မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနှင့် ကြင်ဖော်စစ်အားရှာဖွေခြင်း

0

ကျွန်မငယ်ငယ်က တခြားကလေးအများစုနည်းတူ မြန်မာဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာမို့ ကြောက်ရတဲ့သူများတယ်။ မိသားစုထဲမှာအငယ်ဆုံးလည်းဖြစ်နေတော့ အကြီးတွေမှန်သမျှကို ကြောက်ခဲ့ရတယ်။ နိုင်စားခံခဲ့ရတယ်။ ကျောင်းမနေခင်ကတည်းက အိမ်မှာ ဒီလိုကြီးပြင်းလာရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာမရှိဘဲ ကျောင်းပညာရေးဘက် ရောက်လာခဲ့တယ်။ အတန်းဖော်တချို့ရဲ့ ယုံကြည်မှုရှိရှိ နေထိုင်ပြောဆိုနေတတ်တာကို စိတ်ထဲက ကျိတ်လေးစားခဲ့ပေမယ့် ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ ဘယ်လိုတည်ဆောက်ရမယ်မှန်း မသိဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာ အတန်းထဲမှာ ပထမရတာနဲ့ မဆိုင်ပါဘူး။ ကျွန်မအတန်းထဲမှာ အဆင့်(၁) ဗိုလ်စွဲခဲ့တဲ့ ကာလတုန်းကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခဲ့သလို အဆင့်ကျနေတုန်းကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပါဘူး။ အဆင့်ကောင်းရင် ငါဒီအဆင့်ရအောင် လုပ်နိုင်တယ်လို့ စိတ်တက်လာတာမှန်ပေမယ့် ကိုယ့်ကိုယ်ကို (ကိုယ့်အရည်အချင်းကိုယ်)ယုံကြည်တဲ့ စိတ်စွမ်းအားမရှိခဲ့ပါဘူး။ နောက်တဆင့်မှာ အားငယ်တတ်ခဲ့တာပေါ့။

ယှဉ်ပြိုင်ရစတမ်းဖြစ်လာရင် အရှုံးမခံချင်စိတ်ကြောင့် ကြိုးစားနေရပေမယ့် ငါနိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်ရယ် ၊ ငါမနိုင်လောက်ဘူးဆိုတဲ့ အားငယ်စိတ်ရယ် တပြိုင်တည်း ဖြစ်ပေါ်နေတတ်ခဲ့ပါတယ်။ ဒါကြောင့် အတန်းထဲမှာ စာတော်တိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့သူ မဖြစ်နိုင်ဘူးလို့ ပြောတာပါ။ မိဘတွေဟာ ကိုယ့်သားသမီးစာတော်ရုံနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်အဝရှိတယ်လို့ ထင်နေရင်မှားပါတယ်။ ကလေး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာ မိဘလုပ်တဲ့သူက ကလေးကို လေ့ကျင့်ပျိုးထောင်ပေးရတာပါ။ လူကြီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာကတော့ ကိုယ့်ကိုယ်ကို လေ့ကျင့် ပျိုးထောင်ရတာပါ။

ကိုယ်တိုင်က မိသားစုအသိုင်းအဝန်းမှာ အကြောက်တရားနဲ့ (စိတ်ပိုင်းဆိုင်ရာမှာ) သိမ်ငယ်စွာ ကြီးပြင်းခဲ့ရတော့ ကိုယ့်မိသားစုကလေးရှိလာရင် ဟိုးမွေးကင်းစကလေးဖြစ်လင့်ကစား သူ့ဆန္ဒကို လေးစားမှုပေးမယ် ၊ ကိုယ့်လိုပဲ ဒီသဘောထားရှိတဲ့ အိမ်ထောင်ဘက်ကိုပဲ ရွေးယူမယ်လို့တော့ အပျိုဖော်ဝင်ကတည်းက သန္ဓိဠာန်ချထားခဲ့တယ်။ အဲတုန်းက ရည်းစားဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်း မသိခဲ့သေးပါဘူး။ ဆိုလိုတာက ရည်းစားမထားခင်ကတည်းက ဒီလိုမျိုး စိတ်ပိုင်းဖြတ်ထားလို့ ရတယ်လို့ပြောတာပါ။

ကိုယ်ဘာလိုချင်တာ ခိုင်ခိုင်မာမာ သိထားရင် ကိုယ်လိုချင်တာကို ရရှိဖို့ရှာဖွေရမှာပေါ့။ ဒီမှာ ခံစားချက်နောက် ကောက်ကောက်ပါအောင် လိုက်ပါသွားရင်တော့ တကယ်လိုချင်တာနဲ့ ရနေတာ လွဲမှားကောင်း လွဲမှားပြီး ရလဒ်ဟာလည်း လွဲမှားနိုင်ပါတယ်။ ဒါကြောင့် ငါနဲ့ထိုက်တန်တဲ့သူပဲ ငါယူမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရပါမယ်။ ငါလိုချင်တဲ့အိမ်ထောင်ဖက်မျိုး ခုခေတ်ထဲ မရှိတော့ပါဘူးလေလို့ အားလျော့လိုက်တဲ့တနေ့မှာ ယုံကြည်ချက်ဟာပျောက်သွားပြီး နီးစပ်ရာနဲ့ စိတ်ပါသွားတဲ့အခါ မှန်းတာတမျိုး ၊ ဖြစ်တာတမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုအိမ်ထောင်ဘက်မျိုးဆိုတာကလည်း သူများတကာတွေနဲ့ ထူးထူးခြားခြား မြင်သာအောင် ခေါင်းမှာချိုပေါက်နေတာမဟုတ်တော့ ရွေးရခက်ပါတယ်။ ကောင်းမယ်ထင်လို့ သမီးရည်းစားအဖြစ် လက်ခံထားတဲ့အချိန်မှာ အချိုးပြောင်းလာတာတွေ တွေ့ရတယ်။

