Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးမိခင်များကို နားလည်မှုပေးပါ – BurmeseHearts

ကလေးမိခင်များကို နားလည်မှုပေးပါ

0

ကလေးမိခင်ဆိုတာ လက်ထဲပိုက်ထားတာလည်း တာဝန် ၊ ဘေး ဘယ်ညာနဲ့ အရှေ့ အနောက် အပေါ်အောက် ကြည့်လိုက်ရင်လည်း တာဝန်တွေပါ။
ကလေးမိခင်ဆိုတာ လက်ထဲပိုက်ထားတာလည်း တာဝန် ၊ ဘေး ဘယ်ညာ ၊ အရှေ့ အနောက် နဲ့ အပေါ်အောက် ကြည့်လိုက်ရင်လည်း တာဝန်တွေပါ။

ကျွန်မတို့ မြန်မာလူမှုဝန်းကျင်မှာ “ကလေးအမေ” ဆိုတဲ့စကားကြားလိုက်တာနဲ့ ဗြုတ်စဗြင်းတောင်း နိုင်သောသူ ၊ ကပိုကရိုနေသူ စသဖြင့် သွားမြင်လိုက်ပါတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် “ကလေးအမေနဲ့ တူလိုက်တာ ၊ ကလေးအမေကျနေတာပဲ” ဆိုတဲ့စကားမှာ နာသွားပြီ။ ကိုယ့်ကို “ကလေးအမေ” နဲ့ ခိုင်းနှိုင်းရင် မကောင်းဘူးဆိုတဲ့အသိနဲ့ နာသွားတာပါ။ ဒီလိုဆို သွယ်ဝိုက်သောအားဖြင့် ကလေးအမေတွေဟာ မကောင်းဘူးလို့ ဆိုလိုက်သလိုပါပဲ။

မသိတတ်တဲ့သားသမီးတွေကို ဆုံးမရင် “ကိုယ်တိုင် အိမ်ထောင်ကျမှ သိမယ် ၊ ကလေးရမှသိမယ်” လို့ ဆုံးမတတ်ကြပါတယ်။ ဒါကိုက အိမ်ထောင့်တာဝန် ၊ ကလေးတာဝန်ဟာ တော်ရုံလူတွေအတွက် လွယ်တဲ့ကိစ္စမဟုတ်ဘဲ ဒီတာဝန်တွေထမ်းရတဲ့သူဟာ “သားကျွေးမှု ၊ မယားကျွေးမှု” ဆိုတဲ့စကားနဲ့ ဘဝအကြောင်းပိုသိလာတယ်။ တနည်းအားဖြင့် ဘဝထဲ ကျင်လည်နေထိုင်မှုမှာ ပိုလေးနက်တဲ့ အတွေးအခေါ် ၊ အပြောအဆို နဲ့ လုပ်ကိုင်မှုတွေ ရှိလာတယ်။

ကလေးအမေတွေဟာ ကြီးလေးလှတဲ့ သားသမီးထိန်းကျောင်း ပဲ့ပြင်ခြင်းဆိုတဲ့ နေ့တဓူဝတာဝန်နဲ့ များမြောင်လှတဲ့ အိမ်ရှင်မတာဝန်တွေကို တချိန်တည်း ၊ တပြိုင်တည်းမှာ ထမ်းနေရသူပါ။ ကိုယ်တိုင်လည်းကလေးထိန်း ၊ စီးပွားလည်းရှာ ၊ အိမ်မှုကိစ္စလည်းလုပ်နေရတဲ့ ကလေးအမေတွေဟာ စိတ်များ ၊ ကိုယ်များ ၊ အလုပ်တွေများလွန်းတော့ တကိုယ်ရည်သန့်ရှင်းသပ်ရပ်စွာ နေထိုင်ရေးဆိုတဲ့ တာဝန်မှာ လစ်ဟင်းလာပါတယ်။ သားသမီးတာဝန် ၊ ခင်ပွန်းတာဝန် ၊ အိမ်မှုကိစ္စတာဝန်တွေ လုပ်ကိုင်ရင်း ကိုယ့်အရေးကိုယ်လုပ်ဖို့ အချိန်မပေးနိုင်တော့တာ ၊ ကိုယ့်အရေးဟာ ခင်ပွန်းနဲ့ သားသမီးတွေ အရေးလောက် အရေးမကြီးနိုင်တော့တာကို သက်သေခံနေပါတယ်။

