ရိုးမြေကျပေါင်းဖက်လိုသော်

0

အိမ်ထောင်သက်ရလာတဲ့ ဇနီးမောင်နှံတွေ အိမ်ထောင်ရေးအဆင်မပြေတဲ့အခါ ပထမဆုံးရတဲ့နောင်တက “ဘာကြောင့် ငါ ဒီအပူတွေ ယူခဲ့မိသလဲ” ဆိုတာပါပဲ။ သူတို့ဟာ အဲဒီအချိန်မှာ ခံစားနေရတဲ့ ခံစားချက်တွေကို အပူလို့ သတ်မှတ်လိုက်ပါပြီ။ တစ်ယောက်တည်း အေးအေးနေရင်ရရက်က ဘာကြောင့် ဒီအပူတွေ ယူခဲ့မိသလဲလို့ နောင်တတွေရနေပါပြီ။

ဒီကတဆင့် အိမ်ထောင်ရေး လုံးဝအဆင်မပြေတော့လို့ လင်တကွဲ ၊ မယားတကွဲဖြစ်တဲ့သူတွေက ငါမှားသွားခဲ့တယ် ဆိုတဲ့ နောင်တကို ပိုက်ပြီး တိုက်ဆိုင်မှုတွေ ပေါ်လာတိုင်း ရင်ထဲတဆစ်ဆစ် နာကျင်ခံစားရတာပေါ့။ ရင်ထဲမှာ နာကျင်မှုတွေ သိမ်းထားသရွေ့ကတော့ တိုက်ဆိုင်မှုတွေရှိတိုင်း ဆက်နာကျင်နေရဦးမှာဖြစ်ပါတယ်။ ပြီးတာတွေ ပြီးသွားပြီ။ ပစ္စုပ္ပန်မှာ ကိုယ့်ဘာသာအကောင်းဆုံး လုပ်ကိုင်ရင်း နေထိုင်သွားမယ်။ အနာဂါတ်မှာ အတိတ်ကာလထက် စိတ်ရော ၊ ဘဝအဆင့်အတန်းရော သာလွန်ကောင်းမွန်စေရမယ်လို့ ဆုံးဖြတ် မလုပ်ကိုင်နိုင်သရွေ့ အတိတ်ရဲ့ အရိပ်တွေကနေ မလွတ်မြောက်နိုင်တော့ပါဘူး။ ဒီတော့ ပစ္စုပ္ပန်ကို ကောင်းကောင်းအသုံးမချနိုင်တော့ဘဲ အနာဂါတ်ဟာလည်း မရေမရာ ဖြစ်နေနိုင်ပါတယ်။

ကိုယ်ဟာ အတိတ်မှာလည်း အိပဲ့အိပဲ့ ၊ ပစ္စုပ္ပန်မှာလည်း တိုးတက်မလာ ၊ အနာဂါတ်မှာလည်း မရေမရာ ဘဝမျောကြီးနဲ့ ရှေ့ဆက်မယ်ဆိုရင် ကိုယ့်ကို ထားရစ်ခဲ့သူက ဒီလိုအသုံးမကျတဲ့သူမို့ ထားခဲ့တာ ငါမှန်ပါလားလို့ သူ့ဆုံးဖြတ်ချက်အပေါ် နှစ်ထပ်ကွမ်းပီတိဖြစ်တော့မှာပေါ့။ ဒီတော့ ခံစားချက်လည်းဆုံးရှုံးတယ် ၊ အနာဂါတ်လည်း ဆုံးရှုံးတယ်။ သိက္ခာလည်း ဆုံးရှုံးတယ်။ နောက်ဆုံးမှာ တန်ဖိုးအကြီးဆုံးဖြစ်တဲ့ လူ့ဘဝရဲ့ အချိန်တွေနဲ့ တန်ဖိုးတွေဟာ ဘာမဟုတ်တဲ့ လူတစ်ယောက် (ကိုယ့်အပေါ် ကောင်းကျိုးမပေးတဲ့လူ)အတွက်ကြောင့် ဆုံးရှုံးမှုတွေက မတန်မရာရှိလိုက်တာနော်။

