Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးငယ်များ သင်ယူပုံ – BurmeseHearts

ကလေးငယ်များ သင်ယူပုံ

0

ကလေးငယ်တွေကို ပစ်ပယ်တတ်တဲ့မိဘတွေဟာ တချိန်မှာ အပယ်ခံဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
ကလေးငယ်တွေကို ပစ်ပယ်တတ်တဲ့မိဘတွေဟာ တချိန်မှာ အပယ်ခံဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

ကလေးငယ်တွေဟာ စကားမပြောတတ်သေးပေမယ့် အမိဝမ်းမှာကတည်းက ခံစားမှု ၊ အကြားအာရုံ စတာတွေကနေ သင်ယူလာခဲ့တာ အမိဝမ်းက ကျွတ်တာနဲ့ ဝိုးတိုးဝါးတား အမြင်အာရုံ ၊ ပီသတဲ့ အကြားအာရုံ ၊ အထိအတွေ့ ၊ ခံစားမှုတွေအပေါ် သင်ယူပါတော့တယ်။

သူတို့ဟာ ဘယ်လိုကနေစပြီး သင်ယူဖို့တွေးသလဲဆိုရင် ထပ်ခါ ထပ်ခါ ဖြစ်နေတဲ့အရာတွေအပေါ်မှာ သင်ယူပါတယ်။ သူတို့ကို ဂရုစိုက်ထိန်းကျောင်းတဲ့ လူကြီးမိဘရဲ့ ပြုမူပြောဆိုပုံတွေဟာ ဒီမှာ အရမ်းအဓိက ကျနေပါတယ်။

သူ့ကိုထိန်းတဲ့သူဟာ သူ့အပေါ် နွေးထွေးမှု ရှိ မရှိ ၊ အကာအကွယ်ပေးမှု ၊ လုံခြုံမှု ရှိစေတာ ၊ သူငိုရင်ချက်ချင်း ချော့မြှူတာကနေစလို့ အဲဒီလူကြီးမိဘကို စတင်သိတတ် တွယ်တာလာတာတွေ ၊ ကြောက်တတ်လာတာတွေ ဖြစ်လာပါတယ်။ ဒီတော့ ဒီလူကြီးမိဘရယ်ရင် ရယ်တတ်ပြီး မြင်ရုံ ၊ ကြားရုံ ဆိုတဲ့အသိကနေ ကြောက်တတ်တဲ့စိတ်တွေလည်း ဖြစ်လို့လာပါတယ်။

ဒီလူကြီးမိဘဟာ ဘယ်အချိန်မှာလာတတ်တယ် ၊ ဘယ်လိုဒေါသဖြစ်တယ် ၊ ဘယ်လိုခြောက်လှန့်တယ် ၊ ဘယ်လိုပစ်ပယ်ထားတတ်တယ် ၊ ဘယ်လိုစိတ်လိုက်မာန်ပါ လုပ်တတ်တယ်ဆိုတာကို သင်ယူပြီး သူတို့လာတာနဲ့ မြန်မြန်တိတ်မှဆိုတဲ့ ခံစားမှုကိုလည်း ဖြစ်စေပါတယ်။ ကိုယ့်မြင်လို့ ကလေးအငိုတိတ်တယ်ဆိုပြီး ဂုဏ်မယူလိုက်နဲ့နော်။ ကလေးဟာ ကြောက်လို့တိတ်သွားရတာဆိုရင် မိဘတွေက ကိုယ့်ကလေးငယ်ငယ်လေးရဲ့ ဦးနှောက်ထဲကို ကြောက်စိတ်တွေ ထည့်ပေးလိုက်တာပါ။

BurmeseHearts Blog

ကြောက်တတ်တဲ့ကလေးဟာ ဘာဖြစ်လဲ။ လူကတိတ်နေပေမယ့် စိုးရိမ်စိတ်တွေဖြစ်နေတယ် ။ လုံခြုံမှုဆိုတာကို မခံစားရဘူး။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တာ သိနေတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ မဲ့နေတတ်တယ်။ ဒီအထဲမှ မိမိအနီးဆုံးသူဖြစ်တဲ့ (မိဘ) လူကြီးမိဘကိုယ်တိုင်က မိမိကို ကာကွယ်မှုမပေးနိုင်ဘူးဆိုတဲ့အသိက အဆိုးရွားဆုံးဖြစ်ပြီး ယုံကြည်မှုတွေ မဲ့လာပါတော့တယ်။ ယုံကြည်မှုမဲ့နေတော့ ကိုယ်စွမ်းကိုယ်စတွေဟာ မြုပ်သွားတော့တာပေါ့။ ဒီတော့ သူများကလေးတွေ လုပ်နိုင်တဲ့အရာ ကိုယ့်ကလေးမလုပ်နိုင်ဘူးဆိုရင် လူကြီးမိဘတွေက ကလေးကို အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်ပါ။ ကိုယ်တိုင်က ကလေးကို ကောင်းကောင်း စောင့်ရှောက်မှု မပြုခဲ့လို့ ၊ အထိန်းမတတ်ခဲ့ ၊ အသင်မတတ်ခဲ့လို့ ကိုယ့်သားသမီးရဲ့ ကိုယ်ရည်ကိုယ်သွေး တက်မလာတာလို့ လက်ခံရပါမယ်။

