သမထနဲ့ ဘာဝနာအား လေ့လာခြင်း

0

ကျွန်မအဖေက သမထလိုင်းလို့ ပြောလို့ရတယ်။ အဖေက နိုးလာပြီဆိုတာနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားခန်းအရင်ဝင်တာ။ ဆွမ်းနဲ့ရေကတော့ အမေ မနိုးခင်ကတည်းက အိမ်ကလူတွေ ကပ်ပြီးသားဆိုတော့ ဘုရားကို ဆီမီး ၊ အမွှေးနံ့သာတွေထပ်ကပ်ပြီးတာနဲ့ စပြီး ရွတ်ဖတ်ပူဇော်လို့ ပုတီးကို နာရီနဲ့ချီ အကြာကြီးထိုင်စိပ်တတ်သူပါ။ သူစိပ်တဲ့ အရွယ်အစားခပ်ကြီးကြီး သီးသန့်ထားတယ်။ အဲဒီပုတီးအရွယ်အစားက သာမာန် ကျွန်မတို့စိပ်နေကျ ပုတီးအရွယ်အစားလေး ၊ ငါးဆလောက်တော့ရှိမယ်

ဘုရားခန်းထဲမှာ အဘဘိုးမင်းခေါင် ၊ အဘဘိုးဘိုးအောင်ဆိုပြီး ရုပ်တုနှစ်ခုလည်းရှိတယ်။ ခေါင်းပေါင်းဖြူပေါင်းထားတဲ့ ဝတ်ဖြူစင်ကြယ်နဲ့ကတမျိုး ၊ ခေါင်းပေါင်းမပါဘဲ တိုက်ပုံနဲ့ကတမျိုးပေါ့။ ဒါ့အပြင် အဖေက ပန်းပုထုတာလည်း ဝါသနာပါတော့ သူကိုယ်တိုင်ထုပြီးပူဇော်ထားတဲ့ အဘဘိုးမင်းခေါင်ရုပ်တု (လူရဲ့ခါးတဝက်နီးပါးလောက်ရှိမယ့် အရွယ်အစား)ကြီးလည်း ရှိသေးတယ်။ အဖေက အဲဒီအရှေ့မှာ ပုတီးစိပ်တာပေါ့။ ဘုရားနဲ့မတူကွဲပြားစွာ အဘကို ကပ်တာက ဆွမ်းနဲ့ ရေချမ်း ၊ အသီးတွေအပြင်ကို အုန်းသီးနုကို ချောမွတ်အောင်လုပ်ပြီးမှ ထိပ်ဖြတ်ပြီးကပ်တာပါ။ ဒါကိုလည်း သူကိုယ်တိုင်ခွဲ ၊ သူကိုယ်တိုင်ချော ၊ ကိုယ်လက်သန့်စင်ပြီးတော့မှ သူကိုယ်တိုင်ကပ်လေ့ရှိတယ်။ အိမ်မှာရှိတဲ့အမျိုးသမီးတွေ ဒီအုန်းသီးကို လုံးဝမထိရဘူး။

အဖေ့ ယုံကြည်မှုက ထွက်ရပ်ပေါက်လိုင်းပေါ့နော်။ ဓါတ်လုံးတွေဆိုတာ စိတ်ဝင်တစားစုတတ်သလို ဖိုထိုးပြီး ဆေးဖော်တာမျိုးလုပ်ဖို့ မီးဖိုသီးသန့်လည်း အိမ်မှာရှိတယ်။ တခါတလေ သူ့ဘာသာဆေးဖော်လေ့ရှိတယ်။ အဘလိုလို ၊ ဘိုးတော်လိုလို ၊ အထက်လိုင်းကသူတွေဆိုတာလည်း အိမ်အလည်ရောက်လေ့ရှိသလို သူတို့ကို လှူတန်းတာတွေ ၊ ပသတာတွေကိုလည်း အမြဲလိုလို မြင်တွေ့ခဲ့တယ်။ ဒါက ကျွန်မ အဖေရဲ့ ယုံကြည်မှုအပိုင်းပေါ့။

အမေက အဖေ့ကို အားပေးသူသက်သက်ပါ။ စိတ်ထားကောင်းကောင်းထားမယ် ၊ အားတဲ့အချိန်မှာ ဘုရားရှိခိုးပြီး ဘာဝနာပွားမယ် ၊ လှူ မယ် ၊ တန်းမယ် ၊ ရဟန်းဒါယကာမ ၊ ကျောင်းဒါယကာမ အဖြစ်မှာ မွေ့လျော်ပြီး နွမ်းပါးသူတွေကို ရှင်ပြုပေးတယ် ၊ ဆေးနဲ့ လိုအပ်တာတွေမှန်သမျှ ကိုးကွယ်တဲ့ဘုန်းကြီးတွေကို ဆက်ကပ်လှူ ဒါန်းလေ့ရှိတယ်။

အလုပ်များပြီး မအားလပ်တဲ့ကြားက ကိုယ်ယုံကြည်ရာအတွက် အမေ ရော အဖေကပါ အချိန်ပေးပြီး ဘာသာရေးလုပ်ကြပါတယ်။ ဒါပေမယ့် သိုက်ဆိုတာလည်း ယုံကြည်ပြီး ဒါတွေကိုအထင်ကြီးသူတွေထဲမှာပါတယ်။ အထူးသဖြင့် ဘိုးတော် ၊ မယ်တော် ဆိုတာတွေကို ပိုယုံပြီး ပိုပသလေ့ရှိတယ်။ မ မယ် ဆိုပြီး အိမ်က ပ သ တာတွေ မ မ သွားပေမယ့် မိဘတွေတိုင်တည်တဲ့ အခက်အခဲတွေ မပြေမလည်ရှိလေတိုင်း ဘိုးတော် ၊ မယ်တော် ဆိုတဲ့သူတွေကိုကော ဘယ်သိုက် ၊ ညာသိုက်က လာသူတွေဆိုသူတွေကိုပါ မယုံမကြည်ဖြစ်လာတယ်။ ကျွန်မက စပ်စပ်စုစု ၊ နှိုက်နှိုက်ချွတ်ချွတ် တောင်မေး ၊ မြောက်မေးမိရင် မမေးကောင်းဘူး ၊ ဒုက္ခရောက်လိမ့်မယ် ၊ ယုံယုံကြည်ကြည်ဆက်ဆံလို့ လူကြီးတွေဆိုလေတိုင်း ကျွန်မရဲ့ မယုံကြည်စိတ်ကို တွန်းအားဖြစ်စေခဲ့တယ်။

