Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဥသြမေ-ချစ်သူအမိန့် – BurmeseHearts

ဥသြမေ-ချစ်သူအမိန့်

0

ဒီနေ့မနက် (၆)နာရီ သံပတ်ဖြင့်နိုးသည်။ မျက်နှာသစ်ပြီး ဘုရားကန်တော့နေရင်း ဖုန်းမြည်သံ နားစွင့်ထားမိသည်။ ဖုန်းသံနားစွင့်ရင်း မျက်နှာသစ်၊ ဘုရားရှိခိုး၊ ရေချိုး၊ ပြင်ဆင်တတ်ခဲ့တာ သူနှင့် ရည်းစားဖြစ်ကတည်းကဆိုလျှင်မမှား။

ဘယ်မှမသွားပေမယ့် တစ်ခုခုလုပ်ရက်တန်းလန်း ချက်ချင်းဖုန်းမကိုင်လျှင် သံသယဖြင့် မေးမြန်းအပြစ်တင်မဆုံးတာမို့ ခဏတာလေး ဖုန်းပြောရချိန်လေးကို သူစိတ်ဆိုးနိုင်မည့်ကိစ္စများအထူးရှောင်ကျဉ်မိသည်။

အ၀တ်အစားထုတ်ရန် ဗီရိုဖွင့်လိုက်တော့ အရောင်နုနုထမိန်များနှင့် တီရှပ်များသာ။ ဒီအ၀တ်အစားတွေဆိုလဲ သူနှင့်ရည်းစားဖြစ်ကတည်းက ၀တ်ကျင့်ဖြစ်ခဲ့တာပင်။ စကပ်မ၀တ်ရ၊ ဘောင်းဘီမ၀တ်ရ၊ ဂါဝန်မ၀တ်ရ၊ အကျပ်မ၀တ်ရ၊ အတိုမ၀တ်ရဆိုသည့် များမြောင်လှသည့် စည်းကမ်းချက်များကို ရှောင်ဖို့ ထမိန်နှင့် တီရှပ်ပဲဝတ်ကျင့်ဖြစ်လာခဲ့သည်။

ဒါတောင် အရောင်ရင့်ရင့်မဆင်ရဟုဆိုထားသည်မို့ ခပ်နုနုအရောင်များသာ အ၀တ်များရင်း မှိန်မှိန်လေးနေတတ်ခဲ့သည်မှာလဲ သူနှင့် ရည်းစားဖြစ်ကတည်းကပင်။

အ၀တ်အစားလဲပြီး ကျောလယ်မရောက်တရောက် ဆံပင်ဖြေင့်စင်းစင်းကို အပြီးသတ်ဖြီးရင်း သူနှင့်တွေ့တုန်းက ထားခဲ့သည့် ဒီဆံပင်ပုံပဲထားရမည်ဆိုတာမို့ မရိုးစင်းနိုင်စွာ ဒီဆံပင်ပုံပဲ အမြဲပြုပြင်ထားဖြစ်သည်။ မျက်နှာဆိုလဲ သူကဘာမှမပြင်ရဆိုတာမို့ မျက်နှာပြောင်ကို တို့ပတ်ဖြင့် တစ်ချက်ပွတ်လိုက်ကာ ပန်းနုရောင်ဖျော့ဖျော့နှုတ်ခမ်းနီကို စိုရုံလေးပွတ်လိုက်သည်။ နှုတ်ခမ်းနီဆိုလဲ နှုတ်ခမ်းပုံပေါ်သည်အထိ မဆိုးရဟု သူကဆိုထားသည်။

(၈)နာရီထိုးတဲ့အထိ သူဖုန်းမဆက်မှတော့ ဒီနေ့ သူဆက်မှာမဟုတ်တော့ဘူးဟု စိတ်ဒုန်းဒုန်းချကာ မနက်စာပြီး မနေ့ကတည်းက ကြိုပြင်ဆင်ထားသည့် လက်ကိုင်အိတ်ကောက်လွယ်လိုက်သည်။ သူနှင့်အရောင်တူစီးနေကျ ကတ္တီပါသျှားရောင်ဖိနပ်ပါးပါးကို ကောက်ယူရင်း ရှည်စပြုနေသည့် လက်သည်းကိုသတိထားမိသည်။ သူက လက်သည်းနီဆိုးတာမကြိုက်၊ လက်သည်းရှည်ထားတာမကြိုက်မို့ လက်သည်းရှည်ထားပြီး အရောင်အမျိုးမျိုး ပြောင်းဆိုးရမှကြိုက်သည့် ကျွန်မအကျင့်ကို စွန့်လွှတ်ခဲ့တာလဲ ကြာပြီပဲ။

