ခြောက်လမှ ခှုနှစ်လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ခြောက်လကျော်လို့ ခုနှစ်လအတွင်း ရောက်လာတဲ့ကလေးဟာ အမူအရာ ၊ အပြုံးအရယ် ပိုတတ်ပြီး ပိုပြလာရုံမက စကားပြောချင်လာသလို အာ ၊ အ စသဖြင့်လည်း ပြောလာတာပေါ့။ တွေ့မြင်သမျှကို ပါးစပ်ထဲထည့်တတ်ပြီဖြစ်တာမို့ ရှေ့ မှာ ဆိုခဲ့သလို တစ်ရှူးခေါင်းပေါက်ထဲ ဝင်နိုင်တဲ့ပစ္စည်း အသေး ၊ အကြီးမှန်သမျှကို သူလက်လှမ်းမီရာမှာ မထားမိဖို့ သူ သုံးနှစ်အရွယ်အထိ သတိထားရဦးမှာပဲ။

သူ့လက်ထဲရောက်သွားရင် ကောင်းမှန်းဆိုးမှန်း ၊ အန္တရာယ်ရှိမှန်း မရှိမှန်း မသိသေးတော့ ပါးစပ်ထဲ ထည့်မှာပဲ။ ပစ္စည်းပျက်သွားရင် အသစ်ထပ်ဝယ်လို့ရပေမယ့် ကလေး လည်မြိုတစ်သွားလို့ အချိန်မီ မသိရှိ ၊ မထုတ်ပေးနိုင်ခဲ့ရင် အသက်ပါဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ကလေးထိန်းသူနဲ့ ကလေးအမေတွေ (ကလေးအနားရှိသူတွေဟာ )မျက်စိလျှင်ဖို့လိုပါတယ်။

ကလေးကို လုံးဝမျက်ခြည်ပြတ်လို့မရဘူး။ ကလေးကို ချီတော့ထားပါရဲ့ ။ ကိုယ်ကရှေ့ကို မျက်နှာလှည့်ထားပြီး ချီထားတဲ့ကလေးက ကိုယ့်နောက်ကို မျက်နှာလှည့်ထားတဲ့ အခြေအနေမျိုးဆိုရင် ကလေးဟာ ကိုယ်ကျောပေးထားတဲ့အရပ်က သူလက်လှမ်းမီရာကို လှမ်းယူဆွဲပြီး ကိုယ်မသိခင်မှာ ပါးစပ်ထဲ ထည့်လိုက်နိုင်တယ်လေ။ ဒါကြောင့် ကလေးချီထားရင်တောင်မှ သူလက်လှမ်းမမီတဲ့ ပတ်ဝန်းကျင်မှာမှ လွတ်လွတ်လပ်လပ် ကိုယ့်ပုခုံးမှာမေးတင် ချီထားလို့ရတယ်။ ကျန်တဲ့အချိန် ရှေ့ မှာပိုက်ထားတဲ့ချီနည်းက စိတ်အချရဆုံးပဲ။ သူဘာဆွဲဆွဲ ကိုယ့်မျက်စိရှေ့ဆိုတော့ သူပါးစပ်ထဲမထည့်မီ သူ့လက်ထဲက အချိန်မီပြန်ယူဖို့ ရတယ်လေ။

ဒီနေရာမှာ ကျွန်မရဲ့ကိုယ်တွေ့ကို မျှဝေချင်ပါတယ်။ ကလေးရဲ့ စိတ်အခြေခံ ပျိုးထောင်နည်းဆိုလည်း မမှားဘူးပေါ့။ လူဆိုတာ ကိုယ့်လက်ထဲမှာ ရထားတဲ့အရာ သူများလုယူတာ ခံရရင်ပဲဖြစ်ဖြစ် ၊ ဆုံးရှုံးလိုက်ရရင်ပဲဖြစ်ဖြစ် ဝမ်းနည်းတတ်ကြတယ်။ သူများလုယူခံလိုက်ရတယ်ဆို ပိုဝမ်းနည်းတာပေါ့။ ကလေးတွေဟာလည်း အတူတူပါပဲ။

