လူမျိုးမတူတဲ့ အိမ်ထောင်ရေး

0

သူ့ကိုချစ်ရင် သူ့လူမျိုးနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း ချစ်ပါ။
သူ့ကိုချစ်ရင် သူ့လူမျိုးနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း ချစ်ပါ။

ချစ်သူရည်းစားတုန်းကတော့ လူမျိုးမတူလဲ ဘာအရေးလဲ ။ အချစ်သာ ပဓါနဖြစ်လို့နေတာပေါ့ ။ ရှေ့ဆက်လက်တွဲသွားမယ်လို့ ရည်ရွယ်ထားသူတွေက အဲဒီလိုအချစ်တွေ ဖုံးလွှမ်းနေတုန်းမှာ နောင်ရေးဆိုတာကို ဆွေးနွေးရပါမယ်။ သဘောတူညီချက်တွေကိုလည်း ရယူထားရပါမယ်။ ညှိနှိုင်းမှုတွေကိုလည်း ကြိုတင်ပြုထားရမှာဖြစ်ပါတယ်။ နှစ်ဦးတည်းဖြစ်နေတုန်း သမီးရည်းစားအဆင့်မှာ သဘောတူညီချက် ခိုင်ခိုင်မာမာ မချထားဘဲ လက်ထပ်လိုက်ရင် နောက်ပိုင်းကျ မတူညီတဲ့လူမျိုးတွေရဲ့ အတွေးအခေါ် ၊ အယူအဆ ၊ ဓလေ့ထုံးတမ်း ၊ ရှေးရိုးစွဲ ၊ ဘာသာဘာဝ စတာတွေဟာ အိမ်ထောင်ရေးမှာ ဒုက္ခပေးလာနိုင်ပါတယ်။

သမီးရည်းစားတုန်းကတော့ ကိုယ်တွေ နှစ်ယောက်တည်းပေါ့။ လက်ထပ်လိုက်ပြီဆိုတာနဲ့ သူ့ဘက် ကိုယ့်ဘက် အသိုင်းအဝန်း ပါလာပြီ။ ဒီကနေချဲ့ရင် ဆွေမျိုးညာတိ ၊ ပတ်ဝန်းကျင် ဆိုတာတွေကလည်း နှစ်ဖက်မှာ ပိုလာပြီလေ။ ဒီတော့ နှစ်ဦးလက်ထပ်လိုက်တာဟာ တကယ်ဆို နှစ်ဦးတည်း ပေါင်းသင်းလိုက်တာမဟုတ်ဘဲ အသိုင်းအဝန်း စပ်ဟပ်လိုက်တာမျိုးပါ။ ကိုယ်တွေနှစ်ဦးတည်းမှာတောင် သဘောတူညီချက် ခိုင်ခိုင်မာမာ မချထားတဲ့အခါ မတူညီတဲ့လူမျိုးတွေရဲ့ အတွေးအခေါ် ၊ အယူအဆ ၊ ဓလေ့ထုံးတမ်း ၊ ရှေးရိုးစွဲ ၊ ဘာသာဘာဝ စတာတွေ ဝင်လာရင် ဘယ်လိုရှိမှာလဲ။

မတူညီတဲ့လူမျိုးဆိုတာ မြန်မာတိုင်းရင်းသားအချင်း အိမ်ထောင်ပြုတာအပြင် မြန်မာနဲ့ တရုတ် ၊ တရုတ်နဲ့ကုလား ၊ ကုလားနဲ့မြန်မာတွေ အပါအဝင် အခြားလူမျိုးခြား ၊ နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ပြုသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

လူမျိုးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ဘာသာစကား ၊ ယုံကြည်မှု ၊ ရိုးရာထုံးထမ်း ၊ အယူအဆ ၊ ဝတ်စားနေထိုင်ပုံ ၊ ယဉ်ကျေးမှု စတာတွေလည်း ရှိလို့နေပါတယ်။ ဒါတွေကို မယူခင်ကတည်းက ကိုယ်လက်ခံနိုင်ခြင်း ရှိ မရှိ ကြိုတင်လေ့လာရမှာ ဖြစ်ပါတယ်။ ယူပြီးတဲ့နောက်မှ လက်မခံနိုင်ရင် ဘယ်လိုရှေ့ဆက်မလဲ ။ ကိုယ်နဲ့မတူတဲ့ သူတို့လူမျိုးတွေရဲ့ အယူအဆ ၊ ရိုးရာဓလေ့နဲ့ ယုံကြည်မှု စတာတွေကို မယူခင် ထဲထဲဝင်ဝင် လေ့လာထားပါမှ သူနဲ့ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအခက်အခဲမျိုး ရင်ဆိုင်ရနိုင်တယ်ဆိုတာ ကြိုတွေးမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတောင်မှ လာမယ့် အခက်အခဲအကုန်ကို ကြိုမသိနိုင်ပါဘူး။ ယူပြီးတော့မှ ကိုယ်မသိသေးတဲ့အရာတွေလည်း ထပ်ပေါ်လာနိုင်ပါသေးတယ်။
BurmeseHearts Blog

