ခေတ်အောက်မှ လူသားကလေးများ

0

ကျွန်မတို့မျိုးဆက်တွေဟာ မိဘတွေရဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်ထဲ မိဘနဲ့အတူနေခွင့်ရတဲ့အချိန်ဟာ နည်းသထက် နည်းလာကြတယ်။ မိဘမဟုတ်တဲ့သူတွေရဲ့ ကြည့်ရှုမှုအောက်မှာ မိဘမေတ္တာ အစားထိုးကြီးပြင်းလာရင်း ဒီလိုကြီးပြင်းလာတာဟာ သဘာဝလို့ ထင်လာကြတယ်။ ပြီးတော့ ဒါဟာ သဘာဝလို့ကို ယုံကြည်လာတယ်။ ဒီတော့ သူတို့ရဲ့ မျိုးဆက်တွေကိုလည်း ဒီလိုပဲ ကြီးပြင်းစေတဲ့အခါ …. ကျွန်မတို့ ကမ္ဘာကြီးမှာ ကလေးတွေ မေတ္တာငတ်လာတာ ဆန်းသလား ။ မဆန်းတော့သလိုပဲနော်။

တိုးတက်တဲ့မြို့ ၊ နိုင်ငံ ၊ တိုင်းပြည်တွေမှာ မွေးဖွာလာခဲ့တဲ့ ကလေးတွေဟာ မိခင်ဝမ်းကကျွတ်လို့ လပိုင်းအချိန်လေးမှာဘဲ အလုပ်ဝင်ဖို့တာစူနေတဲ့မိခင်ရဲ့ ကြိုတင်ပြင်ဆင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိခင်နို့ရည်အစား နို့ဗူးကို သောက်စို့တတ်ဖို့ လေ့ကျင့်ခံကြရပါတယ်။ ကံအဆိုးဆုံးကလေးကတော့ ဆေးရုံပေါ်ကဆင်းတာနဲ့ မိခင်နို့ သောက်စို့ခွင့်ငတ်တော့တာပါဘဲ။

ချစ်လှပါချည့်ဆိုတဲ့ မိမိတို့ရဲ့ သားသမီးတွေကို မေတ္တာကြောင့် ဖြစ်တည်လာတဲ့ မိခင်နို့ရည်အစား အများတိုက်ကျွေးတဲ့ ဘာဘာညာညာ အကောင်းဆုံးကြော်ငြာတွေနဲ့ တံဆိပ်အမျိုးမျိုး ကပ်ထားတဲ့ နွားနို့မှုန့်တွေ ဖျော်တိုက်ကြတယ်။ ဒါဟာ သဘာဝဖြစ်လို့နေပြီလား။ ကလေးကစားစရာတွေမှာတောင် နို့ဗူးလေးတွေနဲ့ ကလေးရုပ်တွေကို တိုက်ကျွေးဖို့ ထည့်ပေးထားတယ်။ ဒါဟာ သွယ်ဝိုက်သောနည်းအားဖြင့် ယနေ့ခေတ်ကလေးတွေ မိခင်နို့ငတ်နေကြတယ်လို့ ဖော်ပြလိုက်တာပါ။

ဒီနေ့ခေတ်ထဲ နို့စို့အရွယ်ကလေးငိုရင် ကလေးကို မိခင်နို့တိုက်ချော့တဲ့ မိခင်အရေအတွက်ဟာ ရှားသထက် ရှားလာပါပြီ။ ခေတ်မီလူတန်းစားဆိုတဲ့ မျက်နှာဖုံးတစ်ခုအောက်မှာ ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ အချိန်ပြည့် အလုပ်များနေကြတဲ့ မိခင်တွေကြောင့် ကျွန်မတို့မျိုးဆက်ကလေးတွေ မိခင်နို့ လအနည်းငယ်က နှစ်အနည်းငယ်အထိ သောက်စို့ခွင့်ဆိုတာ နည်းသထက် နည်းလာပါပြီ။

သုံးနှစ်အောက် ကလေးတွေရဲ့  အလိုလား အတောင့်တဆုံးအချက်က တစ်ခုတည်းပါပဲ။ ဒါဟာ သူတို့ အထူးအလေးအမြတ်ထားသူ တစ်ဦးတည်းက ၎င်းတို့တစ်ဦးချင်းစီကို ဂရုစိုက်မှုပေးတာမျိုးပါ။