ကျွန်မရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်တဲ့ အသက်ငါးဆယ်ဝန်းကျင် အစ်မကြီးတစ်ယောက်ကို ဘာကြောင့် အပျိုကြီးဘဝနဲ့ နေထိုင်သွားဖို့ ရွေးချယ်သလဲဆိုတာကို သိချင်တဲ့အတွက် “မမကြီး တခါမှ ရည်းစားမထားခဲ့ဖူးဘူးလား”လို့ မေးဖြစ်ခဲ့တယ်။ သူကလည်း လူရင်းတွေမို့ ပွင့်ပွင့်လင်းလင်းပြန်ဖြေပါတယ်။ “ဟာ ရှိခဲ့ဖူးတာပေါ့။ တစ်ယောက်တော့ ထားခဲ့ဖူးတယ်” တဲ့။ “ဒါဆို မမကြီးမှာ အချစ်ရှိခဲ့ဖူးတာပဲ။ ပိုစိတ်ဝင်စားလာပြီ။ သူက ထားသွားတာလား ။ မမကြီးက ထားခဲ့တာလား။ ဘာကြောင့် မပေါင်းဖြစ်ခဲ့တာလဲ” မေးတော့ “တဘက်လူနဲ့ ဘာမှ ကတောက်ကဆ မရှိခဲ့ဘဲ မမကြီးက အဆက်ဖြတ်ခဲ့တာတဲ့။ ဟိုဘက်က လက်ထပ်ခွင့်တောင် တောင်းခဲ့တယ်” လို့ ပြောတော့ ကျွန်မ အတော် အံ့သြသွားခဲ့တယ်။  နှစ်ဦးနှစ်ဘက် ပြေလည်ရက် ၊ ချစ်သူတွေဖြစ်ရက် ၊ မိသားစုတွေ သဘောတူရက် ၊ အလုပ်အကိုင်တွေကောင်းရက်နဲ့ မပေါင်းဖြစ်ခဲ့ဘဲ အဲဒီလို ပြတ်စဲတဲ့အတွဲတွေလည်း ရှိတယ်လားလို့ပေါ့။

“သူက လက်ထပ်ခွင့်တောင်းရက်နဲ့ မမကြီးက ဘာကြောင့်ဖြတ်ခဲ့တာလဲ။ အားလုံးအဆင်ပြေရက်နဲ့။ တကယ်မချစ်လို့လား” လို့ ကွန့်ပြီးထပ်မေးတော့ တွေးတွေးဆဆလည်း ပြန်ဖြေတဲ့အဖြေက သြချလောက်ပါတယ်။ အဲဒီတုန်းကတော့ တကယ်ချစ်ခဲ့ပါတယ်။ ဒါပေမယ့် သူလဲသူ့စီးပွားနဲ့သူ ရှာစားနိုင်ပြီး ငါလည်း ငါ့စီးပွားနဲ့ငါ သူ့အပေါ် မှီခိုစရာမှမလိုတာ။ သူနဲ့ယူရင် အိမ်အကူထားခဲ့တဲ့တိုင်အောင် လိုက်စီစဉ်ကွပ်ကဲရမှာနဲ့ ၊ ကိုယ်ကအိမ်လှည့်မကြည့်နိုင်ရင် တချိန် အိမ်ဖော်တွေနဲ့ ဖောက်ပြန်မှာစိုးရတာနဲ့ ၊ မယားဝတ္တရားကျေရမှာနဲ့ နောက်ဆုံး ကလေးတွေကိုလည်း အနာခံပြီးမွေးရဦးမယ်။ ကလေးတာဝန်တွေ ၊ အိမ်ထောင့်တာဝန်တွေနဲ့ လေးလေးနက်နက်တွေးကြည့်လေ ရှုပ်လေမို့လို့ မယူနိုင်ဘူးငြင်းပြီး ဖြတ်ပစ်ခဲ့တာတဲ့။ အခုတစ်ယောက်တည်းနေတော့ ဘာဆိုဘာမှမပူရဘူး။ အေးဆေးပဲတဲ့။ သူ့အပြောကို ကျွန်မ သဘောတကျရယ်တော့ သူလည်း တဟားဟားနဲ့ စကားစပြတ်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်မမှာ အတွေးတစကျန်ခဲ့ပါတယ်။ သူပြောတာလည်း တချို့မှန်တာပါပဲ။ တစ်ယောက်တည်းနေတော့ တစ်ယောက်စာပဲ တာဝန်ယူရတာပေါ့။ နှစ်ယောက်ပေါင်းနေရင် ကိုယ့်တာဝန်ရော ၊ သူ့တာဝန်ရော နှစ်ယောက်စာ ယူရမယ်။ ကလေးတွေရှိလာရင် ကလေးတာဝန်တွေကို မိခင်ဖြစ်တဲ့မိန်းမသားက အများဆုံးလုပ်ပေးရတာ သဘာဝပဲလေ။

