အူမတောင့်မှ သီလစောင့်နိုင်မယ်

0

ကျွန်မ အထက်တန်းကျောင်းသူဖြစ်လာတော့ ရံဖန်ရံခါ မနက်စာ ၊ ညနေစာ ဈေးဝယ်ထွက်တဲ့သူနဲ့ အတူလိုက်ခွင့်ရတယ်။ အဲဒီမှာ လူတွေ လတ်လတ်ဆတ်ဆတ် စားခွင့်ရဖို့ ခေါင်းကိုထုရိုက် အသတ်ခံကြတဲ့ငါးတွေ ၊ မသေမရှင် လူးလူးလွန့်လွန့် ဖြစ်နေတဲ့ ငါးတွေကိုကြည့်ပြီး သနားစိတ်ဝင်လာတယ်။ ဒီကနေတဆင့် ကိုယ့်မွေးနေ့တိုင်းဆိုသလို တပတ်တရက် ၊ သက်လွတ်စားဖြစ်တယ်။

ကိုယ့်မွေးနေ့မှာ သူ့အသက်ကို မစားသောက်ပဲ နေမယ် ၊ ကိုယ့်အစာအတွက် သေရတဲ့သတ္တဝါတွေ နည်းပါစေတော့ဆိုတဲ့စိတ်နဲ့ တပတ်တရက် ပုံမှန်သက်လွတ်စားလာခဲ့တာ အထက်တန်းကျောင်းသူဘဝကနေ အသက် (၁၉)နှစ်ပြည့်တဲ့အထိပဲ။ ဒီလိုလုပ်တာကို ကိုယ့်မွေးနေ့တိုင်း အသီးအရွက် ၊ အသုပ်တွေ လုပ်ကျွေးပြီး အိမ်က ပံ့ပိုးပေမယ့် အိမ်မှာ အဲလိုစားတဲ့သူမရှိသလို သက်လွတ်စားလို့ ကုသိုလ်ပိုရမယ်လို့လည်း မယုံကြည်ကြပါဘူး။

အသက်(၁၉)နှစ်ဝန်းကျင်ရောက်လာတော့ တပတ်တရက်စားရာကနေ ဝါတွင်းတလလုံး စားတာတို့ ၊ သင်္ကြန်ရက်မှာ သက်လွတ်စားတာတို့ လုပ်လာပါတယ်။ အရင်က သက်လွတ်ပဲစားခဲ့ပေမယ့် နောက်ပိုင်းမှာ သွေးလွတ်ကော ၊ သက်လွတ်ပါ စားလာခဲ့ပါတယ်။ နို့တွေ ၊ အသွေးတွေ ၊ ကြက်ဥတွေပါ ရှောင်လာတဲ့သဘောပေါ့။ ဒီလိုဝါတွင်း သုံးလ စားနိုင်လာတော့ ရာသက်ပန်ဘာလို့ မစားနိုင်ရမလဲဆိုတဲ့စိတ်နဲ့ ရာသက်ပန်စားမယ်လို့ စိတ်ဆုံးဖြတ်ပြီး နှစ်နှစ်ခွဲလောက် (Vegan) တစ်ဦးလိုနေခဲ့ဖူးတယ်။ အသွေးလွတ် ၊ အသားလွတ်တွေအပြင် ယုန်မွှေး ၊ သိုးမွှေး ၊ သားရည် ၊ ပျားရည် စတဲ့ တရိစ္ဆာန်ထွက်ပစ္စည်းတွေကို အားမပေးတာလည်း ပါဝင်လာတာပေါ့။

ကိုယ့်ဘာသာကိုယ် ဘာရောဂါရှိနေမှန်းမသိဘဲ စိတ်က ဆောင်လို့သာ လုပ်ဖြစ်နေခဲ့တာ။ ငယ်ငယ်ကတည်းက အရမ်းချူ ချာခဲ့တဲ့ကျွန်မ အဲဒီလို စားနေတဲ့အချိန်မှာလည်း ကိုယ့်အစားတလုတ်အတွက် တကူးတကလုပ်တာမျိုးကို အားမပေးဘဲ အလုပ်လုပ် ၊ သင်တန်းတွေတက် ပင်ပန်းနေရက်က ဗိုက်ဆာတယ်ဆိုတဲ့ အသိဝင်လာမှ အသုပ်ကလေးနဲ့ ဗိုက်ဖြည့်လိုက်တာမျိုး ၊ စမူဆာလေးနဲ့ ဗိုက်ဖြည့်လိုက်တာမျိုး ၊ နောက်ပိုင်း သင်တန်းတက်နေချိန်တွေ ၊ အလုပ်မပြီးချိန်တွေ ၊ အလုပ်ဇော ၊ စာဇောကပ်နေချိန်တွေမှာ ဗိုက်ဆာလာခဲ့ရင် မြေပဲလေးကောက်စား ၊ အာလူးကြော်လေးနည်းနည်းစား ရေသောက်ပြီး ဗိုက်တင်းလို့ ညစာလွတ်သွားတာမျိုးတွေအထိ အစာတလုတ်အတွက် ကရိကထမခံဘဲ ပြီးစလွယ်စားသောက်ကျင့် ရလာခဲ့တော့ ကိုယ်မှာလိုအပ်တဲ့ဓါတ်တွေ ချို့တဲ့လာခဲ့တယ်။

