Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၂) – BurmeseHearts

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၂)

0

အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။
အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။
ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်ကလေးမိခင်များ သိကောင်းစရာ အစာအာဟာရ ဗဟုသုတ အဖြာဖြာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
မြန်မာမိသားစုတွေက ရှေးရိုးယုံကြည်မှုအစွဲတွေနဲ့ အစားအသောက် ရှောင်ကြတဲ့ဓလေ့ရှိပါတယ်။ ကလေးကိုယ်ဝန်ဆာင်မှသည် ကလေးနို့တိုက်ကျွေးတဲ့မိခင်တွေဟာ ဟိုလူက ဒီဟာမစားနဲ့ ၊ ဒီလူက ဟိုဟာမတည့်ဘူးဆိုတဲ့စကားတွေအပေါ် နားယောင်ပြီး ဒီဟားလည်းရှောင် ၊ ဟိုဟာလည်းရှောင် လုပ်ရာက ကိုယ်ဝန်ဆောင်သည်မိခင်များ ၊ ကလေးမိခင်များဟာ အာဟာရဓါတ်ချို့တဲ့မှု ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။ သူတို့တွေဟာလည်း အာဟာရဓါတ် ချို့တဲ့လာပါတယ်။

ရှေးရိုးအယူအဆတွေဖြစ်တဲ့ ငှက်ပျောသီးစားလို့ ကလေးချွဲထတယ် ၊ ပဲစားရင် ဝမ်းသက်တယ် ၊ အသားငါးစားရင် သန်ထတယ် ၊ ဘဲဥ ကြက်ဥတွေစားရင် ဝမ်းပုပ်တယ် စသဖြင့်သော အယူအဆတွေဟာ မမှန်ကန်ပါဘူး။

ကြက်ဥကျွေးလိုက်လို့ ကလေးဝမ်းကိုက်ရခြင်း မဟုတ်ပါ။ ဝမ်းကိုက်ခြင်းဟာ ဝမ်းကိုက်ပိုးနဲ့ ဘက်တီးရီးယားပိုးတို့ကြောင့်ဖြစ်ပြီး ကြက်ဥစားလို့ ဝမ်းကိုက်ခြင်းမဟုတ်ပါ။ တကယ်လို့ ပူပူနွေးနွေး ကြော် ၊ ချက်ထားတဲ့ ကြက်ဥကို မစားဘဲ အေးမှစားမယ် ၊ နောက်နေ့မှစားမယ်ဆိုရင်တော့ ကြော် ၊ ချက်ထားတဲ့ ကြက်ဥပေါ် ဝမ်းကိုက်ပိုးရှိနေတဲ့ ယင်နားတဲ့အခါ စားသူဟာ ဝမ်းကိုက်ဝေဒနာ ခံစားရမှာပါ။ မသန့်ရှင်းတဲ့နေရာတွေ ၊ မစင်တွေပေါ်မှာ နားလာခဲ့တဲ့ယင်က ဒီကြက်ဥအပေါ်မှမဟုတ်ပဲ ဘယ်အစာပေါ်နားနား ဒီအစာကို စားမိတဲ့သူက ဝမ်းကိုက်ရောဂါဝေဒနာကို ခံစားရမှာပါ။ ဒါဟာ ကြက်ဥကြောင့် ဝမ်းကိုက်တာ မဟုတ်ပါဘူး။ စားတဲ့အစာဟာ မသန့်ရှင်းလို့ ၊ ယင်နားစာမို့လို့ဖြစ်ပါတယ်။