တကယ်ဆို ကျွန်မတို့ မိန်းမသားတွေဟာ ချစ်သူနဲ့ တအိုးတအိမ်ထူထောင်လိုက်တယ်ဆိုတာ ဒီလူနဲ့ သေတပန် သက်တဆုံး ပေါင်းဖက်နေထိုင်သွားမယ်လို့ ရည်ရွယ် လက်ထပ်လိုက်တာပါ။ ချစ်လို့ဆိုတဲ့ အပေါ်ယံခံစားချက်ထက် ဒီလူနဲ့ ခွဲမနေချင်တာ ၊ ဒီလူနဲ့ အပူတွေကော အပျော်တွေကော မျှဝေခံစားချင်တာ ၊ ဒီလူနဲ့ အေးအတူပူအမျှ ဘဝတခုကို နှစ်ဦးအတူ တည်ဆောက်သွားချင်တာ ၊ ကိုယ့်မျိုးဆက်တွေကို ဒီလူ့သွေးနဲ့ရောပြီး သူ့အပြင် သူ့သွေးသားတွေကိုပါ ချစ်ချင်တာ ၊ သူ့အပြင် ကိုယ်တွေမျိုးဆက်ဖြစ်တဲ့ ဒီကလေးတွေနဲ့ မိသားစုဘဝဆိုတာကို မျှဝေခံစားလိုတာဖြစ်ပါတယ်။ ကိုယ့်သွေးသားတွေရဲ့အဖေဟာ သူပဲဖြစ်စေချင်သလို သူ့သွေးသားတွေရဲ့အမေဟာ ကိုယ်ပဲဖြစ်ချင်တဲ့ ပိုင်ဆိုင်လိုစိတ်ကလေးစွက်ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့အမှုကို ဘဝတသက်တာအတွက်ရည်ရွယ်လို့ ဒီလူနဲ့ အိမ်ထောင်ပြုဖို့ သဘောတူခဲ့တာ ၊ သူ့တဘဝလုံးစာ အချစ်ဆုံးသူတစ်ယောက်အဖြစ် ရှိချင်ခဲ့တာပါ။

BurmeseHearts Blog

ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက် ရပ်တည်နေထိုင်နိုင်တဲ့ အမျိုးသမီးတွေအတွက် အိမ်ထောင်ပြုချင်းအမှုဆိုတာ ခင်ပွန်းကို မှီခိုလိုမှုတခုတည်းတော့ မဟုတ်ပါဘူး။ သူနဲ့အတူ အိပ်ရာဝင်ချိန်စိတ် တခုတည်းကြောင့်လည်း လက်ထပ်ခဲ့တာ မဟုတ်ဘူး။