BurmeseHearts Blog

မယူခင်ကတောင် ဒီလောက်နိုင်စားပြီး ဒီလောက်မောက်မာတာမျိုး ၊ ဒီလောက်အတ္တကြီးတာမျိုး ၊ ဒီလိုအမူအကျင့်မျိုးလုပ်နေပြီဆို ယူများယူပြီးခဲ့ရင် ၊ ကလေးတွေရလာခဲ့ရင် ၊ မလှမပ ပုံပျက်လာခဲ့ပြီဆိုရင် ၊ အိုလာ နာလာပြီဆိုရင် ဘယ်လိုရှိမှာပါလိမ့်လို့သိအောင် လက်ထပ်ပေါင်းကြည့်စရာမလိုပါဘူး။ တွေးမျှော်ကြည့်ရုံနဲ့ သိနိုင်ပြီ။

ကြင်ဖော်စစ်ဆိုတာဟာ ကိုယ့်ကို တသက်တာ နည်းလည်မှုပေးနိုင်သူဖြစ်တယ်။ စိတ်အားငယ်နေတဲ့ကိုယ့်ကို အားပေးတတ်သူဖြစ်တယ်။ နွမ်းနယ်နေတဲ့ကိုယ့်ကို ဖြေသိမ့်ပေးတတ်သူဖြစ်တယ်။ ဆုံးရှုံးမှုတွေကြုံလာရင် အတူလက်တွဲပြီး ကိုယ့်နားမှာ ကြံ့ကြံ့ခံ ရပ်တည်ပေးတတ်တယ်။ ကိုယ့်လုပ်ရပ် သူကိုယ်တိုင်မနှစ်သက်ဦးတော့ ကိုယ့်ဂုဏ်သိက္ခာအတွက် ကာကွယ်ပေးတတ်သူဖြစ်တယ်။ ရဲဘော်ရဲဘက်စိတ်ရှိပြီး သာတူညီမျှစိတ်မျိုးထားတယ်။ ကိုယ်ဆန္ဒရှိရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားတယ်။ ကိုယ့်အမှားတွေကို ခွင့်လွှတ်သည်းခံတတ်သူဖြစ်တယ်။ ငဲ့ညှာထောက်ထားမှု အပြည့်ရှိတယ်။ အေးအတူပူအမျှစိတ်ထားပြီး သာတဲ့အချိန်ပဲဖြစ်ဖြစ် ၊ နာတဲ့အချိန်ပဲဖြစ်ဖြစ် ကိုယ်နဲ့ မျှဝေခံစားလိုသူဖြစ်တယ်။ ကိုယ့်လက်ကလေးတွဲ ၊ ကိုယ်ပုခုံးလေးဖက်ပြီး လျှောက်ဖို့ဆိုရင် ဇရာဝင်ဦးတော့ ကြည်နူးမှုအပြည့်နဲ့ အတူလျှောက်လှမ်းဖို့ အဆင်သင့်ရှိနေတတ်သူဖြစ်တယ်။ ဒီလိုလူမျိုးနဲ့ ဖူးစာဆုံဖို့ဆိုတာ ရေစက်လည်းပါလာဦးမှလို့ ဆိုကြမှာပေါ့။

တကယ်တော့ ဖူးစာရေစက်ဆိုတာ နှစ်ဦးနှစ်ဖက် လက်ထပ်ပေါင်းသင်းမိပါမှ အထမြောက်တယ်လို့လည်း ကျွန်မက ယုံကြည်ပါတယ်။ လက်ထပ်မပေါင်းသင်းသရွေ့ ကိုယ့်မှာရွေးချယ်ခွင့်ဆိုတာ ရှိသေးတယ်။ တလင်တမယားစနစ်ပဲ သွားလိုတဲ့အတွက် လက်ထပ်ပြီးမှ ၊ ကလေးတွေရပြီးမှ ကွဲမှာ ၊ ကွာမှာမျိုးလည်း ဖြစ်နိုင်ရင် မလိုချင်ပါဘူး။ ကျွန်မလိုပဲ မိန်းမသားတိုင်း ဒီလိုခံယူချက်ရှိမယ်ထင်ပါတယ်။ ဒီလိုခံယူချက်ရှိတဲ့ အမျိုးသမီးတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက်ကို သတိကြီးကြီးနဲ့ ရွေးချယ်ဖို့လိုပါတယ်။

ရတု (Burmesehearts.com)

You might also like