မီးဖွားခြင်း အတွေ့အကြုံ

0

ကိုယ်ဝန် (၃၄)ပတ်လောက်မှာ ကျွန်မတို့ အိမ်ပြောင်းရွှေ့ဖို့ဖြစ်လာတော့ အလုပ်တဖက်နဲ့ မအားမလပ်တဲ့ ခင်ပွန်းသက်သာရာ သက်သာကြောင်း အိမ်မှာတစ်ယောက်တည်းရှိနေတဲ့ကျွန်မက ခင်ပွန်းတားထားတဲ့ကြားက ထုပ်ပိုးပြင်ဆင်တာတွေ တနေကုန် ကုန်းလိုက် ၊ ကွလိုက် ၊ လိုအပ်ရင် မလိုက်နဲ့ ထုပ်ပိုးလိုက် ၊ ပြောင်းပြီးတော့လည်း ပစ္စည်းတွေ နေရာချလိုက် လုပ်ခဲ့တဲ့အတွက် ကိုယ်ဝန်(၃၅)ပတ်ထဲ တညမှာ ရေအိမ်ပဲ ထပ်ခါ ၊ ထပ်ခါ ဝင်ထိုင်နေရတော့တယ်။

ည(၁၂)နာရီအချိန်ကြီး ရေအိမ်မှာ မထတမ်း (ဝမ်းညှစ်တာမဟုတ်ဘဲ) ထိုင်ညှစ်နေရမှကျေနပ်နေတဲ့ ကျွန်မကို မူမမှန်ဘူးဆိုပြီး ခင်ပွန်းက ဆေးရုံခေါ်သွားပါတယ်။ ဆေးရုံရောက်တော့ စက်တွေနဲ့တပ်ပြီး သေချာစမ်းသပ်တော့ ကလေးမွေးချင်လို့ ဗိုက်နာတာ (သားအိမ်က ညှစ်အားပေးနေတာ) ဖြစ်နေတယ်။

ဒီတော့ စောင့်ကြည့်အနေအထားနဲ့ ကျွန်မကိုထားပြီး လိုအပ်ရင် ဆေးရုံတက်ဖို့ သဘောတူကြောင်း ဝန်ခံချက်ထိုးခိုင်းတယ်။ ဘာကြောင့် ဆေးရုံတက်ရမှာလဲမေးကြည့်တော့ သူတို့အယူအဆက ကိုယ်ဝန်(၃၇)ပတ်မပြည့်ခင် မွေးလာတဲ့ကလေးဟာ နေ့မစေ့ ၊ လမစေ့ မွေးလာတဲ့ကလေးမို့ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘူး။ ဒါကြောင့် ရောဂါတွေဝင်နိုင်တာမို့ ညှစ်အားပေးနေပြီး အပြင်ထွက်လာဖို့ တာဆူနေတဲ့တဲ့ကလေးကို ဗိုက်ထဲမှာ ကိုယ်ဝန်(၃၇)ပတ်အထိ အနည်းဆုံး အချိန်ဆွဲထားနိုင်ဖို့ ကုသမှုတွေလိုအပ်ရင် ဆေးရုံတက်ပြီး ခံယူရမယ်ပေါ့။

ခပ်စောစော ဆေးရုံတက်ပြီး ဆေးရုံပေါ်မှာ မနေချင်တာကြောင့် စက်တွေနဲ့ ကိုယ်တစ်ယောက်တည်းရှိတဲ့ အထူးသီးသန့်ခန်းထဲမှာ ခင်ပွန်းတောင်ဝင်လို့မရခဲ့ဘဲနေရချိန် ကလေးကို ဗိုက်ကလေးပွတ်လို့ အခြေအနေပြောပြပြီး ထွက်လာဖို့ အချိန်မတန်သေးကြောင်း အရူးလိုတတွတ်တွတ် ရှင်းပြနေမိတယ်။ အဲဒီအခြေအနေနဲ့ (၅)နာရီနီးပါးနေခဲ့ပြီးတဲ့နောက် သားအိမ်က ညှစ်အားမပေးတော့လို့ ဆေးရုံမတက်လိုက်ရဘူး။