ကိုယ့်အတွက် ဘာမဟုတ်တဲ့အရာလေးပေမယ့် သူတို့မမီ့တမီ ကြိုးစားဆွဲယူလို့ သူတို့လက်ထဲပါလာတဲ့အရာဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာတဲ့ အောင်မြင်မှု ရလဒ်တစ်ခုပါပဲ။ ဒါကို ကိုယ်က သူအတွက် အန္တရာယ်ရှိလို့ ဆွဲယူလိုက်ပေမယ့် သူဟာ သူ့အန္တရာယ်ကို သတိမထားမိသေးတဲ့ အရွယ်လေ။ သူသိတာက သူ့လက်ထဲက သူ့အောင်မြင်မှု လုယူခံလိုက်ရတာပဲ။ သူတို့နားလည်ခံစားရတာ ဒီခံစားချက်ပါ။ ဒီတော့ သူတို့ဟာ ဝမ်းနည်းတယ် ၊ လူကြီးလက်ထဲက ပြန်ယူလို့မရတဲ့ သူတို့လက်ရှိအခြေအနေကို ဝမ်းနည်းအားငယ်တတ်တယ်။

ဒီလို လုပ်ခံရပေါင်းများရင် ယုံကြည်ချက်မဲ့လာတဲ့ အခြေအနေကိုသော်လည်းကောင်း ၊ သူများလက်ထဲက ဒီလိုလုယူလိုက်တာဟာ သာမာန်အခြေအနေ (လုပ်ရိုးလုပ်စဉ်တစ်ခုလို)လို့ ယုံကြည်သွားပါတော့တယ်။ ဒီတော့ သူတို့ဟာ တချိန်မှာ သူများလက်ထဲကအရာကို လုယူလိုက်ဖို့ ဝန်မလေးတော့ဘူးပေါ့။ ကျွန်မနဲ့ ကျွန်မခင်ပွန်းကတော့ ကလေးလက်ထဲမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတစ်ခုရသွားပြီ။ သူ့ကို ဒီပစ္စည်းမကိုင်စေချင်ဘူးဆိုရင် သူစိတ်ဝင်စားတဲ့ အခြားပစ္စည်းတစ်ခုနဲ့ သူ့သဘောတူညီမှုကို ရယူပြီး အလဲအလှယ်လုပ်ပါတယ်။ ဒါဟာ သူပစ္စည်းတစ်ခုကို ဆုပ်ကိုင်လှမ်းယူတတ်တဲ့ ငါးလ ၊ ခြောက်လ အရွယ်ကတည်းကနေ စခဲ့တဲ့ အကျင့်ကလေးပေါ့။

ဒီလို သဘောတူဖလှယ်မှုကို အခြေခံထားတဲ့အတွက် ကလေးဟာ သူ့လက်ထဲက လုယူခံရလို့ ဝမ်းနည်းမှု ၊ အားငယ်မှု ၊ လူကြီးတွေအပေါ် အယုံအကြည်မဲ့လာမှုဆိုတာတွေကို မခံစားရတော့ဘူး။ ဒီပစ္စည်းထက်ကောင်းတဲ့ (သူကြိုက်တဲ့ပစ္စည်းကို ရနိုင်ခွင့်)ရှိတယ်ဆိုတဲ့ ဒုတိယအခွင့်အရေး ရှိတယ်ဆိုတာကိုလည်း နားလည်လာတယ်။ ဒါဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းစရာမရှိဘူး ၊ငကန်းသွားငစွေလာမယ်ဆိုတဲ့ အကောင်းမြင်ခံစားချက်ကို ဒီအရွယ်ကတည်းက စပြီး သင်ယူလိုက်ပါတယ်။ ကိုယ့်လက်ထဲကပစ္စည်းကို လုယူခြင်း မခံရတော့ သူများလက်ထဲက ပစ္စည်းကို မလုယူရဘူးလို့ အလိုလို သင်ပြီးသားဖြစ်သွားတယ်။

