Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁)

ကိုယ်ချင်းစာနာစိတ်

0

ကျွန်မ စာမရေးဖြစ်တာအတော်ကြာပြီ။ ၂၀၁၂ခုနှစ်မှာ ကျွန်မ စာစရေးဖြစ်ရခြင်းအကြောင်းက ကိုယ်ဝန်စောင့်ရှောက်နည်း ၊ မွေးဖွားချိန်ကြုံရမယ့်အခက်အခဲတွေ ၊ မွေးဖွားပြီးကြုံရမယ့် အခက်အခဲတွေ ၊ သားသမီးကို ဘယ်လိုပြုစုပျိုးထောင် ဆုံးမသွားမလဲ ၊ သားဆက်ခြားမယ့်အစီအစဉ်တွေ  စသဖြင့်ကို အွန်လိုင်းပေါ်မှာ မြန်မာဘာသာနဲ့ရေးထားတာ ရှာမရတဲ့အတွက် ကိုယ်ဖတ်မိမှတ်သားထားသလောက်တွေ သူများတွေရှာလို့ရစေချင်တဲ့ စေတနာနဲ့ စရေးဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ်ရေးထားတာတွေ စုံသလောက်များနေတာရော ၊ ကိုယ်လိုပဲ ရေးတဲ့သူတွေများလာတာရော ၊ အခြားဘက် အချိန်ပေးရမယ့် ကိစ္စ တွေ ရှိနေတာရောကြောင့် စာမရေးဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီ။ အခုနောက်ပိုင်း ရေးချင်တာတွေကျတော့ ဖတ်မှတ်ခဲ့တာတွေကို ရေးတာမျိုးမဟုတ်ဘဲ ကိုယ်တွေ့တွေကို ရေးချင်လာတာ။

ဥပမာ – ကျွန်မရဲ့ သမီးလေးကို ဘယ်လိုဆုံးမသလဲဆိုတာကို အပေါ်ယံပြောပြတာမျိုးမဟုတ်ဘဲ ဒီလိုဆုံးမလို့ ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတာကို ရေးချင်လာတာ။ ကိုယ်တိုင်အကျိုးရှိတာမို့ သူများတွေကိုလည်း အကျိုးရှိစေချင်တဲ့စေတနာ ဗရပွနဲ့  ကိုယ်နားချိန်လေးဖဲ့ စာရေးချင်လာတာ။

ဆေးပညာမှာ ဒီဆေးကို ဈေးကွက်ထဲ မချခင် အပြန်ပြန်အလှန်လှန်စမ်းသပ် ၊ အချိန်အတိုင်းအတာတခုအထိ စောင့်ကြည့်ပြီး စိတ်ချရတော့မှ အများသူငါသုံးဖို့ ဈေးကွက်ထဲဖြန့်သလိုမျိုး ကျွန်မ ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေဟာ ရေရှည်မှာ ကလေးကို ဘယ်လို ကောင်ကျိုး ၊ ဆိုးကျိုး ဖြစ်စေသလဲဆိုတာ စောင့်ကြည့် မှတ်သားပြီးတော့မှ ခုလိုစာရေးဖြစ်ခဲ့တာပါ။

မိဘတိုင်းက သူ့နည်း သူ့ဟန်နဲ့ ကိုယ့်သားသမီးကို ဆုံးမသွန်သင်ကြပါတယ်။ ဘယ်လိုပဲ ဆုံးမရမယ်လို့ သွားကန့်သတ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် ဒီလိုလေး ဆုံးမရင် ဒီလို အကျိုးကျေးဇူးတွေ ရှိလာတယ်လို့ ဖတ်မိမှတ်သားဖြစ်ရင်တော့ ဆုံးမပုံ ဆုံးမနည်းတွေ ပြောင်းလာမယ်ထင်တယ်။ သားသမီးကို ကောင်းစေချင်တဲ့မိဘပဲရှိမယ်လို့ ကျွန်မယုံတယ်။