ကိုယ်ဝန်(၃၉)ပတ်ထဲမှာ ဆရာဝန်နဲ့ချိန်းဆိုထားတဲ့ ရက်မတိုင်မီ အရင်လို ဗိုက်နာလာပါလေရော ။ ဒီတစ်ခါ ပိုနာတယ်။ အိပ်ယာပေါ်မှာ လှဲနေရတဲ့အဆင့် ဖြစ်နေခဲ့တာ။ လုံးဝမခံစားနိုင်မှ ဆေးရုံသွားမယ်ပေါ့။ မနက်ဖန် ဆရာဝန်နဲ့ ချိန်းထားတယ်ဆိုပေမယ့် ဒီနေ့မှာ အတော့်ကိုဆိုးဆိုးဝါးဝါး တနေကုန်နာခဲ့တာ။ ဆရာဝန်နဲ့ချိန်းတဲ့နေ့ရောက်တော့ အဲဒီအကြောင်းပြောပြ ၊ စစ်ဆေးဖြစ်တော့ သားအိမ်က (၂)စင်တီမီတာစွန်းစွန်း ပွင့်နေလို့ သားအိမ်ညှစ်အားပေးနေတာလို့ သိရတယ်။ မွေးချင်ရင် မွေးလို့ရပြီ ။ မွေးခွင့်ပြုတယ်တဲ့။

နဂိုကတည်းက ဆေးရုံတက်ဖို့ စာရင်းပေးပြီးသား ။ ဆရာဝန်ရဲ့ရက်ချိန်းပဲ စောင့်နေတာ ၊ ဆရာဝန်ကလည်း အချိန်မရွေးမွေးလို့ရပြီလို့ မီးစိမ်းပြလိုက်တော့ မနက်ဖန်မနက်(၇)နာရီမှာ ဆေးရုံတက်မွေးဖို့ သေချာသွားရော။ ဆေးရုံမှာ ဆရာဝန်ကြီးနဲ့ပြသ ၊ ဆေးရုံတက်ဖို့ စာရွက်စာတမ်းနဲ့ရက်ချိန်း ပေးသွင်းပြီးတော့ ကျွန်မဆိုတာ တခါမှမခံစားဖူးတဲ့ ရင်ခုန်ခြင်းတွေနဲ့ပေါ့။ (၃၉)ပတ်ကာလလုံး ဗိုက်ထဲလွယ်ထားခဲ့တဲ့ ကလေးမျက်နှာကို မနက်ဖန်ဆို တွေ့ရတော့မှာမဟုတ်လား။ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းသလဲ။

အိမ်ပြန်ရောက်ပေမယ့် မနက်ဖန်မနက် မွေးရလွယ်အောင်ဆိုပြီး ခင်ပွန်းနဲ့စကားတပြောပြော ၊ ရင်တခုန်ခုန်နဲ့ နှစ်နာရီနီးပါးလောက်ကို ပန်းခြံထဲ လမ်းတွေပတ်လျှောက်ကြတာပေါ့။ အောက်ကပုံက ကျွန်မရဲ့ ကိုယ်ဝန်နောက်ဆုံးလွယ်ရတဲ့ ညနေစောင်းမှာ လမ်းလျှောက်ရင်းရိုက်ထားပုံပါ။

ကိုယ်ဝန်နောက်ဆုံးညနေ

ကံကြမ္မာအလှည့်အပြောင်းများ ညနေတုန်းကအကောင်း ညပိုင်းရောက်တော့ အတွင်းခံမှာ ရေနွေးနွေးလေး ဆင်းလာသလို ခံစားရပြီး ရေဆင်းတာသေချာတာနဲ့ ရေမြွာရေပဲ ဖြစ်မယ်ဆိုပြီး ည(၁၁)နာရီလောက်မှာ ဆေးရုံပြေးရပါလေရော။