ဒါ့အပြင် ပစ္စည်းအလဲအလှယ်လုပ်လိုရင် သူများရဲ့ဆန္ဒကို လေးစားရမယ် ၊ သဘောတူညီမှုရမှ ရယူရမယ်ဆိုတာကိုလည်း သင်ယူပြီးသားဖြစ်သွားပါတယ်။ ဘဝမှာ ရွေးချယ်မှုရှိတယ်။ ဒီအောင်မြင်မှု ၊ ဒီအရာ လက်လွတ်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပက်လက် အားငယ်နေစရာမရှိဘူး ၊ ဘဝမှာ ရွေးချယ်မှုဆိုတာရှိတယ် ၊ ဒီ့ထက်ပိုကောင်းတဲ့ အခွင့်အရေးရနိုင်တယ်လို့ ကလေးဟာ သင်ယူသွားတယ်လေ။ ဒါဟာ လူကြီးရဲ့ လုပ်ရပ်တစ်ခုတည်းကနေ ကလေးငယ် သင်ယူလိုက်နိုင်တဲ့ အခွင့်အရေးတွေပါ။

စိတ်ဝင်စားစရာကောင်းတာက သူ့လက်ထဲက ပစ္စည်းတွေကို ခဏ ၊ ခဏ လုယူခံရတဲ့ကလေးငယ်တွေဟာ ညမှာ ထအော်ငိုတဲ့အကြိမ်အရေအတွက် များတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ခံစားမှု တိုးတက်လာတဲ့ အရိပ်အယောင်ပါတဲ့။ သူတို့ရဲ့ စွဲလမ်းမှုဟာ သူတို့ကို အိပ်နေရက်က ထအော်ငိုစေတဲ့အထိ ဖြစ်စေတာပါ။ ကလေးငယ်တွေဟာ စိတ်နှလုံးနုနယ်သေးတာကိုး။

ခုနှစ်လထဲရောက်လာတဲ့ကလေးဟာ လူကြီးမိဘ ကိုင်ထား ၊ ထိန်းထားစရာမလိုဘဲ သူတို့ကိုယ်တိုင် လက်ကလေးထောက် ထိန်းထားစရာမလိုဘဲ ကောင်းကောင်းထိုင်တတ်ပါပြီ။ ကလေးဟာ အမေသီချင်းဆိုပြလို့ ပျော်ရင် လက်ခုပ်တီးတတ်လာပါတယ်။ ဒါဆိုရင် သူ့ရေဗူးလေး သူ့ဘာသာ ကိုင်စို့သောက်ဖို့ သင်ပေးနိုင်ပြီပေါ့။
BurmeseHearts Blog

သွားငုတ်တုတ် ၊ လူငုတ်တုတ်ဆိုတဲ့စကားလို ငုတ်တုပ်ထိုင်နိုင်တဲ့ ကလေးအများစုဟာ သွားစပေါက်လာတတ်ကြပါတယ်။ ကလေးတွေရဲ့ ပထမဆုံးပေါက်တဲ့ သွားအများစုဟာ ရှေ့က အောက်သွားနှစ်ချောင်းပါ။ သွားပေါက်ချင်လို့ သွားဖုံးယားပြီး မိခင်နို့ကို အတင်းကိုက်တတ်တာ ၊ အားနဲ့မာန်နဲ့ ကစားစရာပစ္စည်းတွေ ကိုက်နေပြီဆိုရင်တော့ သွားပေါက်ချင်လို့သာ မှတ်ပါတော့။ အမာတွေ ပေးကိုက်ရင် ကလေးသွားဖုံးနာတာပေါ့။ teething ring လို့ခေါ်တဲ့ အရုပ်ဝိုင်းလေးတွေကို ပေးကိုက်စေပါ။ ဆီလီကွန်နဲ့ လုပ်ထားရင် ကလေးကိုက်ရင်း သွားဖုံးနာတာ ပိုသက်သာပါတယ်။

တကယ်လို့များ ကလေးသွားပေါက်တာ စိတ်စိတ်လေးမဖြစ်ဘဲ သွားကျဲလေးဖြစ်နေမယ်ဆိုရင် မစိုးရိမ်ပါနဲ့ ငယ်သွား (အချောင်းနှစ်ဆယ်) ကျိုးသွားပြီးလို့ အသစ်ပြန်ပေါက်လာတဲ့အချိန်မှာ သူ့ဘာသာသူ အံဝင်ဂွင်ကျဖြစ်သွားမှာပါ။ သွားကျဲလေးအဖြစ် တသက်တာ ဖြစ်မနေပါဘူး။