BurmeseHearts Blog

ဘယ်လိုပဲ နာမည်လှလှပေးထားပြီး ဘယ်လိုပြီးပြည့်စုံတယ်လို့ ဓါတ်ပုံ ၊ ဗွီဒီယို အလုံးစုံနဲ့ မိဘတွေရဲ့ ယုံကြည်မှုရအောင် ကြော်ငြာထားထား မိမိကလေးတွေကို ထိန်းကျောင်းသူတွေက မိမိရင်ကမွေးထားတဲ့ကလေးကို သူတို့ရင်ကမွေးလာတဲ့ကလေးလို ပြီးပြည့်စုံအောင် မပြုစု ၊ မစောင့်ရှောက်နိုင်ကြပါဘူး။

မိခင်ရင်ခွင်ထဲရှိရမယ့်အရွယ်မှာ ကလေးအတွက်ပါလို့ အကောင်းဆုံးဆင်ခြေသုံးပြီး အခြားသူတွေနဲ့ ထားမှာလား။ အခြေအနေမှမပေးတာလို့ စောဒကတက်မယ့်သူတွေအတွက် ရည်ရွယ်ပြီး ကလေးမယူခင်ကတည်းက ကလေးအတွက် ငွေကြေးအလုံအလောက် ရှာပြီးမှ ကလေးယူဖို့ အစကတည်းက ကျွန်မ တိုက်တွန်းခဲ့တာပါ။ စီမံကိန်းမချဘဲ ရလာတဲ့ကလေးဟာ ကံဆိုးသူလေးတော့ မဟုတ်ပါဘူး။

ခုခေတ်ကလေးတွေဟာ ကိုယ့်ဘာသာကိုယ်တောင် မေတ္တာငတ်လို့ ငတ်မှန်းမသိဘဲ တိုးတက်တဲ့ ခေတ်ကြီးထဲက စက်ပစ္စည်းကိရိယာအမျိုးမျိုး ၊ ဂိမ်းအမျိုးမျိုး စသဖြင့် မိဘဆွေမျိုးတွေ ပေးနိုင်တဲ့ပစ္စည်းတွေကို အဖော်ပြုရင်း ပျော်သယောင်ယောင် ကြီးပြင်းခဲ့ကြရတာ မဟုတ်လား။

ပျော်သယောင်ယောင်လို့ ဆိုထားကတည်းက တကယ့် ပျော်ရွှင်မှုအစစ်ဆိုတာကို မသိခဲ့တာသော်လည်းကောင်း ၊ မရခဲ့တာသော်လည်းကောင်း ဖြစ်နိုင်တယ်လေ။ ကိုယ်မသိတဲ့အရာ ၊ ကိုယ်မရခဲ့တဲ့အရာကို ကိုယ်ဘယ်လို ပြန်ပြောတတ်ပါ့မလဲ ။ ပြန်ပေးတတ်ပါ့မလဲနော် ။ ဒါဟာ ကင်းမဲ့လာသော မေတ္တာတရားပါ။

ဒါကြောင့် တိုးတက်နေတဲ့ နိုင်ငံတွေမှာ ငယ်ရွယ်သူတွေဟာ လူသတ်သမားတွေ ဖြစ်လိုဖြစ် ၊ ကျောင်းခန်းတွေထဲ လူသတ်လိုသတ် စသဖြင့်သော အဖြစ်တွေ ၊ သတင်းတွေ ဖြစ်ပေါ်နေတာပါ။

သက်သေမပြနိုင်တဲ့ ထင်မြင်ယူဆချက်တွေဟာ မှားတယ်လို့ ပယ်ချခံရလေ့ရှိတယ်။ မေတ္တာဆိုတာ ဒါကြီးပါလို့ အကောင်အထည် ထုတ်ပြလို့ မရတော့လည်း ဒါကြီးမရှိလို့ ဒီလိုဖြစ်နေကြတာပါလို့ သက်သေပြဖို့လည်း ခက်သားလား။ ဒါပေမယ့် မေတ္တာကင်းမဲ့လာတဲ့ ယနေ့ခေတ်ကမ္ဘာကြီးထဲ မျိုးဆက်တွေကို မေတ္တာပေးအပ်ဖို့ လိုတယ်ဆိုတာတော့ အမှန်တရားပါ။

ယနေ့ခေတ်ထဲ ကျွန်မတို့အချင်းချင်း မေတ္တာပေးဖို့လိုပါတယ်။ မျိုးဆက်တွေကို အချိန်ပေးပြီး မေတ္တာပေးဖို့ လိုပါတယ်။ ကျွန်မတို့ဟာ ကလေးတွေရဲ့ စံပြဖြစ်တဲ့အတွက် အတုမြင် အတတ်သင် မဖြစ်ရလေအောင် ယနေ့ကစပြီး ကိုယ်တိုင်မေတ္တာပေးကြစို့လားနော်။

ရတု (Burmesehearts.com)

You might also like