မြို့ထဲသွားမည့် ဘတ်စ်ကားကြပ်ကြပ်ကို (၉)နာရီတက်ရမည့် သင်တန်းချိန်မှီအောင် ပြေးတိုးလိုက်သည်။ ဘတ်စ်ကားကြပ်ကြပ်ထဲမို့ အခုအချိန်များ ကျွန်မအနားမှာ ရှိနေသည့် ကျွန်မ မသိသောယောက်ျားများနှင့် ကျွန်မကိုတွဲမြင်လျှင် သူ သ၀န်တိုပြီး မြည်တွန်တောက်တီးလေဦးမလား။ သ၀န်တိုလွန်းသည့်သူ့ကြောင့် သူနှင့်ချစ်သူဖြစ်ပြီးကတည်းက ယောက်ျားလေးသူငယ်ချင်းထားဖို့မပြောနှင့်။ အခေါ်အပြော၊ ဖုန်းပင်ထူးခွင့်မရှိပါတဲ့။ ထို့ကြောင့်ရှိခဲ့သည့် ယောက်ျားလေးသူငယ်ချင်းများနှင့် ကျွန်မ အခေါ်အပြောပြတ်စဲခဲ့သည်။ ၀မ်းကွဲ အစ်ကို၊ မောင်တွေကအစ လမ်းတွင် အခေါ်အပြောမပြုလုပ်ရတဲ့။ အကြောင်းက တခြားသူစိမ်းယောက်ျားလေးတွေကို ခေါ်ပြောဆက်ဆံရင်း ၀မ်းကွဲတွေလို့ လိမ်ညာမှာ ကြံဖန်စိုးသတဲ့။

နောက်ဆုံး ကျွန်မ၏မိန်းကလေးသူငယ်ချင်းများကိုပါ အဆက်အဆံဖြတ်ခိုင်းခဲ့တယ်။ သူ့အကြောင်းပြချက်က ထိုမိန်းကလေးများတွင် ယောက်ျားလေးသူငယ်ချင်းများရှိနေသဖြင့် သူတို့ကတဆင့် ကျွန်မကိုလာပတ်သက်မှာစိုးသတဲ့။ သူ့တောင်းဆိုသမျှတွေလိုက်နာရင်း တစ်ကောင်ကြွက်ဖြစ်သည့် ကျွန်မတွင် တီးတိုးဖော်ဆိုလို့ သူတစ်ယောက်တည်းရှိသည်။

သူကိုယ်တိုင်တော့ မိန်းကလေးအပေါင်းအသင်းများနှင့် သွားသွားလာလာ ပျော်ပါးတတ်သဖြင့် သူငယ်ချင်းများက မတရားဘူးဟုပြောကြတော့ သူ့ဘက်ကနာပြီး ကျွန်မကိုယ်တိုင်က ထိုသူငယ်ချင်းများကို အဆက်အသွယ်မလုပ်တော့။

တကယ်ဆို သူငယ်ချင်းများနှင့် လုံးဝအဆက်အဆံမပြတ်သွားစဉ်က သူငယ်ချင်းများအလယ်တွင် ကျွန်မမျက်နှာငယ်ရပါသည်။သူ့ရဲ့ တဘက်သတ်ဆန်သည့် တောင်းဆိုမှုများကို အမြဲလိုက်လျောနေသည့် ကျွန်မကို သူငယ်ချင်းများကအားမရ။ ဒါပေမယ့်…. ကျွန်မသူ့ကို အရမ်းချစ်သည်။ သူဘာပြောပြော သူ့စိတ်တိုင်းကျ လုပ်ပေးချင်သည်။ သူ့နှင့် ယှဉ်ပြိုင်ရွေးချယ်စရာ ဒုတိယအကြောင်းအရာ၊ ဒုတိယလူဟူ၍ မမြင်။ ကျွန်မကိုယ်ကျွန်မထက်ပင် သူ့ကိုပိုချစ်ပါသည်။ ကျွန်မအိပ်ယာထဲ အပျင်းဖျားနေဦးတော့ သူတွေ့ချင်သည်ဆိုလျှင် အချိန်မရွေးထထွက်သွားတတ်တာ ကျွန်မပင်။ အဲဒီလောက်ထိ ကျွန်မသူ့ကို သိပ်ချစ်ပါသည်။

