မွေးကင်းစကလေးအကြောင်း သိကောင်းစရာ

0

baby development

မဖြောင့်သေးတဲ့ ကလေးခြေလက်များ

မွေးကင်းစကလေးရဲ့ ခြေလက်တွေဟာ မဖြောင့်သေးဘဲ ကောက်ကောက်လေးရှိနေမှာပါ။ ဒါဟာ မွေးကင်းကလေးတိုင်းလိုလိုပဲလေ။ ဘာဖြစ်လို့ ဒီလို ကောက်ကောက်လေး ဖြစ်နေရသလဲဆိုတော့ အမေ့ဝမ်းထဲမှာ ခွေခေါက်ပြီး ကျဉ်းကျဉ်းကျပ်ကျပ် နေခဲ့ရတဲ့ အချိန်ကြာခဲ့လို့ပါ။ အပြင်လောကနဲ့ အသားကျလာတဲ့အခါ ခြေလက်လေးတွေလည်း သူ့ဘာသာသူ ပြန်ဆန့်လာမှာပါ။ ရေချိုး ၊ အဝတ်လဲပြီးတဲ့အခါ ကလေးကို ဒူးကွေး ဒူးဆန့် ၊ လက်ကွေး ၊ လက်ဆန့် နူးနူးညံ့ညံ့ လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

သူ့ရဲ့ ခြေကလေးဟာ ခွင်ခွင်လေးဖြစ်နေမယ် ၊ ဆန့်ဆန့်လေး ဖြစ်မနေဘူးဆိုရင်လည်း မစိုးရိမ်ပါနဲ့ ။ လေ့ကျင့်ခန်းသာ မှန်မှန်လေး လုပ်ပေးတဲ့အခါ သူလမ်းလျှောက်တတ် ၊ ပြေးလွှားတတ်လာတဲ့ နှစ်နှစ်အရွယ်မှာ သူ့ဘာသာသူ ပုံမှန်ဖြစ်သွားမှာပါ။ အဲဒီအရွယ်မှ မဖြစ်ဘူးဆိုရင် ဆရာဝန်နဲ့ စစ်ဆေးပြသပေါ့။

 

ဘယ်နှစ်ကြိမ်နို့စို့တတ်သလဲ

မွေးကင်းစကလေးဟာ နို့ကတော့ တွင်တွင်စို့နေမှာဖြစ်ပါတယ်။ ပြီးရင် အိပ်မယ်ပေါ့။ အရင်ပို့စ်တွေမှာဆိုထားပြီးဖြစ်သလို သူ့တနေ့တာရဲ့ သုံးပုံ နှစ်ပုံကို အိပ်စက်ရင်း သူဟာ ကုန်ဆုံးစေမှာဖြစ်ပါတယ်။

မွေးပြီး ပထမရက်သတ္တပတ်အတွင်းမှာ ကလေးဟာ တစ်နေ့ကို (၈)ကြိမ်ကနေ (၁၅)ကြိမ်အထိ နို့စို့နိုင်ပါတယ်။ ဒုတိယရက်သတ္တပတ်အတွင်းမှာတော့ (၆)ကြိမ်ကနေ (၈)ကြိမ်အထိ နို့စို့မှာဖြစ်ပြီး နို့ကို ခပ်များများ စို့နိုင်လာပြီပေါ့။ မိခင်နို့စို့တဲ့ကလေးတွေဟာ နို့ဗူးသောက်စို့တဲ့ကလေးတွေထက် နို့စို့ဖို့တောင်းဆိုတဲ့ အကြိမ်အရေအတွက် များမှာဖြစ်ပါတယ်။

မွေးပြီး ပထမ(၂၄)နာရီအတွင်းမှာ ကလေးဟာ (၁၆)နာရီကနေ (၁၇)နာရီအတွင်း အိပ်စက်ပြီး နိုးလိုက် နို့စို့လိုက် ၊ ပြန်အိပ်လိုက်မို့ မိခင်ကိုယ်တိုင်လည်း သူနိုးတိုင်း အိပ်ရေးပျက် ၊ အလုပ်အကိုင် ပျက်ရမှာပေါ့။

ဒါပေမယ့် ရက်သတ္တပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်းမှာတော့ သူနို့စို့တဲ့ အကြိမ်အရေအတွက်နဲ့ အိပ်တဲ့အကြိမ်အရေအတွက် ပုံစံပြောင်းလာမှာ ဖြစ်ပေမယ့် မွေးကင်းစကနေ လအနည်းငယ်အထိ ကလေးငယ်တွေဟာ နေ့နဲ့ည ခွဲခြားအိပ်ရမယ့် ပုံစံကို နားမလည်နိုင်သေးပါဘူး။
BurmeseHearts Blog