ကျွန်မဟာ ဗုဒ္ဒဘာသာဝင် အမျိုးသမီးမို့ ကျွန်မသမီးလေးဟာလည်း ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာဝင်တွေမို့ ဗုဒ္ဓတရားတော်ကို အခြေခံပြီး ကျွန်မဆုံးမလေ့ရှိပါတယ်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် ဆက်ဖတ်ဖြစ်လို့ မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ကျွန်မသမီးလေး တစ်နှစ်အောက် အရွယ်ကတည်းက ကျွန်မတစ်ခုကို  ထပ်ခါထပ်ခါ ဆုံးမလေ့ရှိတယ်။ အဲဒါကတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့ပါ။ ကိုယ်ချင်းစာပါလို့ ဒီအတိုင်းပြောရင် ကလေးက ဘယ်နားလည်မလဲ။  ကောင်းစွာနားမလည်ရင် လိုက်နာမှာ မဟုတ်ဘူးနော်။ ဒီတော့ သူနားလည်မယ့်စကားလုံးတွေကို သုံးပြီး ပြောရတယ်။

တစ်နှစ်အောက်ကလေးကို ကျွန်မသင်တဲ့ ကိုယ်ချင်းစာတရားက (ကိုယ့်ကို ဒီလိုပြောရင်ကြိုက်လား ?  မကြိုက်ရင် သူများကို ဒီလိုမျိုးမပြောရဘူး။ ကိုယ့်ကို ဒီလိုလုပ်ရင်ကြိုက်လား ?  မကြိုက်ရင် သူများကိုလည်း မလုပ်ရဘူး။ ကိုယ့်ကို ချိုချိုပြောဆိုတာကြိုက်ရင် သူများကိုလည်း စကားချိုချိုပြော ၊ ကိုယ်ကြိုက်တဲ့ နူးညံ့ညင်သာတဲ့အပြုအမူ ၊ ကြင်နာတဲ့လုပ်ရပ်တွေကို သူများတွေကို ကိုယ်ကအရင် ပြုမူပြောဆိုပါ။) ဒါကို အခေါက်ခေါက်အခါခါ နေ့စဉ်လိုလို ကြုံတိုင်း သင်ပြဖြစ်တယ်။

ရလဒ်က ကျွန်မသမီးလေးဟာ ဘယ်တုန်းကမှ တခြားကလေးတွေကို ရိုက်ပုတ်တာ ၊ ကိုက်တာ ၊ တွန်းချတာ ၊ အနိုင်ကျင့်တာမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဒီလိုကလေးတွေကို ကြုံဆုံလာတဲ့အခါမှာ သူတို့အနိုင်ကျင့်တာ ၊ ကိုယ်ချင်းမစာတာကို ကစားချိန်တွေ့တဲ့ခဏလေး ကြုံရရင် ဘာလို့ အဲဒီလို လုပ်တာလဲလို့ ပြန်မေးလေ့ရှိတယ်။

သမီးကို သူတို့လုပ်တဲ့အခါ သမီးကြိုက်လား။ မကြိုက်တော့ သူတို့နဲ့ ဆက်ကစားချင်သလား။ ကလေးက မကြိုက်ဘူး။ အဲလိုချည်း အနိုင်ကျင့်နေရင် ဆက်မကစားချင်ဘူးလို့ ပြောတော့ အဲဒါအဖြေပဲ။ ဒီလိုအနိုင်ကျင့်ပြုမူပြီး ကိုယ်ချင်းစာစိတ်မထားတဲ့ ကလေးတွေ ဒီအကျင့်ကြီးနဲ့ ကြီးလာရင် သူတို့မှာ အပေါင်းအသင်းကောင်းတွေ ရှားလာပြီး သူတို့ကို ကြောက်ရွံ့ရှောင်ကြဉ်သူတွေ များလာတတ်တယ်။ ဒီအကျင့်ကြီးနဲ့ ဆက်သွားမယ်ဆို လူဆိုး ၊ လူဆိုးမလေးတွေလို့ ကွယ်ရာမှာ ရွယ်တူနဲ့ အများက သမုတ်တာလည်း ခံရနိုင်တယ်။