ဒီအရွယ်လေးမှာ ဂျိုင်းအောက်ကနေကိုင်ပြီး ခြေမြှောက်လက်မြှောက် ခုန်ဆွ ၊ ခုန်ဆွလေးကစားပေးရင် ကြိုက်တယ်။ ပျော်တယ်လေ။ ဒါဟာ သူ့ခြေထောက်ခွင်ခွင်လေးကို ပိုပြီးဆန့်လာတဲ့အကျင့် လုပ်ပေးသလိုဖြစ်ပြီး လမ်းမြန်မြန်လျှောက်ဖို့ကို အားပေးပါတယ်။ လူကြီးကိုင်ပေးထားရင်ပဲဖြစ်ဖြစ် ကုလားထိုင်တို့ ၊ ကိုင်စရာကောင်းကောင်းရှိနေရင်ဖြင့် သူဟာ မတ်တပ်ထနိုင်နေပြီပေါ့။ နောက်တဆင့်ကတော့ လေးဘက်သွားတော့မှာလေ။

မြန်မြန် လေးဘက်တွားစေချင်ရင် ကလေးထိုင်နေတဲ့ မလှမ်းတလှမ်းမှာ သူ့စိတ်ကြိုက်ကစားစရာလေးတွေ ဟိုတစ ၊ ဒီတစ ချထားတဲ့အခါ ကစားစရာတွေ ရယူချင်ဇောနဲ့ လေးဘက်ထောက်သွားဖို့ ကြိုးစားရင်း လေးဘက်တွားတတ်လာမှာပါ။ သူ့မလှမ်းမကမ်းက ပစ္စည်းတွေ သူ့ဘာသာ ယူမရလို့ ငိုတဲ့ကလေးကို ပစ္စည်းယူပြီး သူ့လက်ထဲ အလွယ်တကူ ထည့်ပေးတာမျိုး မလုပ်ဘဲ သူ့ကြိုးစားအားထုတ်မှုနဲ့ သူရယူနိုင်အောင် အားပေးပါ။ လူကြီးမိဘရဲ့ အားပေးမှုနဲ့ သူ့ဘာသာ ယူလို့ရလာရင် သူ့ရဲ့  ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုကို အားပေးပါ။ ချီးကျူးပါ။

ဒါဟာ ကလေးကို သူ့ကိုယ်ကို ယုံကြည်မှုရှိလာအောင် စတင်သင်ပေးခြင်းပါ။ သူလိုချင်တဲ့အရာကို သူငိုရုံနဲ့ သူ့လက်ထဲ ရောက်လာမယ်ဆိုရင် သူ့ရဲ့  ကြိုးစားအားထုတ်မှုကို ရေရှည်မှာ ထုတ်မသုံးချင်တော့ဘဲ လိုချင်တာရှိရင် ငိုယို ပူဆာတတ်တဲ့ အကျင့် ဖြစ်လာမယ်လေ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု ဘယ်လို သင်ပေးနိုင်ပါ့မလဲ။

တကယ်လို့များကလေးဟာ သူရတဲ့ပစ္စည်းကို ကောက်ယူမယ် ၊ လက်ချောင်းလေးတွေနဲ့ လှည့်ပတ်ကိုင်ကြည့်မယ် ၊ ပါးစပ်ထဲထည့်မယ်ဆိုရင် မတားပါနဲ့။ ဒါဟာ သူ့ရဲ့ အရည်အချင်းတွေ တိုးတက်ဖို့ သင်ယူကြိုးစားနေတာပါ။ ဒီလိုလုပ်ရင်း သူလိုချင်တဲ့အရာကို ရယူဖို့ ဦးနှောက်အသိနဲ့ အားထုတ်ရင်း ရလာတဲ့ပစ္စည်းကို လက်ချောင်းလေးတွေကို ထိန်းချုပ်အသုံးပြုဖို့ သူကြိုးစားနေတယ် ။ ပြီးရင် ဒီပစ္စည်း ပါးစပ်ထဲရောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့လုပ်ငန်းစဉ် ၊ နောက် ပါးစပ်ထဲက လျှာနဲ့အရသာခံစားရင်း လျှာလှုပ်ရှားမှု ၊ အရသာခံမှုဆိုတာတွေကိုလည်း သင်ယူနေပါတယ်။