ဟိုရောက်လို့ စမ်းသပ်တော့ ကလေးက နှလုံးခုန်တာ ပုံမှန်မဟုတ်တော့ဘူး။ ခုန်လိုက် ၊ မခုန်လိုက် ဖြစ်နေတော့ ဆေးရုံတက်ဖို့စရံတွေနဲ့ ဘာစာရွက်စာတမ်းကိုမှ မပေးလိုက်ရဘဲ ရေးကြီးသုတ်ပြာ ဆေးရုံမှာ အရေးပေါ်ကုသမှုပေးဖို့ ရှုပ်ယှက်ခတ်သွားကြတယ်။ (ဒီစင်္ကာပူဆေးရုံတွေက မိခင်ရောကလေးပါ အသက်ရှင်ဖို့ကို ဆေးရုံမှာ ငွေသွင်းဖို့ ၊ စာရွက်စာတမ်းတွေ ဖြည့်သွင်းပေးသွားဖို့ထက် ပိုအလေးထားတယ်။) ကျွန်မရော ၊ ခင်ပွန်းရော စိုးရိမ်ကြတာပေါ့။ သိပ်မကြာခင် ကလေးက ပုံမှန်ဖြစ်သွားတော့ မနက်(၂)နာရီနီးပါး ဖြစ်သွားတယ်။

သီးသန့်မွေးခန်းထဲဝင်တော့ ခင်ပွန်းဟာ အဝတ်လဲစရာမလိုသလို တခုခုထပ်ပြီးဝတ်စရာလည်းမလိုဘူး။ စီးလာတဲ့ဖိနပ်ချွတ်ပြီး သူတို့ပေးတဲ့ (ပိုးသတ်ထားတဲ့)ဖိနပ်ကို ကျွန်မတို့နှစ်ယောက်လုံး စီးရတယ်။ ကျွန်မကတော့ ကိုယ်ဝတ်လာတဲ့အဝတ်အစားချွတ်ပြီး ဆေးရုံကပေးတဲ့အင်္ကျီဝတ်ရတယ်။

မနက်(၇)နာရီမှာ ဆေးရုံတက်မွေးဖွားဖို့ စာရင်းရှိပြီးသားလူနာဖြစ်တဲ့ကျွန်မကို မထူးဘူးဆိုပြီး ကလေးအခြေအနေကြောင့် တာဝန်ကျဆရာဝန်က ရေမြွာဖောက်လိုက်တယ်။ ဗိုက်ပေါ်မှာကပ်ထားတဲ့ ပိုက်တွေနဲ့ အနားကစက်တွေကြောင့် ထမကြည့်နိုင် ၊ မမြင်ရပေမယ့် ခပ်နွေးနွေးရေတွေ ဆင်းနေတာကို  ခံစားသိနေတယ်။

ကျွန်မရဲ့  ပုံဖော်ဆေးဆိုးထားတဲ့ လက်သည်းရှည်တွေကို ဘယ်သူကမှ လာမညှပ်ခိုင်းခဲ့ဘူး။ မွေးကင်းစကလေးကို ခြစ်မိမှာစိုးလို့သာ ကျွန်မတောင်းဆိုချက်ကြောင့် ခင်ပွန်းက မွေးကုတင်ပေါ်မှာတင် ညှပ်ပေးတယ်။ လက်သည်းမညှပ်ခဲ့လို့ ၊ မွေးခန်းထဲ လက်သည်းညှပ်နေလို့ဆိုပြီး ဘယ်သူမှ လာဆူငေါက်တာမျိုးမရှိဘူး။ ဒါတောင် စင်္ကာပူအစိုးရဆေးရုံမှာ ကျွန်မတက်မွေးတာနော်။ ပုဂ္ဂလိကဆေးရုံက ဆက်ဆံရေးမဟုတ်ပါဘူး။ ကျွန်မကလည်း စင်္ကာပူနဲ့မြန်မာ ဒီလိုခြားနားတယ်ဆိုတာ ကိုယ်တွေ့ခံစားချင်လို့ တမင်ကိုမညှပ်ဘဲထားခဲ့တာ။ မြန်မာနိုင်ငံမှာတော့ လူနာကို ဘယ်လိုဆက်ဆံတတ်တယ်ဆိုတာ ကိုယ်သိပြီးသားလေ။