BurmeseHearts Blog

ရလဒ်က တစ်လကနေ ၊ နှစ်လ ၊ သုံးလ မိန်းကလေးသဘာဝဖြစ်ရမယ့် ရာသီမပေါ်ပါဘူး။ လေးလမပေါ်ချိန်ကတည်းက သားဖွားနဲ့ မီးယပ်အထူးကုဆီမှာ သွားပြခဲ့တယ်။ အဲဒီအချိန်မှာ ရည်းစားကလည်းမရှိ ၊ အိမ်ထောင်ကလည်းမရှိဆိုတော့ OG ခမျာ ဟိုစမ်း ၊ ဒီစမ်း ၊ ဟိုဟာဖောက်စစ် ၊ ဒီဟာဖောက်စစ်နဲ့ပေါ့။ လူက ဘာမှမဖြစ်ဘဲ ကျန်းမာနေသူမို့ ခပ်စိတ်စိတ် ချိန်းတာမျိုးမလုပ်ဘဲ ဆေးစားခိုင်းလိုက် နှစ်ပတ် တစ်လနီးပါး စောင့်ကြည့်လိုက် ၊ ပြန်စစ်လိုက် ၊ နောက်ဆေးတမျိုးပေးလိုက်နဲ့ သူချိန်းတိုင်း ပုံမှန် အစစ်ခံနေရတာကလွဲလို့ တိကျတဲ့ အဖြေ ထွက်မလာသလို ပေးသမျှဆေးတွေကြောင့်လည်း ရာသီပေါ်တာမျိုး မရှိပါဘူး။ အလုံးအကျိတ်ဆိုတာလည်း မရှိဘူး။ ဒီလိုနဲ့ ကိုးလလောက် ရာသီမပေါ်ချိန်ရောက်လာမှ အဖြေတွေ့တယ်။ သွေးထဲမှာ သွေးဖြူဥတွေဟာ ရှိသင့်တဲ့ ပမာဏထက် များနေတာ သိခဲ့ရတယ်။

ဒီ့နောက်ပိုင်း သက်လွတ်စားတာတွေရပ်ခိုင်းပြီး သွေးအားကောင်းစေဖို့ အမဲသားနဲ့ အမဲနဲ့ပတ်သက်တာတွေကို အမုန်းစားရပါတော့တယ်။ တကယ်ဆို ကျွန်မက အသားတွေထဲမှာ အမဲသားကို မစားချင်ဆုံး။ ဘာရယ်လို့ ရှောင်တာမျိုးမဟုတ်ဘဲ တနှစ်တခါလောက်ကို မစားဖြစ်တာ။ အသီးအရွက်ကြိုက်တတ်သူမို့ အသားမပါလည်း တပန်းကန်ပြီးတတ်သူဖြစ်တဲ့အတွက် အသားဟာ ကျွန်မအတွက် ဦးစားပေးမဟုတ်ခဲ့ဘူးလေ။ ဆားထောင်းနဲ့ တို့စရာ သို့မဟုတ် အသီးအရွက် ရှိနေရင်ကိုက ကျွန်မအတွက် တနပ်စာ လုံလောက်ခဲ့တာကိုး။

ကိုယ်မှာပါ အမဲနံ့ထွက်လာသလား ထင်ရလောက်အောင်ကို အမဲသား ၊ ကြက်ဥ ၊ နွားနို့ ၊ ပဲ ၊ မုန်လာဥနီ စတာတွေကို ဦးစားပေးစားခဲ့ရင်း သွေးနီဥအားကောင်းစေမယ့် အဝင်ဆိုးဆိုး ဆေးမဲမဲတောင့်လည်း သောက်ခဲ့ရသေးတယ်။ အခုတော့ ဆေးနာမည်မေ့သွားပြီ။ အဲဒီဆေးသောက်ချိန်မှာ စားထားသမျှ ပြန်အန်ထွက်လောက်အောင်ကို အဲဒီဆေးနံ့ ကျွန်မ အော်ဂလီဆန်ခဲ့ပေမယ့် မနက်တစ်လုံး ၊ ညတစ်လုံး ပုံမှန်သောက်ခဲ့ရတယ်။ ပြန်ချိန်းလို့ ပြန်ပြရင် သွေးဖြူ ဥပမာဏကို ပြန်စစ်တာပေါ့။