အတွေးလွန်ရင်း လမ်းသုံးဆယ်မှတ်တိုင်ဟု အော်သံကြားမှ သတိဝင်ကာ ကားပေါ်မှ ကပျာကယာဆင်းမိသည်။တကယ်ဆို ဒီကွန်ပျူတာပရိုဂမ်သင်တန်းလဲ ကျွန်မလုံးဝ စိတ်မ၀င်စားပါ။ သူက ဒီသင်တန်းတက်ဆို၍သာ လာတက်ခြင်းဖြစ်သည်။ တစ်ခါတစ်လေတော့လဲ အမြဲလို တစ်ယောက်တည်း သွားနေရတာကြီးကိုငြီးငွေ့သည်။ အိမ်မှာလဲ တစ်ယောက်တည်း၊ အပြင်သွားလဲတစ်ယောက်တည်း၊ စားလဲတစ်ယောက်တည်း။ ဘာရယ်ကြောင့်ရယ်မသိ စိတ်တွေက အလိုလိုကျဉ်းကျပ်နေကာ ထွက်ပေါက်ရယ်လို့လဲ မမြင်။ သူ့နောက်ကွယ်မှာ သူမသိအောင် သင်တန်းတွင် သူငယ်ချင်းများထား၍ ခေါ်ပြောဆက်ဆံကာ ပျော်ပျော်ပြန်နေချင်ပေမယ့် ကျွန်မချစ်ရသော အရင်းနှီးဆုံးသူငယ်ချင်းများနှင့်ပင် အဆက်အသွယ်ဖြတ်ခဲ့ပြီးပြီမို့ သူငယ်ချင်းအသစ်တွေခိုးထားပြီး သူနှင့်ပြဿနာမတက်ချင်။

ခိုးလုပ်လို့ရပေမယ့် ခိုးလုပ်ပြီးလျှင် မလိမ်တတ်သောကျွန်မက သူတစ်ချက်လှည့်မေးတာနှင့် ပေါ်ပြီးပြဿနာတက်တော့သည်။ ပြဿနာတက်တိုင်းလဲ သူနှင့်ပြိုင်မပြောချင်သည့် ကျွန်မကပဲ မျက်ရည်သုတ်ကာ သူဆူသမျှနားထောင်ရသည်။ ဆူပါများတော့ နားပူမခံချင်တော့။ ထို့ကြောင့်လဲ သူမကြိုက်တာမှန်သမျှ ခိုး၍တောင်မလုပ်ချင်တော့။ သို့ဖြင့်လဲ ကျွန်မအထီးကျန်ဆန်ဆန် နေတတ်ခဲ့သည်။

မနက်(၈)နာရီကျော်လောက်ကတည်းက အိမ်မှထွက်ပြီး သူတက်စေချင်သော သင်တန်းတစ်ခုပြီးတစ်ခု အပြေးအလွှားတက်လိုက်ရသည်မှာ အိမ်ပြန်ရောက်တော့ ည(၈)နာရီတောင်ခွဲပြီ။ အိမ်ရောက်တော့ သူ့ပို့လိုက်သောစာ တံခါးဝတွင်တွေ့သဖြင့် စာအိတ်ကိုတချက်နမ်းလိုက်ရင်း ရင်ခုန်မိသည်။ အခုပဲဖောက်ဖတ်လိုက်ချင်ပေမယ့် တနေကုန်သွားလာထားတာ ချွေးတွေနှင့် ငြီးစီစီမို့ အိပ်ယာထဲလှဲရင်း ဇိမ်နှင့်ဖောက်ဖတ်မည်ဟုတွေးကာ အရင်ရေမြန်မြန်ချိုးလိုက်သည်။ ရေချိုးပြီး လန်းသလိုလိုရှိလာမှ အိပ်ယာပေါ်လှဲရင်း သူ့လက်ရေးမြင်နေရသည့် စာအိတ်ကိုဖွဖွနမ်းလိုက်ပြီး သူဘယ်လိုအ၀တ်အစားနှင့် ဘယ်နေရာမှာဘယ်လိုများရေးထားလဲဟု စိတ်ကူးယဉ်ခံစားကြည့်မိရင်း သူကကျွန်မအနားမှာပဲ စာရေးနေသလိုခံစားမိသည်။

