊ အာဏာ ၊ နေရာ ရာထူးကောင်း ရထားသူတွေလည်း လုပ်နေကြတော့ သူတို့ကို လောဘကျေးကျွန်တွေလို့ပဲ ကျွန်မမြင်တယ်။

ဒေါသအလျောက် ပြုမူမိတာတွေကျတော့ စိတ်ဆိုးလို့အော်တာ ၊ ဒီကတဆင့် ခွန်းကြီးခွန်းငယ်စကားများတာ ၊ ရန်ဖြစ်တာ ၊ အငြှိုးထားတာ ၊ ဒီထက်ပိုလာရင်တော့ ချောင်းရိုက်တာ ၊ သတ်တာ နောက်ဆုံး သူ့အကျိုးပျက်စီးအောင်လုပ်ရုံမက သူချစ်တဲ့မိသားစုအပြင် သူနဲ့ပတ်သက်တဲ့သူတွေကိုပါ ဒုက္ခပေးတဲ့အထိ ဒေါသရဲ့အသွားကလည်း ကြောက်စရာကောင်းလှတယ်။ တချို့ဆို ဒေါသအလျောက် ဖြစ်နေတဲ့အခိုက်အတန့်လေးကို ဆင်ခြင်တုံတရားမဲ့သွားလို့ ကိုယ့်မိဘအရင်းကိုသတ်တဲ့အထိ ၊ ကိုယ့်သားသမီးအရင်းကို သတ်တဲ့အထိ ၊ ကိုယ့်သွေးချင်းတွေကို ဒုက္ခပေးတဲ့အထိ ဖြစ်ကြတယ်။

လောဘကြောင့်လည်း ဒီလိုတွေလုပ်နိုင်သလို ဒေါသကြောင့်လည်း ဒီလိုတွေလုပ်နိုင်တယ်။ ဆင်ခြင်တုံတရားမဲ့သွားတယ်ဆိုတဲ့ အကြောင်းရင်းအမှန်ကို ဆန်းစစ်လိုက်တော့ မောဟတွေ ဖုံးလွှမ်းသွားခဲ့တာ။ လောဘတွေဖြစ်လို့ဖြစ်နေမှန်းမသိတာ ၊ ဒေါသတွေဖြစ်လို့ ဖြစ်နေမှန်းမသိတာကို မောဟဖုံးတယ်လို့ အလွယ်မှတ်လိုက်ပါ။ မောဟဖုံးသွားရင် အဲဒီဒေါသ ၊ လောဘတွေဟာ အားကောင်းသထက် အားကောင်းလာပြီး နောက်ဆုံးမှာ ဆင်ခြင်တုံတရားမဲ့တဲ့အလုပ်တွေ ၊ နောင်မှ ဘယ်လိုလုပ်ဖြစ်သွားမှန်းမသိဘူးဆိုတဲ့ ကိုယ့်အမှားကို ယူကျုံးမရစိတ်နဲ့ တသက်လုံး နောင်တရသွားသူတွေလည်း ရှိတယ်။

လောဘ ၊ ဒေါသတွေ စဖြစ်လာချိန်မှာသာ ဖြစ်လို့ ဖြစ်မှန်းသိပြီး မောဟဖုံးမသွားရင် ဒီလောဘနဲ့ ဒေါသတွေ အားကောင်းလာဖို့ဆိုတာ အခွင့်အရေးနည်းတယ်။ မောဟဖုံးမှ လောဘ ၊ ဒေါသတွေ အားကောင်းလာတတ်တဲ့ သဘောရှိတာကိုး။ ပိုပြီးမြင်အောင်ပြောရမယ်ဆို လောဘမီး ၊ ဒေါသမီးတွေ စဖြစ်နေချိန် မောဟက အားကောင်းကောင်းနဲ့ ဖုံးလိုက်တာဟာ မီးကိုဆီနဲ့ပက်လိုက်သလိုပဲ။ ပိုလောင်မြိုက်ဖို့ အခွင့်အရေး ပေးလိုက်တာဖြစ်နေတယ်။ လောဘ ၊ ဒေါသဖြစ်နေချိန်မှာ ဖြစ်လို့ဖြစ်မှန်းသိတဲ့စိတ်ကလေးဟာ သတိပဲ။ ဒီသတိဟာ ဆင်ခြင်တုံတရားကို ဖြစ်စေတာမို့ လောဘ ၊ ဒေါသတွေ ထပ်အားကောင်းဖို့ အခွင့်အရေးမပေးဘူး။

အခုမှ လိုရင်းရောက်တယ်နော်။ ကျွန်မသမီးလေးကို အသက်(၇)နှစ်ဆိုတဲ့အရွယ်မှာ (၉)လုံးပုတီးလေး စစိတ်ခိုင်းတယ်။ ပုတီးစိတ်တယ်ဆိုတာ သမာဓိမြဲအောင်လုပ်တယ်။ အရင်ဆုံး ပုတီးလေးကို (၁)ကနေ(၉)အထိ မှတ်ရီစေပြီး သုံးခေါက်လောက် စိတ်ခိုင်းတယ်။ ပြီးတော့ လောဘ ၊ ဒေါသ ၊ မောဟရဲ့ သလောတရားကို တရက်အချိန်ယူပြီး ကောင်းကောင်း နားလည်တဲ့အထိရှင်းပြတယ်။ နားလည်းသွားတဲ့အခါ လောဘ ၊ ဒေါသ ၊ မောဟကို (၉)လုံးပုတီးနဲ့ တပတ်စီစိတ်ခိုင်းတယ်။