မနက်မိုးလင်းချိန်မှာ ကိုယ့်ကိုအပြုံးနဲ့နှုတ်ဆက်မယ့် ချစ်သူမျက်နှာကို ကိုယ့်တသက်စာ မနက်နိုးထတိုင်းမြင်သွားချင်တာ ၊ ကိုယ်ပျော်ရင် လိုက်ပျော်ပေးပြီး ကိုယ်ဝမ်းနည်းရင် ဖြေသိမ့်ပေးတတ်တဲ့ ကိုယ့်ချစ်သူနဲ့ တဘဝစာ မျှဝေသွားလိုတာ ၊ လောကဓံခံရတိုင်း ကိုယ့်ဘက်ကရပ်တည်ပြီး ကိုယ့်ကိုအားပေးတဲ့ လက်တွဲဖော်ကို တသက်တာလက်တွဲသွားချင်တာ ၊ သူ့မျိုးဆက်ဟာ ငါ့မျိုးဆက် ၊ ငါ့မျိုးဆက်ဟာ သူ့မျိုးဆက်ဆိုတဲ့ပီတိနဲ့ သားသမီးတွေကို ပြုစုဂရုစိုက်လိုတာ ၊ ဒီမိသားစုထဲမှာ အိမ်ရှင်မ ၊ အိမ်သူသက်ထား ၊ မိခင်ဆိုတဲ့ဂုဏ်ပုဒ်တွေနောက် တသက်တာ ဂုဏ်ယူပြီး နေထိုင်သွားချင်တာပါ။ ဒါတွေအားလုံးကို အကျဉ်းချုံးလိုက်မယ်ဆို ကျွန်မတို့မိန်းမသားတွေ ချစ်သူနဲ့ လက်ထပ်ပေါင်းသင်းတယ်ဆိုတာ တဘဝစာ မျှဝေသွားချင်စိတ်ကို အခြေခံခဲ့တာပါ။

လောကကြီးထဲမှာ အပူ ၊ အအေး ခံစားမှုအစုံ ရောထွေးနေတယ်ဆိုပေမယ့် အအေးတွေလျော့ပါးပြီး အပူချည်းပဲဆက်တိုက်ရနေမယ်ဆိုရင် ဒါမှမဟုတ်လည်း နှစ်ဦးအကြား ခံစားမှုတွေ နွေးနွေးထွေးထွေးမရှိတော့ဘဲ အေးစက်စက်ခံစားမှုတွေ နေရာယူလာခဲ့ပြီဆိုရင် မျှော်လင့်ထားတာတမျိုး ရနေတာတမျိုး လုံးဝဆန့်ကျင့်ဘက်ကြီး ဖြစ်လာတာပေါ့။ ဒီလိုဆိုရင် “ဘာကြောင့် ငါ ဒီအပူတွေ ယူခဲ့မိသလဲ” လို့ စတင် နောင်တရနေပါပြီ။ တခုလပ်အဖြစ် နှုတ်ထွက်ရုံကလွဲပြီး သားသမီးမျက်နှာ ၊ ဆွေမျိုးမျက်နှာ ၊ ပတ်ဝန်းကျင်မျက်နှာ ငဲ့ညှာထောက်ထားစရာတွေက ကိုယ့်နောင်တကို လွှမ်းမိုးထားခဲ့ပြီဆိုရင် တလမ်းသွားလို နောက်ပြန်လှည့်မရတော့ဘဲ ဒီအိမ်ထောင် ၊ ဒီခင်ပွန်းနဲ့ တဘဝစာ ရှေ့ဆက်ဖို့ မျက်စိမှိတ်ရွေးချယ် နေထိုင်လိုက်ရတော့တာပါပဲ။ ဒီလိုဆို ပြန်လည်ပျော်ရွှင်ခွင့်တွေ တဘဝစာ ပျောက်ဆုံးသွားခဲ့ပြီပေါ့။ ကိုယ်ရွေးချယ်တာတမျိုး ၊ ဖြစ်နေတာတမျိုးဆိုတဲ့အခြေအနေမှာ ကိုယ့်စိတ်ထွက်ပေါက်ဟာ အပြစ်မရှိတဲ့ သားသမီးတွေဖြစ်နေခဲ့ရင် ဒီအိမ်ထောင်ထဲ ကိုယ့်အပြင် ကိုယ့်သားသမီးတွေဟာ မပျော်ရွှင်နိုင်သူတွေပါ။

