အားဆေးဆိုသည်မှာ

0

အားဆေးဆိုတာဘာလဲ။ အားဆေးဆိုတာ ဗီတာမင်ဆေးတွေကို ဆိုလိုပါတယ်။ ဗီတာမင်များဟာ လူတွေအဖြစ် မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် ဗီတာမင်တွေ ပိုစားလို့ ပိုဝလာတယ်ဆိုတာမရှိဘဲ ဗီတာမင်လျှော့စားလို့ ပိုပိန်သွားတယ်ဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အစာစားချင်တဲ့စိတ်ဖြစ်အောင် ဖော်စပ်ထားတဲ့ဆေးတွေကို အစားများရာကနေ အစားအစာတွေ များများစားဖြစ်ပြီး ပိုဝလာတာမျိုးတော့ရှိပါတယ်။ ဒီလို အစာစားချင်စိတ်ဖြစ်စေတဲ့ဆေးတွေ စားသောက်တာဟာ ဗီတာမင်ဆေးတွေ စားတာမျိုးတော့မဟုတ်ပါဘူး။

အထူးသဖြင့် ကလေးတစ်ယောက် ဝလာဖို့ ဗီတာမင်ဆေးတွေချည်း စားနေလို့ မရပါဘူး။ ဗီတာမင်ချည်းစားနေရုံနဲ့ လူတစ်ယောက်လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ပြည့်ဝဝ ရရှိလာတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ကြီးထွားဖို့အတွက်

(၁) အသားဓါတ် (အသားဓါတ်ကို အသား ၊ ငါး ၊ ပဲအမျိုးမျိုး ၊ နို့ ၊ ကြက်ဥ ၊ ဘဲဥ စတဲ့အရာတွေက ရရှိနိုင်ပါတယ်။)

(၂) အင်အားဓါတ် ( အင်အားဓါတ်ကို ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ထန်းလျက် ၊ သကြား စတဲ့အရာတွေက ရရှိနိုင်ပါတယ်။ )

(၃) အဆီ (အဆီဓါတ်ကို မြေပဲ ၊ နှမ်း ၊ နေကြာ စတာတွေကအပြင် တရိစ္ဆာန်ရတဲ့အဆီဖြစ်တဲ့ ဝက်ဆီ ၊ အမဲဆီ ၊ ထောပတ် စတာတွေကနေ ရရှိနိုင်ပါတယ်။)

(၄) ဗီတာမင် (ဗီတာမင်ကို ဟင်းသီးဟင်းရွက်နဲ့ လူတို့စီမံဖော်စပ်ထားတဲ့ ဆေးဝါးတွေကနေ ရရှိနိုင်ပါတယ်။)

(၅) သတ္တုဓါတ်များနဲ့ (ဟင်းသီးဟင်းရွက်နဲ့ လူတို့စီမံဖော်စပ်ထားတဲ့ ဆေးဝါးတွေကနေ ရရှိနိုင်ပါတယ်။)

(၆) ရေတို့ လုံလောက်မျှတစွာရှိနေဖို့ လိုအပ်ပါတယ်။

ဒီလိုလိုအပ်တဲ့အရာတွေကို ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ရရှိနေမယ်ဆိုရင် ကလေးဟာ ဝလာမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အသားတစ်မျိုးတည်းစားနေရုံနဲ့ ဝဖြိုးမလာနိုင်သလို အင်အားဓါတ်တမျိုးတည်းစားရုံနဲ့ ကြီးထွားလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗီတာမင်တွေချည်း ထိုင်စားနေရုံနဲ့ ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။

ဗီတာမင်ဆေးဝါးတွေထဲမှာ ဘယ်ဆေးဟာ အကောင်းဆုံးရယ်လို့ ပုံသေသတ်မှတ်ထားလို့ မဖြစ်နိုင်ဘဲ အမယ်များများပါတဲ့ ဗီတာမင်နဲ့ အမယ် တစ်မျိုးတည်း ၊ နှစ်မျိုးတည်း ပါဝင်တဲ့ ဗီတာမင်ဆေးဝါးများရယ်လို့ ခွဲခြား သတ်မှတ်လို့ရတာပါ။ ဗီတာမင်ဆိုတာ လိုသမျှပဲစားရတာပါ။ လိုတာထက်ပိုစားရင် ဝမ်းထဲ ၊ ဆီးထဲကနေ ပြန်ထွက်ကုန်တာဖြစ်ပါတယ်။

ဗီတာမင်ဆေးတွေဟာ ဈေးကြီးတိုင်း အမယ်စုံစုံလင်လင် ပါဝင်တာမဟုတ်ဘဲ အချို့ ဗီတာမင်ဆေးဝါးတွေက ရောင်းပန်းလှအောင်ပြုလုပ်ပြီး ဈေးတင်ရောင်းချကြတာ ဖြစ်ပါတယ်။

ကလေးကို တကယ် ကျန်းကျန်းမာမာနဲ့ ဝစေချင်တယ်ဆိုရင် ဗီတာမင်ဆေးတမျိုးတည်း မကျွေးဘဲ အသား ၊ ငါး ၊ ဆန် ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ စတာတွေ အစုံကျွေးရမှာဖြစ်ပါတယ်။ ဒါတွေ ဝဝလင်လင်ကျွေးပါမှ ကလေးဟာ ဝလာမှာပါ။