မိဘမတော်ပေမယ့် ကလေးဟာ ထူးချွန်တတ်တယ်။ ဒါဟာ ကလေးရဲ့ကိုယ်ရည်ကိုယ်သွေးကို မေတ္တာ ၊ စိတ်ဓါတ် ၊ အားပေးမှုအထွေထွေနဲ့ မြှင့်တင်ပေးနိုင်ခဲ့လို့ ၊ တနည်းနည်းနဲ့ ပံ့ပိုးပေးနိုင်ခဲ့လို့ သူ့ရဲ့ပင်ကိုယ်ရှိနေတဲ့ အရည်အသွေးတာ တောက်ပြောင်လာခဲ့တာဖြစ်ပါတယ်။

မိဘက ထူးချွန်သူတစ်ယောက်ဖြစ်ပေမယ့် ကလေးဟာ အညံ့ဘက်ကို ရောက်နေမယ် ။ သင်သလောက် မထူးချွန်ဘူးဆိုရင် ကလေးအပြစ်မဟုတ်ဘဲ မိဘအပြစ်သာဖြစ်ပါတယ်။ အရာအားလုံး ပံ့ပိုးကောင်း ပံ့ပိုးပေးနိုင်ခဲ့ပေမယ့် နွေးထွေးတဲ့မေတ္တာ ၊ သူ့အပေါ်နားလည်မှု ၊ နူးညံ့တဲ့ဆက်ဆံရေး နဲ့ စိတ်ဓါတ်မြှင့်တင်ပေးမှုတွေကို မလုပ်မိခဲ့လို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

လူတိုင်းမှာ ပင်ကိုယ်အရည်အချင်းတွေ ၊ အလှတရားတွေရှိကြပြီး ဒါကို သိရှိသတိထားမိလို့ ဖော်ထုတ်ပေးဖို့တာဝန်က မိဘအုပ်ထိန်းသူရဲ့ တာဝန်ပါ။ ဒီအပိုင်းမတော်ရင် ဟိုအပိုင်းတော်ရင်တော်မယ် ၊ ပညာမတော်ရင် အားကစားမှာ ထူးချွန်နိုင်တယ် ၊ အနုပညာမှာ ထူးချွန်နိုင်တယ် ၊ အတတ်ပညာမှာလည်း ထူးချွန်နိုင်တယ်။ ကိုယ်စေရာမှာ ထူးချွန်မှလို့ တဘက်သတ်စိတ်ထားရင်တော့ ကလေးဟာ ဖိအားကြောင့် ထူးချွန်ကောင်း ထူးချွန်လာနိုင်ပေမယ့် ပျော်ရွှင်တဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းဖို့ဆိုတာ ရာခိုင်နှုန်းနည်းကောင်း နည်းနေပါလိမ့်မယ်။ အရာရာပြည့်စုံနေပေမယ့် ဘဝမှာ ပျော်ရွှင်မှုကို မခံစားရတဲ့သူတွေ အများအပြားရှိပါတယ်။ သူတို့ဟာ ကလေးဘဝကတည်းက ပျော်ရွှင်မှုဆိုတာကို မခံစားရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေ ငယ်ငယ်ကတည်းက စတင်သင်ယူတာက သူတို့ကို နာကျင်စေတဲ့အရာ ၊ နာကျင်စေတဲ့သူတွေရဲ့ ဝေးဝေးနေဖို့ပါ။ ပူတယ်ဆိုတာကို သေချာသိဖို့ ကလေးငယ်ဟာ ခဏ ခဏ စမ်းကောင်းစမ်းနေနိုင်ပေမယ့် အပူထဲ လက်ထည့်စိမ်ထားတတ်တဲ့ ကလေးရှားတယ်မဟုတ်လား။ အပူဆိုတာ သူတို့ကောင်းကောင်းနားလည်သွားတာနဲ့ ဘယ်အခြေအနေမှာ ပူတတ်တယ်ဆိုတာကို သင်ယူပြီး အပူကြီးတွေရဲ့ အဝေးမှာ နေလာပါတယ်။

ဒီအတိုင်းပဲ လူကြီးမိဘဟာ သူ့အပေါ် ကြောက်စိတ်တွေ ၊ စိုးရိမ်စိတ်တွေ ၊ မလုံခြုံစိတ်တွေ ခံစားစေခဲ့ပြီး နွေးထွေးမှုမေတ္တာ မပေးခဲ့ဘူးဆိုရင် သူတို့ဘာသာ ရပ်တည်လာနိုင်တဲ့အချိန်မှာ ဒီလိုလူကြီးမိဘတွေရဲ့ အဝေးမှာပဲ ပျော်ဖို့ကြိုးစားပါတော့တယ်။ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက် ဂရုစိုက်မှု မရတဲ့မိဘတွေအနေနဲ့ သားသမီးတွေကို အပြစ်ချည်းတင်မနေဘဲ သူတို့ငယ်စဉ်က ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်သတိရလိုက်ပါ။ ကိုယ်တိုင်မပေးခဲ့တဲ့ နွေးထွေးမှုမေတ္တာကို ကိုယ်လိုအပ်တဲ့အချိန် သူတို့မပေးတာကို အပြစ်ပြောနေရုံနဲ့ ကိုယ့်အပြစ်ဖုံးသွားမှာတော့ မဟုတ်ပါဘူး။ သားသမီးနဲ့ ဝေးသထက် ဝေးဖို့ပဲရှိတာပါ။ မေတ္တာဆိုတာ တကယ် သဘောရိုးနဲ့ နွေးနွေးထွေးထွေး ပေးခဲ့ရိုးမှန်ရင် ပြန်တောင်းစရာမလိုဘဲ ကိုယ့်ဆီကို ပြန်လာပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like