BurmeseHearts Blog

မိဘတွေဟာ မျိုးရိုးစဉ်ဆက်ခံယူလာခဲ့တဲ့ ဗုဒ္ဓဘာသာစစ်စစ်တွေပါ။ သူတို့တွေနဲ့ ဘာသာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခွင့် ၊ မေးမြန်းခွင့် ၊ အကြံပေးခွင့်ကျွန်မငယ်စဉ်က မရခဲ့ပါဘူး။ အပျိုအရွယ်မှာလည်း မရခဲ့ဘူး။ သူတို့နှစ်ဦးရဲ့သားသမီးမို့ သူတို့ယုံကြည်ရာနဲ့ သူတို့လုပ်စေချင်တာကို လိုက်ဖြည့်ဆည်းပေးခဲ့ရတာပါ။ ဒါကိုကလည်း မိမိကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအပေါ်ကို မယုံကြည်စိတ် ၊ ဒွိဟဖြစ်စိတ်တွေ ပိုဖြစ်လာခဲ့တယ်ဆိုရင် မှားမလားနော်။ ဘိုးတော် ၊ မယ်တော်ဆိုသူတွေ ညာစားနေတာ ၊ မြှောက်ပြောနေတာကို ကလေးဖြစ်တဲ့ ကျွန်မက ခံစားသိနေပေမယ့် လူကြီးတွေ မသိတော့ အခက်သားလား။

တကယ်ဆို ကျွန်မသိချင်တာက ဘာသာတရားရဲ့ အနှစ်ပါ။ ကျွန်မခံယူချက်က ဘာသာတရားတခုရဲ့ အနှစ်ဆိုတာ အပေါ်ယံအကာတွေ မပါဝင်သင့်ဘူးလို့ ယုံကြည်တာပါ။ ဥပမာ ချဲ့ကားလုပ်ရတာမျိုး ၊ ပကာသနတွေနဲ့ နွယ်နေတာမျိုး ၊ ဒွိဟတွေနဲ့ ရောယှက်နေတာမျိုး မဖြစ်သင့်ဘူးလေ။ ဘယ်အချိန်ဖြစ်ဖြစ် ရိုးရှင်းတဲ့ အဖြေကိုပဲပေးပြီး ဒွိဟမဖြစ်စေတဲ့အဖြေ ၊ ဂိုဏ်းကွဲစရာမရှိတဲ့ တခုတည်းသောရလဒ် ဒါမှ ဘာသာတရားရဲ့ အနှစ်လို့ ကျွန်မက သတ်မှတ်တယ်။ ဖန်ဆင်းရှင်ဆိုတာကို မယုံကြည်တာရော ၊ သဘောမတွေ့တာရောမို့ ဘာသာခြားတွေရဲ့ အယူကိုလေ့လာမှု ရပ်တန့်လိုက်ပြီး ကိုယ့်ဘာသာတရားရဲ့ အနှစ်ကို သိရှိအောင် ရှာဖွေချင်လာတယ်။

ပထမ အိမ်မှာရှိတဲ့ ပိဋကတ် ကျမ်းဂန်အထူကြီးတွေကို ဖတ်ဖို့ကြိုးစားကြည့်တယ်။ ဖတ်ရင်း ဖတ်ရင်း မျက်စိညောင်းပြီး အိပ်ချင်လာတာကများတယ်။ ကိုယ်နဲ့မကိုက်ညီသေးတဲ့စာအုပ်လို့ ယူဆပြီး တခြားသူတွေရေးထားတဲ့ စာအုပ်တွေကို ဝယ်ဖတ်ဖြစ်တယ်။ အဲဒီမှာသိလာတာက လူမတူရင် မူကွဲတယ် ဆိုတာပါပဲ။ ခေါင်းစဉ်တူမှာမှ ထပ်တူညီတဲ့ ရှင်းလင်းချက်တွေရှိသလို ဆင်တူရိုးမှား ရှင်းလင်းချက်တွေ ၊ လုံးဝကွဲပြားတဲ့ရှင်းလင်းချက်တွေနဲ့ ဆန့်ကျင်ဘက်ငြင်းဆန်ချက်တွေပါ ဖတ်လာရတော့ ပိုဒွိဟဖြစ်လာတယ်။

ဒီတော့ ဒီလိုဖတ်ရှုလေ့လာတာတွေကိုရပ်ပြီး တရားရှာ ကိုယ်မှာတွေ့ ဆိုတဲ့ စကားအတိုင်း မိမိကိုယ်မှာ တရားတွေ့အောင်ပဲရှာတော့မယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင့်ဆုံးအကျင့်ဖြစ်တဲ့ ဝိပဿ      နာတရားအားထုတ်ခြင်း တနည်းအားဖြင့် တရားမှတ်ခြင်း ဆိုတာကို စတင် စိတ်ဝင်စားလာခဲ့တယ်။

သြကာသ (Burmesehearts.com)

You might also like