အမျိုးသမီးအများစုက ဘယ်အရွယ်မဆို လှလှပပ ၊ ကျော့ကျော့မော့မော့လေး အများငေးရတဲ့ အခြေအနေမှာပဲ အမြဲနေချင်တာပေါ့။ မယုံရင် ပျိုပျို ၊ အိုအို ၊ ကလေးအမေနဲ့ အရွယ်လွန် အမျိုးသမီးတွေအထိ သွားမေးပါ။ အများစုဟာ ဒီလို လှလှပပ ၊ ကျော့ကျော့မော့မော့လေးပဲ နေချင်ကြတယ်။ ကိုယ့်ဆန္ဒကို နောက်မှာထားလို့ သူများဆန္ဒကို ရှေ့တန်းတင် လုပ်ပေးနိုင်လွန်းသူဆိုတဲ့ မြင့်မြတ်တဲ့ သူတော်ကောင်းအကျင့်ကို နိစ္စဓူဝကျင့်နေသူတွေက အများတကာ အထင်သေးခံရတဲ့ ကလေးအမေ (မိခင်)တွေပါ။

ဒီလို ကိုယ့်ဆန္ဒကိုနောက်ထားပြီး သားသမီးတာဝန် ၊ ခင်ပွန်းတာဝန် ၊ အိမ်မှုကိစ္စတာဝန်တွေကို ရှေ့တန်းတင် ဦးစားပေးလုပ်ကိုင်နေတဲ့ မိခင်တွေရဲ့ တာဝန်ဟာ မိခင်နေရာရောက်သူတိုင်းပဲ နားလည်နိုင်ပါတယ်။ အထူးသဖြင့် တို့လို့တွဲလောင်းအရွယ်လို့ ပြောကြတဲ့ နို့စို့အရွယ် ကလေးရှိသူ မိခင်တွေဟာ ဒီတာဝန်တွေနဲ့ပိပြီး ရေမိုးချိုး အလှပြင်လို့ ကျော့ကျော့မော့မော့နေဖို့ နေနေသာသာ ကိုယ်တိုင်ဆီးသွားဖို့ ၊ ဝမ်းသွားဖို့မေ့တတ်ကြပါတယ်။ ရေချိုးရင်း အိပ်နေတဲ့ ကလေးအသံကိုနားစွင့်ရတာ ၊ ကလေးအသံကြားတာနဲ့ ဆပ်ပြာတန်းလန်းနဲ့ ပြေးချီရတာ ၊ ထမင်းဟင်းချက်ရင်း ကလေးထိန်းရတာ ၊ ကလေးထိန်းရင်း ဟင်းရွက်သင်လို့ ဆန်ရွေးရတာ စသဖြင့် (Multi task)လို့ခေါ်တဲ့ နှစ်လုပ်သုံးလုပ် ၊ တခါတလေ လေးငါးလုပ် တပြိုင်နက် လုပ်နေရတဲ့ သူတို့တွေဟာ စိတ်ဖိစီးမှု ခံနေရသူတွေပါ။

