သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်

0

ကစားတတ်တဲ့အရွယ်ကနေစပြီး ကစားဖော်သူငယ်ချင်း ၊ ကျောင်းနေတဲ့အရွယ်ရောက်တော့ ကျောင်းနေဖက်သူငယ်ချင်း ၊ အလုပ်လုပ်တဲ့အရွယ်ရောက်တော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ၊ တရားရှာတဲ့အရွယ်ရောက်တော့ တရားရှာဖက်သူငယ်ချင်း စသဖြင့် အရွယ်အလိုက် ခင်ရာမင်ရာကနေ စိတ်တူကိုယ်တူ ပေါင်းသင်းဖြစ်တဲ့ သူငယ်ချင်းတွေရှိမှာပဲ။

ရွယ်တူတွေ ၊ အရွယ်မတူတွေ ၊ လူအများကြီးထဲမှာမှ ဒီလူ ဒီလူတွေ သူငယ်ချင်းဖြစ်ပြီး အနွံအတာခံလို့ ခံစားချက်တွေဝေမျှ ပေါင်းဖက်ဖြစ်ကြတယ်။ သူငယ်ချင်းတွေဟာ သွေးသားတော်စပ်သူတွေမဟုတ်ဘူး။ ဒါပေမယ့် တချို့သူငယ်ချင်းတွေကို သွေးသားတော်စပ်သူတွေထက် ပိုယုံကြည်အားကိုးတဲ့သူရှိတယ်။ တချို့သူငယ်ချင်းတွေက လူမျိုးတူချင်မှတူမယ်။ ခံစားချက်ချင်းမျှဝေနိုင်ရင် သူငယ်ချင်းတွေလို့ ပေါင်းဖက်လို့ရပြီပေါ့။ တချို့သူငယ်ချင်းတွေက ဘာသာတူချင်မှတူမယ်။ ယုံကြည်ခံစားတဲ့ဘက်ချင်းညီရင်တော့ သူငယ်ချင်းအဖြစ် ပေါင်းဖက်မိကြတယ်။

တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေမယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခင်နိုင်ကြသူတွေဖြစ်တယ်။ ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြသူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း ဖြစ်ကြတယ်။ ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အနစ်နာခံကူညီတတ်သူတွေဖြစ်တယ်။  လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန်လိုက် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။

ငယ်သူငယ်ချင်းဖြစ်လေ ခင်မင်မှုနက်ရှိုင်းလေ ရင်ဘတ်ချင်းထပ်တူကျနေသလို ခံစားရလေပဲနော်။ တခုခုများဆိုရင် ကိုယ်တိုင်ပင်နေကျ သူငယ်ချင်းမျက်နှာကို အရင်ပြေးမြင်တယ်။ ဒီအချိန်မှာ အိမ်ကမိဘကိုလည်း မတိုင်ပင်ချင်ဘူး။ ညီအစ်ကိုမောင်နှမကိုလည်း မတောင့်တဘူး။ ချစ်သူရည်းစား အိမ်ထောင်ဖက်လည်း မဟုတ်ဘူး။ ငါ့သူငယ်ချင်းသာ ငါ့အနားရှိရင် ဖွင့်ပြောလိုက်ရ ပေါ့သွားမှာပဲလို့ ခံစားမိကြတယ်။ ကိုယ့်ကိုနားအလည်ဆုံးဖြစ်တဲ့ အတွင်းသိ ၊ အစင်းသိ အခင်မင်ရဆုံး ငယ်သူငယ်ချင်းရှိခဲ့ရင်ပေါ့။

ငယ်သူငယ်ချင်းဆိုတာ ငယ်ငယ်တုန်းကတည်းက စိတ်တူကိုယ်တူ ကာလရှည်ကြာ ပေါင်းသင်းဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ပြောတာပါ။ State ကျောင်းပြီးတာနဲ့ တက္ကသိုလ်တွေကွဲ ၊ မေဂျာတွေကွဲ ၊ အရင်လိုတပူးတွဲတွဲ မလုပ်ဖြစ်တော့ဘဲ အဆင်ပြေတဲ့ သူငယ်ချင်းအသစ်တွေနဲ့တွဲရာက အဆင်ပြေပြေ ပေါင်းသင်းတဲ့အတတ်ပညာကို စတင်သင်ယူလာတယ်။ ဒီကနေ အလုပ်ခွင်ဝင်တော့လည်း အလုပ်ထဲမှာအဆင်ပြေအောင် ပေါင်းသင်းရင်း မိတ်ဆွေသူငယ်ချင်းတွေ တိုးပွားလာတယ်။ မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်စိတ်ဓါတ်ကျအားငယ်နေချိန်မှာ ရင်ဖွင့်ပြောဆိုတိုင်ပင်ဖို့ ဒီလူတွေထဲက တစ်ယောက်လောက်ကိုမှ မယုံရဘူးဆိုရင် ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်သူငယ်ချင်းအစစ်မဟုတ်ဘူးနော်။