လူဆိုးနဲ့ ပြိုင်ပြီး ရန်ဖြစ်ခံသတ်နေမယ်ဆို ကိုယ်တိုင်ကလည်း သူ့အမူအကျင့်တွေအတိုင်း တန်ပြန်လုပ်မိတာမို့ မကောင်းတာတွေ လုပ်ဖြစ်နေတတ်တယ်။

ဒီလူကိုယ့်အပေါ် မကောင်းဘူးဆိုတာသိရင် (ကိုယ်တိုင်လည်း အခါခါ မငိုချင်ဘူးဆိုရင်) ဒီလိုလူတွေကို ရှောင်ပေါင်းသင့်တယ်။ ဒါမှ ကိုယ်ဟာ မငိုရတော့မှာ။ မကောင်းတဲ့သူနဲ့ ပေါင်းနေသမျှ သူနဲ့ မကောင်းတာတွေ လုပ်ရင်လုပ် (ဒါမှမဟုတ်) သူလုပ်တာတွေကို စိတ်မချမ်းမသာနဲ့ အလုပ်ခံနေရမယ်လို့ပြောတယ်။ ဒါဟာ တစ်ခါပဲပြောဆိုဆုံးမတာမျိုးမဟုတ်ဘဲ ကြုံတိုင်း ပြောဆိုဆုံးမတာမျိုးမို့ အခါခါနားဝင်သွားတာပေါ့။

ရလဒ်က သမီးဟာ တခြားကလေးတွေနဲ့ ရန်ဖြစ်ကုတ်ဆွဲတာမျိုးတွေ ၊ စောင်မြောင်းပြောဆိုတာမျိုးတွေကို ရနှစ်ကျော်လာတဲ့ ယခုအချိန်အထိ မရှိတာပါပဲ။ ဆိုဆုံးမတယ်ဆိုတာ အော်ကြီးဟစ်ကျယ်ပြောတာမျိုး ၊ ဆဲရေးပြောတာမျိုးတွေမဟုတ်ပါဘူး။ နားဝင်အောင်နဲ့ တကယ်ကို ရိုးတွင်းချဉ်စီအထိ နားလည် သဘောပေါက် လက်ခံကျင့်သုံးသွားတဲ့အထိ ဆုံးမသွန်သင်ရတာပါ။

တကယ်နားလည်ရင် တကယ်ကျင့်တယ်။ မကျင့်သေးဘူးဆို ကိုယ်တိုင်က နားလည်အောင် မဆုံးမနိုင်သေးဘူးလို့ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်ပါ။ 

ဒီလိုပုံစံမျိုးနဲ့ နားမလည်ရင် ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုနားလည်အောင် ဆုံးမသွန်သင်မလဲဆိုတာလည်း ဥာဏ်ကြီးကြီးနဲ့ တွေးဆရမှာပါ။ ဆုံးမပုံမမှန်ရင် လမ်းလွဲသွားတတ်တယ်။ လမ်းလွဲတယ်ဆိုတာ သူ့မကြိုက်တဲ့နည်းနဲ့ ဆုံးမတတ်တဲ့ကိုယ့်ကို မကျေနပ်တဲ့ အငုံစိတ်နဲ့ ကိုယ်သွားစေချင်လို့ ဆုံးမတဲ့လမ်းကို သူကမသွားဘဲ ဆန့်ကျင်ဘက်လမ်းကို အရွဲ့တိုက်သွားတာမျိုးပါ။ အဲဒါ အန္တရာယ်ကြီးတယ်။ အဲဒီအငုံစိတ်ကြီးနဲ့ ကြီးပြင်းသွားရင် ခက်ပြီ။ ဆုံးမရခက်သလို မဖြစ်စေချင်တာချည်း သားသမီးမှာ ဖြစ်နေတတ်တော့ စိတ်အဆင်းရဲရဆုံးဟာ ကိုယ်ပဲဖြစ်နေမှာပါ။