လူကြီးမိဘတွေ အလုပ်သင့်ဆုံးက ကလေးကို ဒီလိုမလုပ်ရဘူးလို့ တားမယ့်အစား ကလေးပါးစပ်ထဲ မထည့်စေချင်တာ ကလေးလက်လှမ်းမီရာ မထားနဲ့ ၊ ကလေးရဲ့ ကစားစရာတွေကို ကလေးအိပ်ချိန်မှာ တနေ့တစ်ကြိမ် ၊ နည်းနည်းကြီးလာရင် နှစ်ရက်ခြားတစ်ခါ့ ၊ နောက် တစ်ပတ်တစ်ခါ စသဖြင့် မှန်မှန် ဆေးကြောပေးသွားဖို့ပဲ လိုတာပါ။ မသိတတ်တဲ့ ကလေးကတော့ သူ့သဘာဝအတိုင်း သူ့လက်ထဲကအရာကို ပါးစပ်ထဲ ထည့်မှာပါ။ ဒါဟာ သဘာဝပါ။ ကိုယ်တွေလည်း ဒီလိုသင်ယူရင်း ကြီးခဲ့တာပါ။

လက်ခုတ်တီးတတ်လာတဲ့ကလေးဟာ တခစ်ခစ်နဲ့ အသံထွက်ရယ်မောလာတာ ၊ လက်ခုပ်တီးဖို့ကျင့်ရင်း လက်ခုပ်တီးလာတာ ၊ ပစ္စည်းတွေကို လှုပ်ခါရင်း အသံမြည်အောင်လုပ်တတ်တာ ၊ ကြမ်းနဲ့ပစ္စည်းရိုက်တာ ၊ နံရံနဲ့ပစ္စည်းရိုက်တာကနေ ရိုက်ခတ်မှုတွေက ထွက်လာတဲ့ အသံတွေကို စိတ်ဝင်တစား သင်ယူလာပါတယ်။

ဒီအရွယ်မှာ သူစိမ်းတွေကို ရှက်တာ ၊ ကြောက်တာတွေလည်း စဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် သူ့ကိုထားခဲ့ပြီး မိခင်က ထွက်သွားတာမျိုးဆိုရင်လည်း သူက စိတ်ဆိုးတတ်လာ ၊ ငိုယိုတတ်လာပါတယ်။ ကလေးစထိုင်တတ်တဲ့အချိန်ကစပြီး လမ်းလျှောက်သင်တဲ့ ဘီတပ်လှည်းကလေးထဲ ကလေးကို ထည့်ထားပြီး လမ်လျှောက်စေလို့ရပါပြီ။ ကျွန်မတုန်းကတော့ ကလေးကို Baby Carrier လေးနဲ့ ချီထားပြီး သူ့လည်းစကားပြောရင်း အိမ်သန့်ရှင်းရေး ၊ လျှော်ဖွပ်ရေး ၊ အဝတ်လှန်း ၊ အဝတ်ရုပ် ၊ သူ့ကစားစရာ ပစ္စည်းတွေရှင်း ၊ အိမ်လဲရှင်း စသဖြင့်ကိုလုပ်တယ်။ ဟင်းချက်ရင်တော့ သူ့ကိုဘီးတပ်လှည်းကလေးထဲ ထည့်ထားပြီး ကိုယ့်ဘေးမှာထားရင်း ချက်တယ်။ ညှော်မယ့်အစားအစာတွေကိုတော့ သူအိပ်နေချိန် ချက်တာပေါ့။