အရွယ်ရောက်လာလေ ဟန်ဆောင်ခြင်းအတတ်ဆိုတာကို တတ်မြောက်လေမို့ အရိုးခံ ဖြူဖြူစင်စင် စိတ်ကလေးတွေနဲ့ ယုံယုံကြည်ကြည် ပေါင်းသင်းရတဲ့သူဆိုတာ ရှားလာတယ်။ အလုပ်ခွင်ထဲရောက်လာလေ လူတွေရဲ့ ဆက်ဆံပေါင်းသင်းမှုဆိုင်ရာ ပရိယာယ်တွေကို နားလည်လာလေ  ကိုယ်တိုင်လည်း ဟန်ဆောင်ခြင်းအတတ်ပညာကို အနည်းနဲ့အများ တတ်မြောက်လာရင်း အပေါ်ယံပေါင်းသင်းမှု အတတ်ပညာမှာ ကျွမ်းကျင်လာတော့ ပြုံးသာပြုံးရတယ် ဒီအပြုံးတွေက အပြုံးစစ်ဟုတ်ချင်မှဟုတ်မယ်။ အတူသွားလာ ပေါင်းသင်းနေပေမယ့် စိတ်ချင်းဝေးကွာကောင်း ဝေးကွာနိုင်တယ်။ သေချာတာက ရင်ဘတ်ချင်း ထပ်တူမကျဘူးလေ။

BurmeseHearts Blog

ကျွန်မအသက်(၂၀)ကျော်လောက်က ဘဝမှာအခက်ခဲဆုံးအချိန်တွေထဲက တစ်ခုလို့ပြောလို့ရတဲ့ အခြေအနေကို ကြုံခဲ့တယ်။ အားကိုးတကြီးပြေးရင်ဖွင့် အကူအညီတောင်းဖို့ တစ်ဦးကိုပဲသတိရတယ်။ ဘယ်သူ့ဆီမှပြေးမသွားဘဲ အဲဒီသူငယ်ချင်းမဆီ ပြေးသွားမိတယ်။ ရင်ဘတ်ချင်းထပ်တူညီနေတော့ ကျွန်မကိုသူက ရင်ဖွင့်ကြိုဆိုခဲ့တယ်။ ကျွန်မရဲ့ခံစားချက်တွေကို ဝေမျှနားထောင်ခဲ့တယ်။ ကျွန်မကို နွေးထွေးစွာ နှစ်သိမ့်မှုပေးခဲ့တယ်။ ကျွန်မကို လုံခြုံစွာ ခိုလှုံခွင့်ပေးခဲ့တယ်။ ကျွန်မကို တတ်အားသရွေ့ စိတ်အား ၊ ကိုယ်အား ကူညီမှုပေးခဲ့တယ်။ သူမဟာ ကျွန်မနဲ့ ခုနှစ်တန်းနှစ်မှာ စတင်သိကျွမ်းခဲ့ပြီး အဆက်အသွယ်ပြတ်ခဲ့သူပါ။ ဆယ်တန်းနှစ်မှာ ပြန်တွေ့ပြီး ပြန်တွဲဖြစ်ပြီးတဲ့နောက် တက္ကသိုလ်တက်ချိန်မှာ မေဂျာတွေကွဲသွားတာမို့ တတွဲတွဲမဖြစ်တော့ဘဲ လတော်တော်ကြာမှ သူ့အိမ် ၊ ကိုယ့်အိမ် လမ်းကြုံဝင်လည်လေ့ရှိသူပါ။