ရင်ခုန်သောစိတ်ဖြင့် စာကိုသေသေသပ်သပ်ဖောက်ဖတ်မိတော့ အရင်ပို့နေကျစာများလိုပင် ဟိုမှာ သူဘယ်လိုကျွန်မကိုခေါ်ဖို့ အခက်အခဲတွေကြားက ကြိုးစားနေရကြောင်း၊ ကျွန်မကိုလဲ နေ့နေ့ညည ကြိုးစားစေချင်ကြောင်း၊ သင်တန်းအမှတ်တွေ ကောင်းအောင်ကြိုးစားလေ့လာဖို့ စသဖြင့် စာသာနှစ်မျက်နှာပြီးသွားသည်။ ဒါပေမယ့် နောက်ဆုံးစာတစ်ကြောင်းနှင့် သူ့လက်ရေးမှာ ကျွန်မအသည်းစွဲသွားသည်။ သူက ကျွန်မကို သိပ်ချစ်သည်ဟု စာကိုအဆုံးသတ်ထားသည်။

ဒီတစ်ကြောင်းနှင့်တင် သူစိတ်ချမ်းသာဖို့ အရာရာကို ကျွန်မလဲရဲပါသည်။ ဒီစာကြောင်းလေးကို အခေါက်ခေါက်ဖတ်၊ အထပ်ထပ်နမ်းပြီး တညနေလုံးဘာမှမစားခဲ့သည့်ဗိုက်က အလိုလိုပြည့်လို့။ နာရီကြည့်မိတော့ (၉)နာရီတောင်ခွဲလုပြီ။ တစ်နေကုန်တက်ထားသော သင်တန်းများမှ စာအုပ်များကိုထုတ်ပြီး ပြန်လေ့လာဖို့ စာကြည့်စားပွဲတွင်ထိုင်လိုက်ကာ မနက်ဖန်အတွက် နာရီသံပတ်ကြိုပေးထားလိုက်သည်။

တကယ်ဆို ကျွန်မစိတ်ရော၊ ကိုယ်ပါ တအားပင်ပန်းနေပါပြီ။ တနေကုန်နွမ်းချိနေပြီမို့ အိပ်ယာထဲမှာ တ၀ပစ်လှဲအိပ်ချလိုက်ချင်တာပါ။ ဒါပေမယ့် ကျွန်မကိုကြိုးစားဖို့ သူက စာ(၂)မျက်နှာကြီးများတောင်ရေးပြီးမှာထားတာ။ သူလဲ တမြေခြားမှာ အတော်ပင်ပန်းနေမှာပဲ။ ကျွန်မ သူ့စကားနားထောင်ပြီးကြိုးစားမှ သူပြောသလို ကျွန်မတို့မြန်မြန်နီးရမှာ။ နွမ်းနယ်စိတ်ကိုအားတင်းပြီး သင်ခန်းစာတွေထဲ စိတ်ကို နှစ်မြှုပ်ထားလိုက်သည်။

မနက်ဖန်ဆိုလဲ ခေါက်ရိုးကျိုးတဲ့နေ့တွေထဲ သင်တန်းတွေတက်ပြီး ကြိုးစားရင်း အတူနီးဖို့ သူခေါ်မည့်ရက်ကို စောင့်ရပေဦးမည်။ ဘယ်အချိန်ကာလအထိလဲဆိုတာတော့ သူရော ကျွန်မပါ မသိ။ ဒီလို မျှော်လင့်ချက်တစ်ခုဖြင့် ကြိုးစားစောင့်စားရင်း……..

ဥသြမေ (Burmeehearts.com)

You might also like