မွေးကင်းစကလေးငယ်တွေ ဘာကြောင့်ငိုရတယ်

မွေးကင်းစကလေးငယ်တွေဟာ မပြောဆိုတတ်သေးတာမို့ သူတို့ဟာ ငိုခြင်းနဲ့ပဲ ဆန္ဒကို ထုတ်ဖော်နိုင်ပါတယ်။ သူငိုတဲ့အခါ သေးစိုနေလား ၊ ဝမ်းသွားထားလို့လား ၊ အကောင်တစ်ခုခုကိုက်သွားလို့လား ၊ နေရထိုင်ရတာ အဆင်မပြေလို့လား ၊ ထိတ်လန့်တကြားရှိလို့လား ၊ နို့ဆာလို့လား ၊ နေမကောင်းလို့လား အဲဒီအဖြေအထွေထွေကို လူကြီးမိဘ (အနီးဆုံးရှိနိုင်တဲ့မိခင်)က ရှာဖွေရမှာဖြစ်ပါတယ်။

ကလေးငိုသံကြားတာနဲ့ မိခင်က အနားမှာရှိနေကြောင်း ချိုချိုသာသာ ချော့မော့အသံပြုပေးပါ။ ပွေ့ချီလိုက်ပါ။ နမ်းလိုက်ပါ။ လမ်းလျှောက်ချီထားရင်း လှုပ်ပေး ၊ မြှူပေး ၊ ချော့ပေးပါ။ အငိုတိတ်သွားရင် ဘာကြောင့်ငိုရသလဲ အဖြေရှာကြည့်ပါ။ ဘာအကြောင်းမှ မရှိဘဲငိုနေရင်ခဲ့ရင် နို့တိုက်ကြည့်ပါ။ နို့ဆာလို့ငိုရင် နို့စို့မှာပါ။ နို့လဲမစို့ဘူး ။ ဘာကြောင့်ငိုမှန်းလည်း မသိဘူးဆိုရင် ကလေးဟာ နေရထိုင်ရ မသက်မသာ ခံစားနေရလို့ပါ။

 

ချိုလိမ်ကို ဘယ်အချိန်က စသုံးသင့်သလဲ

ချိုလိမ်ကို မွေးကင်းစအရွယ်လေးကနေ စသုံးနိုင်တယ်လို့ ညွှန်ကြားချက်ထဲမှာ ရေးသားထားပေမယ့် မိခင်နို့တိုက်ကျွေးသူတွေအတွက် ကလေး (၆)ပတ်ကနေ (၈)ပတ်အတွင်းကို ချိုလိမ်မသုံးသေးဘဲ မိခင်နို့နဲ့ အရင်အသားကျအောင် လေ့ကျင့်ပေးပါ။ နို့ဗူးတိုက်ကျွေးတဲ့သူတွေကတော့ မွေးကင်းစကတည်းကနေ စအသုံးပြုနိုင်တယ်လို့ မှတ်သားရပါတယ်။

ဒါပေမယ့် ကလေးငိုတဲ့အချိန်မှာ ချိုလိမ်ကို ပါးစပ်ထဲအတင်းထိုးသွင်းပြီး တိတ်စေတာမျိုးကို မလုပ်ပါနဲ့။ အရင်ဆုံး ငိုနေတဲ့ကလေးကိုချော့မြှူပါ ။ အထက်မှာပြောထားသလို လုပ်ရင်း ကလေးအငိုတိတ်သွားတဲ့အခါ ချိုလိမ်ကို စို့စေလို့ ရပါတယ်။

သွားပေါက်ချင်လို့ ကိုက်ဖို့ဝါသနာပါလာတဲ့ကလေးကို ချိုလိမ်ပေးတာထက် အခြား သွားပေါက်တဲ့ကလေး ကိုက်နိုင်တဲ့ ပစ္စည်းတစ်ခုခုကို အစားထိုးပေးတာက ကလေးရဲ့သွားပေါက်ခြင်းကို ပိုအဆင်ပြေစေပါတယ်။

 

စောမွေးလာခဲ့သော ကလေးများအတွက်

မွေးဖွားချိန်မတိုင်မီ စောမွေးလာခဲ့တဲ့ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူမွေးဖွားလာတဲ့နေ့ကနေ စတွက်လို့မရပါဘူး။ သူတကယ်မွေးဖွားရမယ့်နေ့ (Due date) ကနေ ကလေးရဲ့ ဖွံ့ဖြိုးမှုကို တွက်ရမှာဖြစ်ပါတယ်။ ဥပမာ (၇)လခွဲလောက်နဲ့ စောမွေးလာခဲ့တယ်ဆိုပါတော့။ မိခင်ဝမ်းအပြင်ရောက်လာတဲ့ သူ့မွေးနေ့ဟာ မွေးနေ့သပ်သပ်ပါ။ သူ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ သူမွေးဖွားလာရမယ့် (Due date) ကနေ စတွက်ရမှာဖြစ်ပါတယ်။

စောမွေးလာတဲ့ကလေးကို သူအပြင်ရောက်လာတဲ့ မွေးနေ့က စတွက်ချက်ပြီး ဖွံ့ဖြိုးမှု နောက်ကျနေတယ်လို့ ထင်မှတ်ရင် မှားပါလိမ့်မယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like