ကလေးကို ဂလူးကို့စ်တိုက်လို့ အားပိုဖြစ်မယ်လို့ထင်ရင် မှားပါတယ်။ ဂလူးကို့စ်ဟာ အားဆေးမဟုတ်ပါ။ ဂလူးကို့စ်ဟာ သကြားဖြစ်ပြီး သကြား ၊ ကြံသကာ ၊ ထန်းလျက် ဘာစားစား လူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဂလူးကို့စ် ဖြစ်သွားတာပါ။ ဂလူးကို့စ်သောက်သူဟာ အခြား သကြား ၊ ကြံသကာ ၊ ထန်းလျက်စားသူတွေများနည်းတူ အင်အားဓါတ်ရရှိပါတယ်။ အဲဒါတွေထက် ထူးပြီး အင်အား မဖြစ်ပါ။ ဒါပေမယ့် ကလေးအားရှိမယ်ထင်ပြီး ဂလူးကို့စ်ကိုမှ ရေရှည်တိုက်သူတွေဟာ ဂလူးကို့စ်ကို တာရှည်ထားလို့ လိုလာပါတယ်။ ဒီလိုတာရှည်ထားတဲ့အခါမှာ လေမသလပ်ဖို့ ၊ ရေငွေ့မထိဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဂလူးကို့စ်ဟာ ဓါတ်ပြောင်းလဲပြီး သောက်မိသူကို ဝမ်းသွားစေပါတယ်။ ဒါ့အပြင် ဂလူးကို့စ်အမှုန့်ကို ရေဖျော်ပြီး သန့်သန့်ထားပေမယ့် တပတ်လောက်ထားခဲ့ရင်လည်း ဒီအရည်သောက်တဲ့ ကလေးဟာ ဝမ်းသွားပါတယ်။ အထူးသဖြင့် မိုးတွင်းမှာ ဂလူးကို့စ်ကို ရေငွေ့မထိအောင် ၊ လေမသပ်အောင်ထားဖို့ ခက်ခဲတဲ့အပြင် ဂလူးကို့စ်ဖျော်တဲ့သူက သူ့အချိုးအစားအတိုင်း မဖျော်ရင်လည်း သောက်မိသူကို ဝမ်းသွားစေပါတယ်။ ရေ တစ်ရာစီစီမှာ ဂလူးကို့စ် ငါးရာခိုင်နှုန်းထည့်ရတာကို စေတနာပိုပြီး (၁၀)ရာခိုင်နှုန်းကျော်ကျော် ထည့်ရင်လည်း သောက်မိသူကို ဝမ်းသွားစေပါတယ်။ ဒါကြောင့် ကလေးအားဖြစ်စေချင်တယ်ဆို အထားအသို ၊ အဖျော်အချိုးအစား မလွယ်ကူလှတဲ့ ဂလူးကို့စ်အစား လွယ်လွယ်ကူကူဖြစ်တဲ့ အချိုရည်နဲ့ သကြား ၊ ကြံသကာ ၊ ထန်းလျက် စတဲ့ အချိုတွေကို ကျွေးနိုင်ပါတယ်။ ဒါတွေ မစားနိုင်တဲ့ လူမမာ ၊ ကလေးငယ်တွေမို့ ဆရာဝန်က ညွှန်ကြားလို့ဆိုရင်တော့ တမျိုးပေါ့။
BurmeseHearts Blog