ရာသီမပေါ်တာ (၁၁)လ နီးပါးလောက်မှာ သွေးဖြူ ဥဟာ ပုံမှန်နီးပါး ပမာဏလောက် ပြန်ဖြစ်ပြီး သွေးနီဥပမာဏ တိုးလာခဲ့ပေမယ့် ရာသီကတော့ (၁၃)လမြောက်မှာမှ ပြန်ပေါ်ခဲ့ပါတယ်။ ဒါတောင် ပုံမှန်မဟုတ်သေးတဲ့ ပေါ်ခြင်းမျိုးပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ဒီသွေးဖြူ ဥပမာဏ ပုံမှန်ဖြစ်အောင် ၊ ကျန်းမာရေးပုံမှန်ဖြစ်အောင် ပြန်ကုခဲ့ရပေမယ့် သွေးချိန်လိုက်တိုင်း သွေးအားကျတတ်တဲ့ကိုယ်ဟာ လေးလတစ်ကြိမ် ပုံမှန်သွေးလှူ  ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် သွေးဖြူ ဥပမာဏ များလာခဲ့ကတည်းက သက်လွတ်စားဖို့ဆိုတာကို ကျွန်မစွန့်လွှတ်ခဲ့ပါတယ်။

နိုင်ငံခြားရောက်လာလို့ သွေးလှူဖြစ်လာတော့ သူတို့က သွေးမလှူခင် စာရွက်ထဲမှာလည်း ခံဝန်လိုဖြည့်ထားရတဲ့ ဖောင်တစ်ခုနဲ့ ဆရာဝန်ကိုယ်တိုင်က လူတွေ့စစ်မေးပြီး မှတ်တမ်းတင်တာမျိုးတွေလုပ်ပြီးမှ သွေးလှူ ခွင့် ပေးတာပါ။ ဆရာဝန်ဆီက သွေလှူ ခွင့် ရခဲ့ပေမယ့် ကိုယ့်သွေးဟာ လိုအပ်သလို ကျန်းမာမှု ရှိ ၊ မရှိ လက်ဖောက်စစ်တာမျိုးလည်း လုပ်ရသေးတယ်။ တခါတလေ သံဓါတ်အားနည်းနေလို့ဆိုပြီး သွေးလှူ ခွင့်မရဘဲ သံဓါတ်အားကောင်းစေတဲ့ဆေးကဒ်ကို သူတို့က နှစ်ပတ်စာ သောက်ဖို့ ဆေးကဒ်ပေးတယ်။ နောက်နှစ်ပတ်ပြီးရင် ပြန်လာလှူ နိုင်တယ်ပေါ့။ အဲဒီအခါလည်း ထပ်စစ်တာပါပဲ။ မလှူ သင့်သေးဘူးလို့ သတ်မှတ်ရင် ပြန်လာခဲ့ရမှာမို့ အဲလိုအခေါက်တွေမှာတော့ တစ်လ ၊ နှစ်လလောက် နားပြီး သွေးလှူ ခွင့်ရဖို့ ကောင်းကောင်း စားသောက်တာမျိုးတွေ လုပ်ဖြစ်တယ်။

အကြောင်းအကျိုးတိုက်ဆိုင်ပြီး သွေးစစ်ကြည့်တဲ့အခါ တမြေခြားရောက်မှ သိခဲ့တာက ကျွန်မမှာ သွေးအားနည်းရောဂါလို့ အလွယ်တကူခေါ်နိုင်တဲ့ (Thalassemia) ရှိနေတာ သိခဲ့ရတယ်။

လူဟာ ကိုယ်ယုံကြည်ရာ လုပ်တယ်ဆိုပေမယ့် ကိုယ့်ခန္ဓာ ဒီလိုလုပ်ကိုင်ဖို့ အခွင့်အရေးပေးဦးမှ လုပ်ကိုင်နိုင်တာပါ။ လွယ်လွယ်နဲ့ နားလည်အောင်ပြောရရင် အူမတောင့်မှ သီလစောင့်တယ်ဆိုတဲ့ စကားလိုပေါ့။ ဒါကြောင့် ကျွန်မ သန္ဓိဠာန်တစ်ခုချခဲ့တယ်။ ငါ့မျက်စိတွေကောင်းတုန်း အကျိုးရှိတဲ့စာပေတွေ များများဖတ်မယ် ၊ ငါ့နားကောင်းတုန်း အကျိုးရှိတဲ့ ဆိုဆုံးမစကားတွေ များများနားထောင်မယ် ၊ ငါ့ခန္ဓာကောင်းတုန်း အကျိုးရှိတဲ့အလုပ်တွေ လုပ်မယ် ၊ ငါပြောနိုင်ဆိုနိုင်တုန်း နဲ့ ငါလုပ်နိုင်ကိုင်နိုင်တုန်းမှာ ကိုယ်သိထားတာတွေ ၊ ကိုယ့်ဗဟုသုတတွေ ၊ မှန်ကန်တဲ့ ကိုယ့်အတွေးအခေါ်တွေကို မျှဝေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

သြကာသ (Burmesehearts.com)

You might also like
Leave a comment