စာလုပ်ရင်း စိတ်မရှည်လာတဲ့အခါ ၊ စန္ဒယားအတီးကျင့်တာမမှန်လို့ စိတ်တိုလာတဲ့အခါ ၊ တခုခုစိတ်တိုင်းမကျတာတွေ့လို့ စိတ်မလိုတဲ့အခါ ဒေါသတွေဖြစ်နေပြီဆိုတာ သတိပေးရင်း ငြိမ်းအေးစေတယ်။ အင်္ဂလိပ်လို မင်းဒေါသနယ်ထဲရောက်နေပြီနော်လို့ သတိပေးလိုက်ရင် သူစိတ်သူပြန်ထိန်းတတ်တယ်။

ဒီလိုပဲ အချိုတွေ ၊ ရေခဲမုန့်တွေ စားသင့်တာထက် ပိုစားချင်တဲ့အခါတွေမှာလည်း လောဘနယ်ထဲရောက်နေပြီလို့ သတိပေးဖြစ်တယ်။ ဒီလိုအသေးစိတ်လေးတွေကနေ သတိပေးဖြစ် ၊ ကိုးလိုးပုတီးလေးနဲ့ဆိုလိုရင်း အဓိပ္ပါယ်သိပြီး စိတ်ဖြစ်နေတော့ ဒါတွေ ဝင်လာရင် အမှုမဲ့ ၊ အမှတ်မဲ့နေပြီး မောဟဖုံးသွားတဲ့အထိ ဖြစ်မလာအောင် သတိပေး လေ့ကျင့်ဖြစ်တာ။

လောဘအကျိုး ၊ မိမိအကျိုး ၊ သူတပါးအကျိုးစီးပွား မပျက်ရာမပျက်ကြောင်း ၊ တိုးပွားရာတိုးပွားကြောင်း တရားတွေကို စလေ့ကျင့်တဲ့အချိန်ဟာ ကလေးကောင်းကောင်း သိတတ်နားလည်လာပြီဖြစ်တဲ့ (၆)နှစ်(၇)နှစ် နုစဉ်အခါ ၊ ဆင်ခြင်တုံတရားတွေ အားကောင်းလာစအရွယ်ကတည်းက လေ့ကျင့်ပေးထားရင် အသက်(၁၀)နှစ် ဆယ်ကျော်သက်အရွယ်မှာ အတော် အားကောင်းနေပြီပေါ့။

ကျွန်မတို့ အမှားတွေ အများကြီး စမှားဖြစ်ကြတာ ဆယ်ကျော်သက်အရွယ်မှာ စဖြစ်ကြတယ်။ လူက စိတ်တက်စအရွယ် ငါလူရာဝင်ပြီဆိုတာကိုလည်း ပြချင်လာတဲ့အရွယ် လူပျို ၊ အပျိုဝင်စဆို အစွယ်လေးထွက်လာပြီမို့ အစွယ်လေး တငေါငေါနဲ့ လူကြီးမိဘတွေက မလုပ်နဲ့ဆိုတာကို ပိုလက်တည့်စမ်းချင်စိတ် ၊ ပိုတွန်းလှန်လိုစိတ်တွေ သဘာဝအလျောက်ဖြစ်လာတတ်တယ်။ ငါကလေးမဟုတ်တော့ဘူး။ ငါအရွယ်ရောက်လာပြီဆိုတာကို ဒီလိုနည်းနဲ့ပြ ၊ ဟိုလိုနည်းနဲ့ပြရင်း လောဘ၊ ဒေါသ ၊ မောဟဆိုတာတွေဟာ ငယ်ရွယ်ပြီး ဆင်ခြင်တုံတရားအားနည်းသေးတဲ့ ဒီအရွယ်ကတည်းက စဖုံးလွှမ်းသွားပြီဆို မခက်ပေဘူးလား။

ဒီအချိန်မှ လောဘ ၊ ဒေါသ ၊ မောဟဆိုတာကို Intro ဝင်ပြီး ရှင်းပြရင်း နားလည်ပါ့မလား။ နားထောင်ပါ့မလား ။ လက်ခံပါ့မလား။ အမှားကို အမှားမှန်းမသိဘဲ လုပ်ကျင့်ဖြစ်သွားရင် အမှန်လုပ်ကျင့် ပြန်လုပ်ပေးဖို့ ခက်လိမ့်မယ်။ အမှားတွေနဲ့ ခေါက်ရိုးကျိုးနေရင် ပိုခက်နေမှာပေါ့နော်။ တဘဝလုံး မပြင်မချင်း ဆက်မှားသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ တခါတလေ နောက်ကျမှ ဒါကြီးမှားမှန်းသိပေမယ့် တသက်လုံးမှားလာတာ ခုမှတော့ မထူးတော့ပါဘူး။ လုပ်နေကျအတိုင်းပဲ ဆက်လုပ်မယ်ဆိုတဲ့ လူကြီးတွေကိုလည်း မြင်ဖူးတယ်။