ကလေးအမေဖြစ်သူ သရက်သီးစားလို့ ၊ မုန့်ဟင်းခါးစားလို့ နို့စို့ကလေး ဝမ်းသွားသည်ဆိုခြင်းမှာ မမှန်ပါ။ ဒီအစာတွေကြောင့်ဝမ်းသွားရင် အစားတွေကို တိုက်ရိုက်စားသုံးခဲ့တဲ့ မိခင်က ဝမ်းသွားရမှာပါ။ မိခင်က ဝမ်းမသွားပဲ ကလေးဝမ်းသွားတယ်ဆိုရင် ကလေးဟာ အခြားအကြောင်းကြောင့် ၊ ပါးစပ်ထဲ ဝမ်းသွားစေတဲ့ ရောဂါပိုးကပ်ငြိနေတဲ့ အရာတစ်ခုခု ထည့်မိလို့ ဝမ်းသွားတာပါ။ နောက်ဆုံး ဒီအစာတွေစားပြီး အမေ ဝမ်းသွားမယ်ဆိုရင်တောင် အမေ့နို့စို့တဲ့ ကလေးဟာ ဒီအစာတွေကြောင့် ဝမ်းသွားတာမဟုတ်ဘဲ ရေအိမ်ထဲကထွက်လာတဲ့အမေက လက်ကို ဆပ်ပြာနဲ့ စင်စင် မဆေးခဲ့လို့ ကလေးကိုနို့တိုက်တဲ့အခါ ဒီလက်မှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေက ကလေးပါးစပ်ထဲ ရောက်သွားရာကတဆင့် ကလေးဝမ်းသွားတာပဲ ဖြစ်မှာပါ။ မိခင်စားလိုက်တဲ့ အစားအစာတွေဟာ နို့ထဲကို တိုက်ရိုက်မရောက်ပါဘူး။ မိခင်စားလိုက်တဲ့အစာတွေဟာ မိခင်ဝမ်းထဲမှာ အာဟာရဓါတ်အဖြစ် ပြောင်းလဲပြီး အဆင့်ဆင့် ဓါတ်ပြောင်းလဲမှုတွေ ဖြစ်ပြီးမှ နို့ရည်အဖြစ် ကလေးက သောက်စို့ရတာပါ။ ဒါကြောင့် မိခင်ရဲ့နို့ရည်ဟာ မိခင်ဘာစားစား ရောဂါပိုးမွှားတို့ ကင်းစင်ပါတယ်။ အာနိသင်ပြင်းတဲ့ ဆေးဝါးတွေကို အမေက သောက်သုံးမယ်ဆိုရင်တော့ အမေသောက်သုံးလိုက်တဲ့ ဆေးအာနိသင်ဟာ နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်ကိုယ်တိုင်က ဆေးဝါးတွေ သောက်သုံးရမယ်ဆို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။

သရက်သီး ၊ သင်္ဘောသီး ၊ မုန့်ဟင်းခါး စတာတွေဟာ ဝမ်းသွားစာတွေ မဟုတ်ပါဘူး။ ဝမ်းသွားစာတွေဆိုရင် ဒီအစာစားတဲ့သူတွေတိုင်း ဝမ်းသွားကြမှာ မဟုတ်လား။ လူတိုင်း ဝမ်းသွားတာ ၊ ဝမ်းလျှောတမျိုးမရှိဘဲ အချို့မှာမှ ဘာလို့ကွက်ပြီး ဝမ်းသွား ၊ ဝမ်းလျှောရသလဲ ။ ရှင်းပါတယ်။ သူတို့စားတဲ့အစာတွေဟာ သန့်ရှင်းလတ်ဆတ်မှု ပြည့်ပြည့်ဝဝမရှိဘဲ ယင်နားစာတွေ ဖြစ်နေလို့ပါ။ သင်္ဘောသီး ၊ သရက်သီးတွေကို အရင်ဆုံး ရေစင်စင်ဆေးပြီး ၊ လှီးမယ့်ဓါးနဲ့ အသီးကိုင်မယ့်လက်ကိုလည်း ရေစင်စင်ဆေးပြီးမှ သန့်သန့်ရှင်းရှင်း အခွံနွှာစားရင် ဝမ်းမသွားနိုင်ပါ။ မုန့်ဟင်းခါးပူပူနွေးနွေးဟာ ဝမ်းသွားစာမဟုတ်ပါ။ သေသေချာချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ ယင်နားမုန့်ဖတ်ကို မုန့်ဟင်းရည်နဲ့ တွဲစားမိလို့ ဒါမှမဟုတ်လည်း မသန့်ရှင်းတဲ့ ဈေးသည်ရဲ့လက်က မုန့်ဟင်းခါးဖတ်ကိုင်လို့သာ ဝမ်းသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အမေက ဒီအစာတွေစားလို့ နို့စို့ကလေး ဝမ်းသွားရတယ်ဆိုတဲ့ အယူအဆ လုံးဝမမှန်ကန်ပါ။