ကလေးဟာ သူနဲ့သာ အမေ(လူကြီး)ရှိနေ ၊ သူ့စိတ်က လုံခြုံစိတ်ချပြီးသား။ လုပ်ရင်းသူ့ကို စကားပြောပေးတဲ့အခါ အမေဘာလုပ်နေတယ် ၊ ဘာလုပ်ရင် ဘာဖြစ်တယ်ဆိုတာ သင်ယူနေတော့ သူလဲမပျင်းဘူး ၊ ကိုယ်လည်း အလုပ်ပြီးတာပေါ့။ သူနဲ့အတူ ဆော့ကစားမယ်ဆိုရင်တော့ “တူတူရေဝါး” ကစားနည်းကို သူဟာ စိတ်လှုပ်ရှားမှာပါ။ ဒီအရွယ်မှာ မျက်စိမှိတ်ထားရင် သူတို့မြင်ကွင်းက ပျောက်သွားတဲ့အရာဟာ လက်တွေ့မှာလည်း ပျောက်သွားပြီလို့ ယုံကြည်နေတဲ့အရွယ်မို့ သူတို့အတွက် ဒီကစားနည်းဟာ စိတ်လှုပ်ရှားစရာပေါ့။

မအိပ်ခင် စောင်အောက်ကို မိသားစုအတူဝင်ပြီး စောင်က ဖောက်ထွင်းမြင်ရတဲ့ မျက်နှာကြက်ကအလင်းရောင် ၊ စောင်ဖယ်လိုက်တဲ့မြင်ကွင်း ၊ စောင်အုပ်ထားတဲ့ မြင်ကွင်းဟာ သူ့အတွက် စိတ်လှုပ်ရှားမှုကို ပေးသလို ဒီလိုအပြောင်းအလဲတွေမှာ မိသားစုအကုန်လုံး တစုတဝေးတည်း  ရှိနေတဲ့အတွက် စိတ်လုံခြုံမှုနဲ့ စိတ်ပျော်ရွှင်မှုကိုလည်း ပေးတယ်လေ။ ကျွန်မကလေးကတော့ ညအိပ်ယာဝင်ချိန်တိုင်း တစ်နာရီလောက် ဒီလိုကစားပြီးမှ နှစ်နှစ်ခြိုက်ခြိုက် ပျော်ပျော်ရွှင်ရွှင် အိပ်ယာဝင်လေ့ရှိတယ်။

ဒီအရွယ်ကစပြီး သူနဲ့ အပြင်ထွက်ရင် အခြားလိုအပ်တဲ့အရာတွေအပြင် သူကြိုက်တတ်တဲ့ ကစားစရာတွေကိုလည်း မမေ့မလျော့ ထည့်ယူသွားရတော့မှာပါ။ ဒါမှ သူငိုရင် ခဏတော့ အငိုတိတ်အောင် ထိန်းထားနိုင်တယ်လေ။ မိခင်က (သူနဲ့အနီးဆုံးရှိတဲ့သူက) သတိထားတတ်ရင် သူကြိုက်တဲ့ ၊ မကြိုက်တဲ့ အရာတွေကို ကောင်းကောင်း သတိထားမိလာမှာပါ။ဒါဆိုရင် သူ့ရွေးချယ်မှုကို တလေးတစား ပြနိုင်တဲ့ အခွင့်အရေးရပြီပေါ့။

သူ့ရွေးချယ်မှုဆိုတာကို ကိုယ်လေးစားရင် ကိုယ့်ရွေးချယ်မှုကိုလည်း သူကလေးစားလာပါတယ်။ သူများကြိုက်တာ အမြဲလိုက်လုပ်နေရရင် ကိုယ်ကြိုက်တာ ဘာမှန်းမရေရာတော့တာလည်း ဖြစ်သွားနိုင်တာမို့ ဒီအရွယ်ကစပြီး သူကြိုက်တာတွေကို မဆိုးရွားရင် တလေးတစားနဲ့ ရွေးချယ်ခွင့်ပေးလို့ သူ့ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးမယ် ၊ ရွေးချယ်မှုနဲ့ လုပ်ရည်ကိုင်ရည်ကို မြှင့်တင်ပေးခဲ့ရင် ကလေးဟာ ဘဝမှာ ငါဘာဖြစ်ချင်တယ်ဆိုတာကို သူများအပြောကြောင့်မဟုတ်ဘဲ ကိုယ့်ဘာသာ ပြတ်ပြတ်သားသား ရွေးချယ် ပိုင်းခြားလုပ်ကိုင်နိုင်တဲ့ ယုံကြည်မှုဆိုတာကို ရလာမှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

 

You might also like