ကိုယ့်လူမျိုး အယူအဆ ၊ အတွေးအခေါ် ၊ ယုံကြည်မှု ၊ ဓလေ့ထုံးတမ်း စတာတွေနဲ့မတူလို့ဆိုပြီး ဟာသလုပ် လှောင်ပြောင်စရာ မရှိပါဘူး။ မတူတဲ့အရာတွေကို လေးစားမှုပြသနိုင်ရပါမယ်။ သူ့ကိုချစ်ရင် သူ့လူမျိုးကိုလည်း ချစ်နိုင်အောင် ကြိုးစားရမှာပါ။ ဒါ့အပြင် သူ့လူမျိုးတွေရဲ့ အတွေးအခေါ် ၊ အယူအဆ ၊ ဓလေ့ထုံးတမ်း ၊ ရှေးရိုးစွဲ ၊ ဘာသာဘာဝ စတာတွေကိုလည်း နားလည်မှုပေးရမှာဖြစ်ပါတယ်။ နားလည်မှုမပေးနိုင်ဘူးလား ။ ဒါဆိုရင် အိမ်ထောင်ရေး ခြေလှမ်းမကျွံခင်ကတည်းက နောက်ဆုတ်လိုက်ပါ။ အိမ်ထောင်ပျက်ဆိုတဲ့ နာမည်မည်းကြီးကနေ ရှောင်လွှဲနိုင်တာပေါ့။

ချစ်တာပဲသိတယ်။ နောင်လာမှ နောင်ရှင်းဆိုသူတွေအတွက်ကတော့ ထူးပြီး ပြောစရာမရှိပါဘူး။ နောင်သဘောထားမတိုက်ဆိုင်မှုတွေ ၊ ကြုံလာမယ့် လူမှုရေး ပဋိပက္ခတွေဟာ ဘယ်သူတွေက ဘယ်လိုလာလုပ်လို့ ဖြစ်ရတယ်ဆိုတာထက် ကိုယ်တိုင်က မျက်တောင်တဆုံးကိုပဲကြည့်ပြီး ဆုံးဖြတ်ခဲ့လို့ပါ။ အနာဂါတ်ဆိုတဲ့ မျက်စိတဆုံးကို မျှော်ကြည့်ခဲ့ရင်တောင်မှ အဲဒီ မျက်စိတဆုံးရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ အခက်အခဲတွေလည်း ကျန်ပါသေးတယ်။

ကလေးမရခင်တုန်းကတော့ လူမျိုး ၊ ဘာသာမတူပေမယ့် အိမ်ထောင်ရေးအဆင်ပြေသား ၊ ကလေးရပြီးမှ အိမ်ထောင်ရေး ပဋိပက္ခပေါ်လာတာတွေလည်း ရှိပါတယ်။ ကိုယ်တွေ နှစ်ယောက်တုန်းကတော့ အိမ်ထောင်ရေးမှာ သည်းခံနိုင်သား။ ကလေးရလာတော့ ကလေးကို  ကိုယ့်လူမျိုးရဲ့ဘာသာ ၊ ကိုယ့်လူမျိုးရဲ့ထုံးတမ်း ၊ ကိုယ့်လူမျိုးရဲ့ အယူအဆတွေ ၊ ယဉ်ကျေးမှုတွေ သွတ်သွင်းမယ်ဆိုရင် သူကလည်း ၊ သူ့မိသားစုဘက်ကလည်း သူတို့လူမျိုးတွေရဲ့ အတွေးအခေါ် ၊ အယူအဆ ၊ ဓလေ့ထုံးတမ်း စတာတွေကို သွတ်သွင်းလာမှာဖြစ်ပါတယ်။ အဲဒီတော့ မတူတာတွေ ညှိယူနိုင်မှုမရှိတော့ဘဲ ကလေးကြောင့် အိမ်ထောင်ရေးပဋိပက္ခ ပေါ်လာတာတွေလည်း ရှိပါတယ်။

ဒါကြောင်မို့လို့ လူမျိုးမတူတဲ့သူကို ချစ်ကြိုက်မိသူတွေဟာ ကလေးရလာရင်ဆိုတာကိုလည်း မယူခင်ကတည်းက ကြိုပြီးပြောဆို ညှိနှိုင်းလို့ သဘောတူညီမှု ခိုင်ခိုင်မာမာရလာပါမှ ရှေ့ဆက်စဉ်းစားလုပ်ကိုင်ကြတာ အကောင်းဆုံးပါ။ ဒါ့အပြင် လူမျိုး ၊ ဘာသာ မတူသူတွေနဲ့ ချစ်ကြိုက်သူတွေဟာ အိမ်ထောင်မပြုခင်မှာကတည်းက ဖြစ်လာနိုင်တဲ့ သဘောမတူညီမှု အထွေထွေကို ကြိုတင်စဉ်းစားတွေးခေါ်ထားရပါမယ်။ ညှိထားနိုင်လေ ၊ သဘောတူညီမှု ခိုင်ခိုင်မာမာ ယူထားနိုင်လေ အိမ်ထောင်ရေးပဋ္ဋိပက္ခနည်းလေ ဖြစ်လာမှာပါ။ နောက်တဆင့်ကတော့ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုရယူရမှာ ဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like