ကလေးနှင့်လူကြီးတွေကို နေမကောင်းရင် အဖျားမြန်မြန်ပျောက်အောက် အစာဖြတ်တဲ့အကျင့်ဟာ မှားယွင်းတဲ့ အယူအဆပါ။ အစာအိမ်လမ်းကြောင်းတလျောက်မှာ ဖြစ်တတ်တဲ့ အူရောင်ရောဂါ ခေါ် တိုက်ဖွိုက်ရောဂါ ၊ အစာအိမ်ရောဂါ ၊ ဝမ်းကိုက် ၊ ဝမ်လျှောကလွဲရင် နေမကောင်းတဲ့လူနာကို အစာဖြတ်စရာမလိုပါ။ ဒီရောဂါခံစားနေရတဲ့ လူနာတွေကိုတောင်မှ အစာလုံးဝဖြတ်မထားဘဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုက် ကျွေးနိုင်ပါတယ်။ အသည်းရောင် အသားဝါဖြစ်နေလို့ ဆီကြော်မုန့် မကျွေးတာမျိုးဟာ မှားယွင်းတဲ့အယူအဆဖြစ်ပြီး ဝမ်းသွားနေတဲ့ကလေးကို အစာဖြတ် ၊ နို့ဖြတ် မထားရပါ။ ဝမ်းသွားတဲ့ကလေးတွေကို အစာအချိန်ခြားပြီး ကျွေးတဲ့တိုင်အောင် (၂၄)နာရီထက်ကျော်လွန်ပြီး အစာမဖြတ်သင့်ပါ။

လူမမာများ နှင့် နလန်ထများကို အားရှိတဲ့အစာကို ကျွေးနိုင်တယ်ဆိုပေမယ့် ကြေညက်လွယ်တဲ့အစာဖြစ်တဲ့ ထမင်းရည် ၊ ဆန်ပြုတ် ၊ ခေါက်ဆွဲပြုတ် စတာတွေကို တခါစား နည်းနည်းနဲ့ မကြာခဏ ကျွေးပေးရမှာဖြစ်ပါတယ်။ ကျွေးလို့ရတယ်ဆိုပြီး အရမ်းမကျွေးရပါဘူး။ အဖတ်မစားရတဲ့ ရောဂါဝေဒနာရှင်တွေကတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ တကယ်ပဲ အာဟာရပြည့်ပြည့်ဝဝ ၊ လတ်လတ်ဆတ်ဆတ် ၊ ပူပူနွေးနွေး စားသောက်ကျင့်ရှိသူတွေဟာ ထူးပြီးတော့ အားဆေးမှီဝဲနေစရာ မလိုတော့ပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ အကောင်းဆုံးအာဟာရများမှာ အသား ၊ ငါး ၊ ပဲ ၊ ပြောင်း ၊ ဟင်းသီးဟင်းရွက် ၊ ကြက်ဥ ၊ ဘဲဥ ၊ ဆန် ၊ သစ်သီးဝလံတို့ဖြစ်ပါတယ်။ ဆန်မရှိတဲ့ ၊ ဆန်ရှားပါးတဲ့ အရပ်ဒေသတွေမှာ ဆန်အစား ဂျုံကို အစားထိုးစားကြပါတယ်။ ဒါတွေကိုသာ လတ်လတ်ဆတ်ဆတ်နဲ့ မျှမျှတတဖြစ်အောင် နေ့စဉ်စားပေးပါရင် အာဟာဓါတ်ကို မိခင်ရော ကလေးပါ လုံလုံလောက်လောက် ရရှိမှာဖြစ်ပါတယ်။
ရတု (Burmesehearts.com)


BurmeseHearts Courses

You might also like