တကယ်ဆို ကလေးမိဘတွေရဲ့တာဝန်ဟာ တနေ့ ၊ တရက် ၊ တလ ၊ တနှစ် ထမ်းဆောင်ရုံနဲ့ ပြီးဆုံးသွားတာမျိုးမဟုတ်ဘဲ ကလေးသူ့ခြေထောက်ပေါ် သူမရပ်တည်နေသေးသရွေ့ တာဝန်ရှိနေတာမျိုးပါ။ ကလေးအမေဖြစ်သွားတဲ့ ကိုယ့်ဇနီးက ဖိုသီဖတ်သီဖြစ်သွားရင် မငြိုငြင်ပါနဲ့။ ကိုယ်ချစ်လို့ယူထားတဲ့ဇနီး အနားယူနိုင်ဖို့ ကိုယ့်သွေးသားဖြစ်တဲ့ ကလေးကို ကူထိန်းပေးလိုက်ပါ။ ဒီလိုကူထိန်းပေးတဲ့အချိန်မှာ သူမဟာ အိပ်နေမယ်ဆိုရင် အပြစ်တင်မစောပါနဲ့ဦး ။ သူမဟာ ကိုယ်ကလေးထိန်းပေးမှ ပင်ပန်းသမျှ အတိုးချပြီး အနားယူအိပ်စက်နိုင်တာပါ။ ကိုယ်ကလေးထိန်းနေချိန် သူက ထမင်းဟင်းချက်နေတယ် ၊ အိမ်မှုကိစ္စလုပ်နေတယ်ဆိုရင် မပြီးသေးဘူးလား အပြစ်တင်မစောပါနဲ့ဦး ။ သူလဲတကုပ်ကုပ်နဲ့ မပြီးမစီးဘယ်လုပ်ချင်ပါ့မလဲ။ ကလေးထိန်းပေးမယ့်သူရှိနေတုန်း လုပ်စရာပုံနေတာတွေ လုပ်နေတယ်လို့ နားလည်ပေးလိုက်ပါ။ တကယ်ဆို ကလေးမိခင်တွေဟာ ကလေးထိန်းပေးတဲ့ အိမ်သားအကူအညီတွေရှိပါမှ တခြားလုပ်စရာရှိတာတွေ လုပ်ခွင့်ရပြီး ဒီအလုပ်တွေပြီးပါမှ ရေချိုး ၊ သနပ်ခါးလိမ်းဆိုတဲ့အမှုကိစ္စကို ဖြစ်သလိုနဲ့ ခပ်မြန်မြန် ပြီးလိုက်ရတာမျိုးပါ။

မိခင်တွေထဲမှာမှ အထူးသဖြင့် နို့စို့အရွယ် ကလေးမိခင်တွေဟာ စိတ်ဖိစီးမှု ကြီးမားလွန်းသူတွေလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ မိခင်မေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ ဘယ်လောက်ကြီးမားသလဲဆိုရင် နို့စို့ကလေးတိုင်းကို သူတို့ကလေးလို ခံစားနားလည်ပေးနိုင်တဲ့အထိ ကြီးမားလှပါတယ်။ ဒါကို ဘယ်လိုသိနိုင်မလဲ။ နို့တိုက်ကလေးမိခင်တွေဟာ နို့စို့အရွယ်ကလေး ငိုနေသံကြားရင် ကိုယ့်ကလေးမဟုတ်ပေမယ့် နို့တွေသက်လာတတ်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတာပါ။ ဒီလောက်အထိ သူတို့ဟာ မိခင်စိတ်ကြီးမားလှပါတယ်။

မိခင်စိတ်ကြီးမားလှတဲ့ နို့တိုက်ကလေးမိခင်တို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုအထွေထွေက ကလေးငိုသံကြားရုံနဲ့ သူတို့စိတ်တွေနောက်ကျိ ထိုင်းမှိုင်းလာတတ်တယ် ၊ စိတ်တိုတောင်းလွယ်ပြီး ရန်လိုတတ်ကြတယ်။ ဒါကို သားစိတ်တက်တဲ့ မိခင်တွေလို့လဲ ဆိုတတ်ပါတယ်။ ကလေးအိပ်ချိန် ဆူညံသံတွေကြောင့် ကလေးဟာ မအိပ်နိုင်ဘဲ ငိုနေရင် သူတို့ဟာ အလိုလိုစိတ်တို ရန်လိုနေပြီ ။ ငိုနေတဲ့ကလေးကို ငိုရကောင်းလားလို့ ရိုက်နှက်ဆူပူပြီး မှားယွင်းစွာ စိတ်ထွက်ပေါက်ပေးရင်ပေး ၊ ဒီလိုမှမဟုတ်ရင် ဆူလှချည်ရဲ့လို့ ဆူတဲ့သူဘက် လှည့်ရန်လုပ်ဖို့ တာဆူနေပြီလေ။ တကယ်ဆို ကလေးငိုတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုကြောင့် ဒီလိုဖြစ်လာတာပါ။