စဉ်းစားကြည့်လေ။ အဖေနဲ့ အမေက မတည့်။ မိဘနှစ်ဦးဟာ နွေးထွေးတဲ့ဆက်ဆံရေးမရှိမှတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရှိပ့ါမလား။ (ကလေးတွေအများကြီးမွေးထားတိုင်း အတော်ချစ်တဲ့စုံတွဲလို့ မတွေးလိုက်နဲ့နော်။) မပျော်ရွှင်တဲ့ ဒီမိသားစုထဲမှာ အဆင်မပြေတာတွေကြုံလာတိုင်း မိဘရဲ့ထွက်ပေါက်ဟာ ကလေးတွေ အမှားလုပ်တိုင်း ဆဲဆိုရိုက်မောင်းမှုတွေဖြစ်မယ်ဆို ဒီကလေးတွေဟာ ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ပါ့မလား။ ဒီလိုအိမ်ထောင်မျိုးကိုကြောက်လို့ တကိုယ်တည်းနေတဲ့ အပျိုကြီးမမတွေဟာ ကလေးတွေအပေါ် စိတ်ထွက်ပေါက်ပေးနေတဲ့ မိခင်တွေထက်တော့ တွေးခေါ်မြှော်မြင်နိုင်မှု အများကြီးသာတယ်လေ။ အနည်းဆုံး သူတို့ဟာ သူတို့ကြောင့် သူတို့မျိုးဆက်ကို စိတ်ဒဏ်ရာတွေ မကူးစက်စေခဲ့ပါဘူး။

အိမ်ထောင်ရေးဆိုတာ ခံစားချက်နောက်ပဲလိုက်ရင် မှားတတ်ပါတယ်။ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးထူထောင်ချင်ရင် တွေးခေါ်မြှော်မြင်နိုင်မှုရှိရမယ် ၊ ဝေဖန်ပိုင်းခြားတတ်မှု အားကောင်းရမယ် ၊ အလိုက်သင့်ဆက်ဆံထိန်းကျောင်းတတ်ရမယ် ၊ ပညာသားပါပါ အိမ်ထောင်တခုကို ထိန်းသိမ်းတတ်ရမယ် ၊ ကိုယ်တိုင်လည်း မမှားအောင် ဂရုစိုက်ရမှာဖြစ်သလို အိမ်ထောင်ဘက်ကိုလည်း မှန်ကန်တဲ့လမ်းကြောင်းပေါ် မသိလိုက် မသိဘာသာ ဆွဲခေါ်တတ်ရမယ် ၊ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ်က စပေးရင်း သူယူတဲ့မိန်းမဟာ သူနဲ့ထိုက်တန်သူအဖြစ် အချိန်နဲ့အမျှ သက်သေပြနိုင်အောင် ကြိုးစားရင်း ကိုယ်ယူတဲ့ယောကျာ်းဟာ ကိုယ့်နဲ့ထိုက်တန်သူဖြစ်တယ်ဆိုတဲ့စိတ် ထားနိုင်ရမယ်။

သူနဲ့ ရိုးမြေကျ ပေါင်းရပါစေသား ဆုတောင်းလေး တောင်းခဲ့ဖူးပေမယ့် တရက် ၊ တနာရီတောင် သူနဲ့မပေါင်းသင်းလိုတော့ဘူးဆိုသူတွေလည်းရှိပါတယ်။ ကိုယ်ကသူ့ကို အသုံးမကျတဲ့ယောကျာ်းလို့ ထင်မြင်နေရင် သူကလည်းကိုယ့်ကို အသုံးမကျတဲ့မိန်းမ ၊ မထိန်းသိမ်းတတ်တဲ့မိန်းမလို့ ယုံကြည်သွားပါလိမ့်မယ်။ သူနဲ့ကိုယ်မထိုက်ဘူး ၊ ကိုယ်ကသူ့ထက်မြင့်နေတယ်လို့ ခံယူချက်ဖြစ်လာရင် ကိုယ်နဲ့မထိုက်သူကို တဘဝစာလက်တွဲဖို့ ဆုံးဖြတ်ခဲ့မိတဲ့ကိုယ်က ပို တုံး အ ညံ့ ဖျင်းသူလို့ မှတ်ယူလိုက်ပါ။