ကိုယ့်သားသမီး ကိုယ့်စိတ်ကြိုက်ဆုံးမခွင့်ရှိတယ်ဆိုပေမယ့် ကိုယ်ဆုံးမနည်း မှန်မမှန်ကို ပြန်သုံးသပ်ဖို့ ကိုယ့်သားသမီးဟာ ကိုယ်ဆုံးမတဲ့အတိုင်း လိမ္မာရေးခြားရှိသလား။ ငယ်သေးတဲ့အရွယ် မိဘရှေ့ ကြောက်လို့သာ ရှေ့တင်လိမ်မာပြနေတာ ကွယ်ရင် ဆိုးသွမ်းနေတာမျိုးဆိုရင်တော့ ကိုယ်ဆုံးမနည်းမမှန်သေးဘူးလို့သာမှတ်ပါ။ ဒီအခါ တိုးပြီးရိုက်နှက်ဆဲဆိုဆုံးမတာထက် ဘယ်လို သူနားလည်အောင် ဆိုဆုံးမသွားမလဲဆိုတာ အစောဆုံး ပြင်ဆင်ဆုံးမနိုင်လေ ကလေးအတွက်ကောင်းလေပါ။

ဆုံးမစရာတွေအများကြီးထဲကမှ ဘာလို့ကိုယ်ချင်းစာစိတ်ကို ပထမဦးစားပေး ကျွန်မဆုံးမသလဲဆိုရင် လူ့ဘဝမှာ လူပီသစွာနေထိုင်သွားဖို့ဆိုတာ အရင်ဆုံးကိုယ်ချင်းစာစိတ်ကလေး လက်ကိုင်ထားပြီး နေထိုင်ပြောဆိုကျင့်သုံးသွားပါမှ မိမိကိုယ်အတွက်ကော အများအကျိုးအတွက်ပါ ကောင်းမယ်လို့ ကျွန်မယုံကြည်လို့ ဖြစ်ပါတယ်။

ကိုယ်ချင်းစာစိတ်တွေ မရှိသူတွေ များနေသမျှ ခိုးယူလုယက်တာ ၊ ညှဉ်းဆဲသတ်ဖြတ်တာ ၊ နိုင်ထက်ကလူပြုမူတာ ၊ အကျိုးယုတ်အောင် ပြုမူတာ၊ စစ်မက်ဖြစ်ပွားတာ စသဖြင့်သော အဆိုးတွေဟာ လူ့လောကကြီးမှာ ဖြစ်ပျက်နေဦးမှာပဲ။ ရက်စက်ကြမ်းကြုတ်သူတိုင်းဟာ ကိုယ်ချင်းစာစိတ်မရှိကြဘူးလို့ ကျွန်မပြောရင် မမှားလောက်ပါဘူးနော်။ ဒါကြောင့် ကိုယ်ချင်းစာစိတ်ကို ဗုဒ္ဓဘာသာရဲ့ ပထမဆုံးအခြေခံအုတ်မြစ်အဖြစ် ကျွန်မက လက်ကိုင်ထားတယ်။ ဒါကြောင့်လည်း သမီးလေးကို ဒါလေးက စသင်လိုက်တာပါ။

ကျွန်မသမီးလေးကို ဗုဒ္ဓဘာသာရဲ့ တရားတော်တွေကို အခြေခံလို့ ဘယ်လိုဆုံးမပြီး ယဉ်ကျေးလိမ်မာစေသလဲဆိုတာ ဝေမျှရင်း နောင်ပို့စ်တွေမှာ ပြန်တွေ့ကြတာပေါ့နော်။ ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ စာဖတ်သူတို့ရဲ့ ငယ်ရွယ်တဲ့ သားသမီး ၊ တူနဲ့တူမတွေဟာလည်း ကိုယ်ချင်းစာတရား ကိုယ်စီကိုယ်စီနဲ့ မိမိနှင့်တကွ လောကအကျိုးပြုနိုင်တဲ့ ကလေးငယ်များ ဖြစ်ကြဖို့ ဆုမွန်ကောင်းတောင်းရင်း …..

ရတု (Burmesehearts.com)

You might also like