အထူးသဖြင့် မွေးပြီး တစ်နှစ်အောက်အရွယ် နို့စို့ကလေးရှိသူတွေဟာ စိတ်ဖိစီးမှု ပိုခံရလေ့ရှိပါတယ်။ ဒီအချိန်မှာ သားစိတ်ပိုတက်နေသလိုပါပဲ။ တစ်နှစ်ကျော်အရွယ် ကလေးငိုနေတာကို စိတ်ဖိစီးမှုခံစားရတဲ့ နို့တိုက်မိခင်နဲ့ တစ်နှစ်အောက်ကလေးငိုနေတာကို စိတ်ဖိစီးမှုခံစားရတဲ့ နို့တိုက်မိခင်တွေရဲ့ စိတ်ဖိစီးမှုအတိုင်းအတာဟာ မတူညီပါဘူး။ တစ်နှစ်ကျော်အရွယ်တွေကို ငိုနေရင် ဘယ်လိုချော့ရမယ် ၊ ဘာတွေနဲ့ သူ့စိတ်ကို အာရုံပြောင်းစေမလဲ ၊ အငိုတိတ်စေနိုင်တဲ့ ကစားစရာပစ္စည်းအမျိုးမျိုး ၊ တေးသီချင်းသံစဉ်တွေ ၊ အခြားပစ္စည်းတွေနဲ့ အာရုံပြောင်းလို့ရတယ်ဆိုတော့ မိခင်တွေမှာ ဒီလောက်အထိ စိတ်ဖိစီးမှု မခံကြရဘူး။ တစ်နှစ်အောက် ကလေးတွေ ငိုနေပြီဆိုရင်တော့ နို့နဲ့ချော့မရ ၊ ချီလဲမတိတ် ၊ ချော့သိပ်လည်းမရ ၊ အာရုံပြောင်းလည်းမရလို့ ကလေးငိုရတဲ့အကြောင်း လိုက်ရှာရင်း တခြားသူကြောင့်ဆိုရင်တော့ မိခင်ဟာ ရန်လိုပြီလေ။

တရိစ္ဆာန်တွေတောင်မှ အရွယ်မမယ်သေးတဲ့ သူတို့သားသမီးကို ရန်ပြုနိုင်တယ်လို့ ခံစားရရင် တခြားသူ ရန်မပြုခင်ကတည်းက သူကစ ရန်ပြုတတ်ကြတယ်။ လူသားမိခင်တွေဟာလည်း ခံစားတတ်သူတွေမို့ အတူတူပါပဲ။ သားစိတ်တက်နေတော့ ဒီစိတ်ဖိစီးမှုကြောင့် ကလေးကိုငိုစေတဲ့လူတွေနဲ့ ၊ အကြောင်းအရာတွေကို ရန်လိုတတ်ပါတယ်။ ရန်ရှာတတ်ပါတယ်။ ဒီအချိန်တွေမှာ သူတို့ဟာ အရိုင်းအစိုင်းတစ်ယောက်လည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့ကို နားလည်မှုပေးဖို့လိုပါတယ်။

နို့စို့ကလေးအရွယ်ရယ် ၊ လက်မလွတ်သေးတဲ့ကလေးရယ် ၊ ကျောင်းနေကလေးအရွယ်တွေကို တပြိုင်နက် ပြုစုပျိုးထောင်ရတဲ့ မိခင် ၊ ဒီလိုပြုစုပျိုးထောင်ရင်းက အိမ်စီးပွားရေးလည်း တဖက်တလမ်းကနေ အာရုံစိုက်ရသေးတယ် ၊ အိမ်မှုကိစ္စလည်း ပြေးလုပ်ရသေးတယ်ဆိုတဲ့ ကလေးမိခင်တွေ တကိုယ်ရည်မဖီးလိမ်း မခြယ်သနိုင်တော့တာ ၊ ဖိုသီဖပ်သီဖြစ်သွားရတာ ၊ အပြောအဆို အလုပ်အကိုင် အလျင်စလိုနဲ့ စိတ်များနေတာ ၊ မညက်ညောတာတွေရှိနေရင် စာနာနားလည်ပေးလိုက်ပါ။ သူတို့တွေမှာ သူတို့စိတ်တိုင်းမကျတဲ့ ခင်ပွန်းရှိနေပြီး အိမ်စီးပွားရေးနဲ့ ဝင်ငွေဟာ သူတို့မိသားစုအတွက် မလောက်ငနိုင်ဘူးဆိုရင် စိတ်ဖိစီးမှုတွေကြောင့် စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေနိုင်တဲ့ သူတို့ဘဝကို စာနာနားလည်ပေးလိုက်ပါ။ တတ်နိုင်ရင် ကူညီလိုက်ပါ။