တကယ့်အိမ်ထောင်ဘက်ကောင်းတွေဟာ ကိုယ်မြင့်ရင် နိမ့်ကျတဲ့သူ့ကိုပါ ဆွဲခေါ်မြှင့်တင်ပေးနိုင်တဲ့သူ ၊ အတွေးအခေါ်မကောင်းတဲ့ အိမ်ထောင်ဘက်ကို အတွေးအခေါ် ကိုယ့်ထက်သာလွန်အောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်သူ ၊ ကြိုးစားချင်စိတ်ပဲရှိပြီး အစွမ်းအစမရှိသေးတဲ့သူ့ကို အစွမ်းအစတွေ ထွန်းပြောင်လာအောင် သွေးပေးနိုင်တဲ့သူပါ။ ဒီလိုအပြန်အလှန်စိတ်ရှိမှ အိမ်ထောင်သက်တလျောက်မှာ သူ့ကို ကိုယ်က ပိုတန်ဖိုးထားပြီး ကိုယ့်ကိုလည်း သူက ပိုတန်ဖိုးထားလာနိုင်မှာပါ။ မယုံမရှိပါနဲ့။ အိမ်ထောင်ကျပြီးမှ ရည်းစားတွေတုန်းကထက် ပိုချစ်ကြတဲ့စုံတွဲတွေရှိပါတယ်။

အိမ်ထောင်ကျပြီးမှ ရည်းစားတုန်းကထက် ပိုချစ်ကြတဲ့စုံတွဲတွေဟာ ပစ္စုပ္ပန်နဲ့အနာဂါတ်မှာ ကိုယ့်လက်တွဲဖော်ကို ပိုလိုအပ်လာတာဖြစ်ပါတယ်။ ဒီလိုပိုလိုအပ်တယ်လို့ ခံစားလာရတာဟာ ရှိရင်းစွဲအချစ်တွေအပြင် အိမ်ထောင်ကျပြီးနောက် တိုးလာတဲ့သံယောဇဉ်တွေ ၊ ကိုယ့်မျိုးဆက်ရဲ့ မိခင်/ဖခင်ပါလားဆိုတဲ့ လေးနက်တဲ့ခံစားချက်တွေ ၊ အတူနေရင်းမှ တွေ့မြင်သိမြင်လာခဲ့တဲ့ ကိုယ့်အပေါ်သူထားတဲ့ စေတနာ ၊ မေတ္တာ နက်ရှိုင်းမှုတွေ ၊ ပေးဆပ်နေမှုတွေ ၊ နားလည်မှုတွေ ၊ ပံ့ပိုးမှုတွေ စတဲ့ ခံစားမှုတွေကို တန်ဖိုးထားလို့ဖြစ်ပါတယ်။

ကိုယ့်သားသမီးတွေမျက်နှာကို ငဲ့ညှာထောက်ထားလို့ တည်ခဲ့ပြီးသားဒီအိမ်ထောင်ကို ရှေ့ဆက်ရမယ်ဆိုတဲ့ တွေးခေါ်မှုထက် ဒို့သားသမီးတွေအတွက် ဒို့အတူပံ့ပိုးကြမယ်ဆိုတဲ့ ရဲဘော်ရဲဘက်စိတ်မျိုးနဲ့ ပေါင်းသင်းနေထိုင်သွားသင့်တာပါ။ ဒီလိုစိတ်မျိုးထားနိုင်မှ သေတပန်သက်တဆုံး ရိုးမြေကျ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်သွားနိုင်မှာပါ။

ရတု (Burmesehearts.com)

You might also like