ရောဂါဖြစ်နေလို့ ပိန်နေတဲ့ကလေးကို ဝအောင် အရင်မကြိုးစားသင့်ဘဲ ရောဂါပျောက်အောင် အရင်ကြိုးစားရမှာပါ။ ရောဂါရှိနေသမျှ ကလေးဟာ အလေးချိန် ဆုတ်ယုတ်နေဦးမှာဖြစ်တဲ့အတွက် ရောဂါမကုဘဲ ကလေးဝအောင်လို့ အားဆေးတွေ ကျွေးနေတာဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

ဥပမာ တီဘီရောဂါရှိနေတဲ့ကလေးကို တီဘီရောဂါ အရင်ပျောက်ကင်းအောင်မကုဘဲ ဝလာအောင် ဗီတာမင်ဆေးတွေ စွတ်ကျွေးနေလို့ ကလေးဟာ ဝလာမှာမဟုတ်ပါဘူး။ တီဘီရောဂါ ပျောက်အောင်မကုသမျှ ကလေးဟာ ဆက်ပိန်နေဦးမှာဖြစ်ပါတယ်။ တီဘီရောဂါကို ကုသနေဆဲကာလမှာလည်း အာဟာရ ပြည့်ပြည့်ဝဝကျွေးဖို့ လိုအပ်ပါသေးတယ်။ ရောဂါရှိနေတဲ့ကလေးကို အာဟာရပြည့်ပြည့်ဝဝ မကျွေးဘူးဆိုရင် ကလေးဟာ မူလရှိနေတဲ့ တီဘီရောဂါအပြင် အာဟာရချို့တဲ့ တဲ့ ရောဂါပါ ဝင်လာနိုင်ပါတယ်။

ကလေးတစ်ဦးဖျားပြီဆိုရင် အဖျားပျောက်အောင် အရင်ကုရမှာဖြစ်ပါတယ်။ ဒီလိုအဖျားပျောက်ဖို့ ကုနေတဲ့အချိန်မှာ အစာဖြတ်ထားတာမျိုး မလုပ်ရပါဘူး။ ဖျားလို့ တကိုယ်လုံးပူနေတဲ့ ကလေးရဲ့ကိုယ်ဟာ အပူပိုလို့ အင်အားပိုသုံးရပြီး အင်အားဓါတ်ပိုလိုအပ်နေတာပါ။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ အင်အားဓါတ်ရရှိစေတဲ့ အစာအာဟာရတွေကို မဖြတ်ပစ်ဖို့ လိုပါတယ်။

သို့ပေမယ့် ကလေး ၊ လူကြီးမရွေး နေမကောင်းဖြစ်နေစဉ်မှာ နေကောင်းတုန်းကလို အစာမာမာတွေ ကျွေးတာမျိုးမဟုတ်ဘဲ အစာမြန်မြန် ကျေညက်လွယ်တဲ့ အစားအစာမျိုးကို ဦးစားပေး ကျွေးရပါတယ်။ ပြီးတော့ ခဏ ၊ ခဏလည်း ကျွေးရမှာဖြစ်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ အစာတဝကြီး ကျွေးတာမျိုး ရှောင်ကြဉ်ရမှာပါ။

အူရောင် ၊ အူပေါက်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အစာကျွေးတာကို ခဏရပ်ထားရမှာဖြစ်ပါတယ်။ အစာရပ်ထားဖို့ လိုအပ်ရင် ဆရာဝန်က ညွှန်ကြားမှာဖြစ်ပြီး ဆရာဝန်က အစာရပ်ထားဖို့ မပြောသမျှ သင့်တော်တဲ့ အစာကျွေးဖို့ လိုအပ်နေပါတယ်။ ကလေး ဝမ်းသွားနေတယ်ဆိုရင်လည်း ကျေလွယ်တဲ့ အစာတွေကို နည်းနည်းစီ ကျွေးနိုင်ပါတယ်။

ကလေးဟာ နေမကောင်းလို့ ဖြူဖပ်ဖြူရော်ဖြစ်နေတာကို အားရှိအောင် အားဆေးတွေကျွေးရုံနဲ့ ကလေးဖြူဖပ်ဖြူရော်ဖြစ်နေတာ သက်သာလာမှာမဟုတ်ဘဲ သင့်တော်မျှတတဲ့အစာကို ဆက်ကျွေးမွေးပါမှ ကလေးဟာ ခပ်မြန်မြန် ပြန်ထူထောင်လာနိုင်မှာဖြစ်ပါတယ်။

ဗီတာမင်ဆေးတွေကို လူတွေက အားဆေးလို့ ခေါ်ခဲ့တဲ့အတွက် ဗီတာမင်ဆေးတွေစားရုံနဲ့ လူတွေဟာ အားဖြစ်တယ် ၊ ဝဖြိုးပြီး အလေးချိန်တိုးတယ်လို့ မှားယွင်းယူဆနေကြတာပါ။

ရတု (Burmesehearts.com)

 

You might also like