ကလေးတစ်ယောက်တာဝန်ကိုတောင် နိုင်အောင်မလုပ်နိုင်သေးရင် သန္ဓေတားရမယ်ဆိုတဲ့ အသိဥာဏ်မရှိတာ ၊ ရေရှည်အတွက် မတွေးခေါ် မမျှော်မြင်နိုင်တာ သူတို့အပြစ်မို့ သူတို့ကိုယ်တိုင် မခံစားနိုင်လောက်တဲ့ စိတ်ဖိစီးမှုကို ခံနေရပါတယ်။ ကိုယ့်အပေါ်မကောင်းတဲ့ခင်ပွန်းကို ဆက်ပေါင်းသင်းနေတာ ၊ မိသားစုတာဝန်မကျေနိုင်တဲ့သူကို ခွင့်လွှတ်ပြီး ကိုယ်တိုင်က ကိုယ့်ဝန် ၊ ကလေးဝန် နဲ့ ခင်ပွန်းဝန်ပါ ဝင်ထမ်းတဲ့ ကလေးမိခင်တွေကို နားလည်မှုပေးလိုက်ပါ။ သူတို့ဘဝပေးက ဒီလိုဖြစ်လာတာမို့ သူတို့ဟာ စိတ်ဖိစီးမှုတွေကို လူတစ်ယောက်ခံနိုင်တဲ့ အတိုင်းအတာအတာထက် ပိုခံစားနေရသူတွေလို့ ဖြေတွေးပေးလိုက်ပါ။ ဒီလိုဆိုရင် သူတို့က ရန်လိုပြုမူ ပြောဆိုနေတာတွေကို တန်ပြန်ရန်မလိုဘဲ သနားစရာလူတစ်ယောက်အနေနဲ့ ကရုဏာသက်လာမယ်။

သူတို့ကို နားလည်မှုမပေးနိုင်ရင်တောင် အပြစ်မရှိဘဲ လူ့လောက ရောက်လာတဲ့ သူတို့ကလေးကို သနားကြင်နာမှုပေးလိုက်ပါ။ ကလေးမိဘဟာ အပြစ်လုပ်ကောင်းလုပ်မယ် ၊ အပြစ်ရှိကောင်းရှိမယ် ၊ သူတို့ရဲ့နို့စို့ကလေးမှာ အပြစ်မရှိပါဘူး။ လူကြီးမိဘနဲ့ပတ်ဝန်းကျင်က အရောင်ဆိုးပေးလိုက်လို့ စိတ်ဒဏ်ရာရသွားတဲ့ ကလေးတွေရဲ့ လွဲမှားတဲ့အပြုအမူ ၊ အပြောအဆိုတွေကို နားလည်မှုပေးလိုက်ပါ။ သူ့မိဘခွင့်ပြုချက်မရှိရင်တော့ လမ်းလွဲသွားတဲ့ကလေးကို တည့်မတ်ပေးချင်သည့်တိုင်အောင် ၊ တည့်မတ်ပေးနိုင်သည့်တိုင်အောင် တည့်မတ်ပေးခွင့်ရမှာမဟုတ်ပါဘူး။ ပေးကမ်းခွင့်တော့ ရနိုင်ပါတယ်။ ဘယ်သူမပြု မိမိမှုပဲမဟုတ်လား။ ကလေးတွေဟာ အဆိပ်ကင်းတဲ့ ပန်းကလေးတွေပါ။

ရတု (Burmesehearts.com)

 

BurmeseApp on Google Play

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.