အဆက်အသွယ်တွေ ပြတ်ခဲ့ပေမယ့် ကိုယ့်သူငယ်ချင်းဒုက္ခရောက်ချိန်မှာ ကူညီနိုင်တာထက်ကူညီ ၊ ဖေးမနိုင်တာထက်ဖေးမလို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားခဲ့တဲ့ ကျွန်မသူငယ်ချင်းဟာ ကျွန်မနဲ့ ဘာသာမတူပါဘူး။ လူမျိုးမတူပါဘူး။ ဒါပေမယ့် ရင်ဘတ်ချင်း ထပ်တူညီနေတယ်။ အခုအချိန်မှာ အပေါင်းအသင်း သူငယ်ချင်းစုံ ၊ လူမျိုးစုံ ၊ ဘာသာစုံကို ပေါင်းသင်းနေပေမယ့် အခုအချိန်အထိ ကျွန်မရင်တွင်းနက်နက် တနေရာမှာ ရာသက်ပန်သူငယ်ချင်းနေရာယူထားတဲ့ အဲဒီသူငယ်ချင်းမလောက် ဘယ်သူ့ကိုမှ မယုံကြည်နိုင်ပါဘူး။

အခုအချိန်အထိ ကျွန်မတို့ ရိုးသားစွာ ရင်ဖွင့် ဆက်ဆံကြတုန်း ၊ တမြေစီ လူချင်းမတွေရပေမယ့် ခံစားချက်တွေ ၊ အတွေးအခေါ်တွေ ထပ်တူညီနေတုန်းပါ။ ဒီလိုသူငယ်ချင်းမျိုးရခဲ့တဲ့ကံကြမ္မာကို ကျွန်မအလွန်ကျေးဇူးတင်ပါတယ်။ ဘုရားသခင် သူမကို ကောင်းချီးပေးပါစေ။ သူမ ယုံကြည်တဲ့ဘာသာအလျောက် ဘုရားသခင်ရဲ့ ကောင်းချီးကို သူမ ရရှိနေမှာပါ။

ဘာကြောင့် ကျွန်မရဲ့ ငယ်သူငယ်ချင်းမ ကောင်းကြောင်းပြောရသလဲဆိုရင် သူငယ်ချင်းတွေထဲမှာမှ ကောင်းတဲ့သူငယ်ချင်းရှိသလို မကောင်းတဲ့သူငယ်ချင်းတွေလည်း ရှိလို့ပါ။ ကျောင်းတုန်းက ကိုယ်တွေအတူ ပေါင်းဖက်တုန်းကကောင်းပေမယ့် တကွဲတပြားစီ ဖြစ်သွားတဲ့အခါမှာ အထာလေးတွေကျလာပြီ။ နောင်လမ်းမှာပြန်ဆုံကြတဲ့အခါ နင်ကဘာလဲ ၊ ငါကဘာပဲ ၊ နင်ကဘယ်သူနဲ့တွဲနေလဲ ၊ ငါကဘယ်သူနဲ့တွဲနေတယ်။ နင်ဘာလုပ် ၊ နင့်မိသားစုကဘယ်လို စတဲ့မေးခွန်းအထွေထွေရဲ့ အဖြေပေါ်မူတည်လို့ စိတ်တွေ ၊ ဆက်ဆံမှုတွေ ပြောင်းသွားတာကို ကြုံဖူးလို့ပါ။

ကိုယ့်ကမြင့်တယ်ဆို လုပ်ပါဦးငါ့ကို ၊ ကူပါဦးငါ့ကို ၊ ချေးပါဦးငါ့ကိုဆိုတာတွေရှိသလို အကြိမ်ကြိမ်ကိုယ်ကူပေမယ့် အကြိမ်ကြိမ် ကတိမတည်တဲ့သူတွေလည်း ကြုံဖူးတယ်။ ကိုယ့်ထက်မြင့်နေတဲ့သူတွေက ငါကတော့ဘာကြီးဖြစ်နေပြီဆိုပြီး ပြန်ခေါ်ပြောဆက်ဆံ ပေါင်းသင်းရမှာကို မတူသလို ၊ မတန်သလို နှုတ်ဆက်ဖို့တောင် နှုတ်ဆွံ့အနေသူတွေလည်း ကြုံဖူးလို့ပါ။ တတန်းတည်းတက် ၊ တကျောင်းတည်းထွက်ပေမယ့် လူကွဲသွားတာနဲ့ စိတ်ကွဲသွားတတ်တာကို ပြောတာပါ။