တကယ်ဆို မူလတန်းအရွယ်ကတည်းက ဒါတွေကို သေချာနားလည်သဘောပေါက်အောင် အကျင့်ကောင်းတွေလေ့ကျင့်ပေးပြီး မကောင်းတာတွေကို သတိလေးနဲ့ ရှောင်စေမယ်ဆိုရင် အနာဂါတ်မျိုးဆက်တွေအတွက် အရမ်းကောင်းမှာပဲလို့ တွေးမိပြီး ဒီစာလေးတွေ ကျွန်မရေးဖြစ်တာပါ။ ခုဆို ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်ပြီး ကလေးကို ကျွန်မသင်ပေးတဲ့ အကြောင်းအရာလေးတွေ ကျွန်မရေးလာတာ အပိုင်း(၁၀)ပိုင်းအထိ ရှိလာပြီ။

ကျွန်မကိုယ်တိုင်လည်း ကျန်းမာရေးချူချာတဲ့သူ ၊ ဒါ့အပြင် မျက်မမြင်တပိုင်းနီးပါးဖြစ်သွားတဲ့ အမေအိုကို ပြုစုလုပ်ကိုင်လုပ်ကျွေးမွေးရတဲ့တာဝန် ၊ အသက်(၇)နှစ်အရွယ် အညွန့်တလူလူနဲ့ တက်သစ်စ သမီးလေးရဲ့ ကျောင်းစာ ၊ ပြင်ပအတတ်ပညာတွေကို ဒိုင်ခံ Guide လုပ်ပေးနေရတဲ့တာဝန် ၊ အိမ်ရှင်မတစ်ဦးရဲ့တာဝန် စသဖြင့် ကျွန်မဟာ မအားလပ်ပါဘူး။ ဒါကြောင့်လည်း ကျွန်မ Burmese Hearts မှာ စာရေးတာကို နားထားတာ။ ကျွန်မကိုယ်တိုင် ပုတီးစိတ် ၊ တရားထိုင် ၊ တရားနာမယ့်အချိန်ကို ဒီဘက်မှာ စာရေးရင်းဖဲ့ပေးဖြစ်ခဲ့တာပါ။ ဘယ်လောက်အလုပ်များများ မိမိစိတ်ငြိမ်းချမ်းမှုအတွက် တရားအရိပ်ကို နေ့စဉ်အားထုတ်ရှာချင်သေးတယ်။

နောက်လာမယ့် ပို့စ်တစ်ခုပြီးရင်တော့ ကျွန်မဒီလိုစာအရှည်ကြီးရေးတာကို နားဦးမယ်။ ကျွန်မစာရေးတာ နာမည်ကြီးချင်လို့မဟုတ်ဘူး။ ဝင်ငွေဖန်တီးဖို့လည်းမဟုတ်ဘူး။ မိမိသိတာ တပါးသူသိပြီး အကျိုးများစေဖို့ ၊ မိမိကျင့်တာ တပါးသူကျင့်ပြီး အကျိုးများစေဖို့ရည်ရွယ်လို့  ကိုယ့်သမီးလေးကို ဒါလေးတွေသင်ပြလို့တိုးတက်သွားရင် ကျွန်မစာကို အားပေးဖတ်ရှုခဲ့ဖူးတဲ့ စာဖတ်သူတွေကို သတိရတယ်။ မျှဝေပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ အဲဒီလိုပေါ်လာတဲ့အချိန် ပေါ်လာတဲ့ အကြောင်းအရာကို ချရေးထားဖြစ်ရင်းက အခုလို အပိုင်း(၁၁)ပိုင်းလောက်ရှိသလောက်မှာ ပြန်ရေးဖြစ်တာ။

အပိုင်း(၁၁)ပြီးသွားရင်တော့ အကြောင်းထွေထူးမပေါ်လာရင် စာရှည်ကြီးတွေရေးတာနားမယ်လို့ ကြိုပြောထားတာပါ။ စာဖတ်သူတွေကို ရေးလိုက် ၊ မရေးလိုက်နဲ့ မလေးမစားလုပ်သလို ဖြစ်နေမှာစိုးလို့ ဒါတွေပြောပြဖြစ်တာပါ။ ကျွန်မစာတွေဖတ်ရှုသူတွေ တစ်ဦးတစ်ယောက်ချင်းစီကို အရမ်းလေးစားပါတယ်။ ကျွန်မစာတွေဖတ်ပြီး အကျိုးစီးပွားတွေ ပိုမိဖြစ်ထွန်းကြစေဖို့လည်း ဆုတောင်းပေးပါတယ်။ နောင်အဆင်ပြေရင် စာတွေအများကြီးရေးဖို့ အားမွေးထားမယ်လေနော်။

ရတု  (Burmesehearts.com)

You might also like