မွေးခန်းထဲ ဓါတ်ပုံ ၊ ဗွီဒီယိုပေးရိုက်တယ် ။ ကိုယ့်အပူနဲ့ ဗိုက်နာနေတော့ အသေးစိတ် မရိုက်နိုင်အားတာ။ ဆင်းသမျှ ရေတွေ ၊ သွေးတွေကို Remote ကနေ ခေါ်လိုက်ရင်ပဲဖြစ်ဖြစ်၊ မခေါ်လဲ သူတို့အချိန်နဲ့သူတို့ လဲသင့်တဲ့အချိန်ရောက်တိုင်း နာ့စ်က အောက်ခံ Mat လာလဲပေးတယ်။ လူနာနဲ့ လူနာရှင်ကို ဟိန်းဟောက်ဖို့ နေနေသာသာ သူ့တာဝန်အတိုင်း ချိုချိုသာသာဝန်ဆောင်မှု အပြည့်အဝပေးတယ်။

ကျွန်မဟာ ဗိုက်နာတဲ့ဒဏ်မခံနိုင်လို့ ဗိုက်နာသက်သာနိုင်ဖို့ သူတို့ပေးတဲ့ Entonox လို့ခေါ်တဲ့ ဂက်စ်ကို နာလာလိုက် ရှူလိုက်လုပ်နေတုန်း သတိမေ့သွားခဲ့တယ်။ မွန်းလွဲ(၁)နာရီ ဆရာဝန်ကြီးနဲ့ ဗိုက်ပြဖို့ချိန်းထားကတည်းက စိတ်လှုပ်ရှားသွားခဲ့တာမို့ ဘာအစာမှ ဖြစ်ဖြစ်မြောက်မြောက်မစားဖြစ်ခဲ့တဲ့ကျွန်မ သတိမေ့မသွားခင်အချိန်မှာ အစာတွေ ၊ အရည်တွေ အန်ခဲ့တယ်။ သဘာဝအတိုင်းပဲ မီးဖွားမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ကျွန်မက ဗိုက်နာသက်သာအောင် ကျောရိုးကနေ ထိုးသုံးရတဲ့ (Epidual) ကို တမင်မသုံးခဲ့တာပါ။ ကျွန်မသတိမေ့သွားပြီးတော့ အခြေအနေအကြောင်းတွေကြောင့် အောက်ဆီဂျင်ပေးထားရတဲ့ကျွန်မကို (Epidual) ပေးရတယ်။

မီးဖွားစဉ်အတွင်း သတိမေ့သွားတဲ့ကျွန်မ
အသိမဲ့နေတဲ့ ကျွန်မ (သေခြင်းနဲ့ လက်တကမ်းအကွာမှာပါ။)

အစပိုင်းမှာ ကျွန်မက အဲဒါသုံးဖို့ လက်မခံခဲ့တာက Epidual သုံးရင် နောက်ပိုင်းမှာ ခါးနာတဲ့ ဝေဒနာကို တချို့လူနာတွေ ခံစားရနိုင်တယ်ဆိုလို့ပါ။ တကယ်လည်း မွေးပြီးနောက် ခါးမကုန်းနိုင်အောင်ကို ခံစားခဲ့ရပါတယ်။ မွေးပြီးလအနည်းငယ်အထိ ခ့းကတချက်ချက် စူးထိုးပြီးနာတဲ့ အဲဒီဒဏ်ကို ခံစားခဲ့ရပါတယ်။

ယောက်ျားဖောင်စီး ၊ မိန်းမ မီးနေ ဆိုသလို မီးဖွားနေတဲ့မိခင်ဟာ အခန့်မသင့်ရင် သေနိုင်ပါတယ်။ သဘာဝနည်းအတိုင်း မွေးဖွားတဲ့မိခင်ရဲ့ နာကျင်မှုကတော့ ဘယ်လိုဝေဒနာမျိုးနဲ့မှ မဖော်ပြနိုင်အောင်ပါပဲ။ မီးဖွားတဲ့မိခင်တွေဟာ မရဏခံတွင်းဝမှာ လျှောက်နေသူတွေဖြစ်တယ်လို့ ကျွန်မဆိုချင်ပါတယ်။

ကျွန်မက စင်္ကာပူနိုင်ငံက (KK Women and Children)ဆေးရုံကြီးမှာ ကိုယ်ဝန်အပ်ပြီး ကိုယ်အပ်ထားတဲ့ ဆရာဝန်ကြီးနဲ့ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like