သူငယ်ချင်းအချင်းချင်း ကူညီသင့်တယ်ဆိုပေမယ့် သူငယ်ချင်းဆီက လိုတိုင်းတောင်းရအောင် သူငယ်ချင်းဆိုတာ ငွေထုတ်စက်မှမဟုတ်တာ။ သူအလုပ်အကိုင်ကောင်းရပေမယ့် ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တာပဲ ရနိုင်တာပေါ့။ ငါ့သူငယ်ချင်းဒီမှာလုပ်လို့ ရာထူးကြီးတဲ့ ငါ့သူငယ်ချင်းနဲ့တန်းတူ ငါအလုပ်ရမယ်လို့ မထင်ရဘူးလေ။ ကိုယ့်လက်အောက်မှာ ရအောင်ခန့်ပေးလိုက်သည့်တိုင် သူငယ်ချင်းဆိုတဲ့စိတ်ကြီးနဲ့ နာခံလိုစိတ်မရှိတာ ၊ အလုပ်သွင်းပေးထားတာကိုမှမထောက် ကိုယ့်လက်အောက်လုပ်နေရတာကို သိမ်ငယ်တယ်လို့ ခံစားနေရပြီး ကိုယ်မရှိရင် ကိုယ့်နေရာထိုင်ရမလားလို့ ခြေထိုးခံနေတာ စတဲ့ ဒီလိုသူငယ်ချင်းတွေကိုလည်း ကြုံဖူးတယ်။

ကွဲကွာသွားတာကြာတဲ့ အဆင့်ခပ်မြင့်မြင့် သူငယ်ချင်းကျပြန်တော့ ကိုယ်ကဘယ်သူပါလို့ မိတ်ဆက်သည့်တိုင် ကိုယ့်ကိုနှုတ်ဆက်ခေါ်ပြောလိုက်ရင်ပဲ ကိုယ်နဲ့တတန်းတစားတည်း နိမ့်ကျသွားမယောင် မခေါ်နိုင် ၊ မပြောနိုင် ၊ မပြုံးနိုင် ၊ မရယ်နိုင် မသိချင်ယောင်ဆောင်သွားတာ ကြုံခဲ့ဖူးပါရဲ့။ သူငယ်ချင်းနဲ့ လမ်းကြုံဆုံနှုတ်ဆက်ခွင့်ရနိုင်ဖို့ Formal Suit အမြဲဝတ်ထားရမှာလားလို့ မေးချင်ခဲ့တာ။ နာမည်နောက်က ဂုဏ်ဒြပ်တွေ ၊ ကျော်ကြားမှုတွေကိုသာ သူကအသားပေးပြီး ရင်ဘတ်ထဲက ခံစားချက်တွေ လျစ်လျူရှုတတ်သူလို့ ခံယူလိုက်တာမို့ သူ့အပြုအမူအတွက် ဝမ်းမနည်းတော့ပါဘူး။

သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ်ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။ သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖို့ ဘဝတူတွေပါလို့ အရိုးခံအားပေးချင်သူပါ။ ကိုယ့်ထက်မြင့်မားနေတဲ့ သူငယ်ချင်းအတွက် လက်ခုပ်တီးအားပေးလို့ ဂုဏ်ယူချင်ယူ ၊ ကိုယ့်ထက်နိမ့်ပါးနေရင် လက်တွဲခေါ်ပြီးကူချင်သူတွေဟာ သူငယ်ချင်းတွေပါ။ ဘယ်သူတွေ ဘယ်လိုပြောင်းသွားသွား အတိတ်ကခင်မင်မှုဆိုတာ ဖျောက်ဖျက်လို့ မရပါဘူး။ ရှိမြဲရှိနေဦးမှာပါ။ အတိတ်ကသူငယ်ချင်းဟာ ပစ္စုပ္ပန်ထိ မခင်မင်ချင်သည့်တိုင် အတိတ်ထဲမှာ သူငယ်ချင်းပါပဲ။ ဒါကိုတော့ ပြောင်းလဲလို့မရဘူးလေ။

ဒီပို့စ်ကို ချစ်ခင်ရသော သူငယ်ချင်းများစွာအတွက် ရေးသားလိုက်ပါတယ်။ တို့တွေ အသက်အရွယ်ပြောင်းသွားဦးမှာဖြစ်တယ်။ အဆင့်အတန်းတွေလည်း ပြောင်းသွားနိုင်သေးတယ်။ ဒါပေမယ့် ခင်မင်မှုဆိုတာကတော့ ပြောင်းသွားမှာမဟုတ်ပါဘူး။ တခါတလေမှာ တစုံတရာကြောင့် ပွင့်လင်းစွာ မရိုးသားနိုင်ခဲ့တာတွေရှိပေမယ့် သူငယ်ချင်းကတော့ သူငယ်ချင်းပါပဲ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like